ထိုင်ဝမ်ရဲ့ ဂုဏ်သိက္ခာ အကြီးဆုံး ရုပ်ရှင်ဆုပေးပွဲမှာတော့ စွယ်စုံရ ဝါရင့်မင်းသမီး ရှုကျီက လူသစ်တန်း ဒါရိုက်တာဆုကို ဆွတ်ခူး ရရှိသွားခဲ့ပါတယ်။
တစ်ချိန်က မြန်မာပရိသတ်တွေကြားမှာ ဂျက်မလို့ လူသိများခဲ့ပြီး အခုအခါ အသက် ၅၀ ရှိနေပြီဖြစ်တဲ့ ရှုူကျီဟာ နိုဝင်ဘာ ၂၂ ရက်နေ့တုန်းက ကျင်းပတဲ့ Golden Horse ဆုပေးပွဲမှာ သူ့ရဲ့ ဒါရိုက်တာဘဝ ပွဲဦးထွက်လာရာဖြစ်တဲ့ Girl ဇာတ်ကားအတွက် လူသစ်တန်း ဒါရိုက်တာဆုကို ချီးမြှင့် ခံခဲ့ရတာ ဖြစ်ပါတယ်။
စိတ်လှုပ်ရှားနေဟန်ရှိတဲ့ ရှုကျီဟာ စင်မြင့်ထက်မှာ မျက်ရည်တွေနဲ့ ဆုလက်ခံယူရင်း ကျေးဇူးတင်စကား ပြောခဲ့ရာမှာ သူ့ကို ဒါရိုက်တာ ပညာတွေ သင်ကြားပေးခဲ့သလို စိတ်ပိုင်းဆိုင်ရာ တွန်းအားပေး ကူညီခဲ့သူ လက်ဦးဆရာ ဟိုရှောင်ရှန်ကို ကျေးဇူး အထူးတင်ရှိကြောင်း ပြောကြားသွားခဲ့ပါတယ်။ Girlကို ဖြစ်မြောက်အောင် ရိုက်ကူးဖို့ ဟိုက အလေးအနက် တိုက်တွန်းခဲ့ကြောင်း၊ ဟိုရဲ့ အားပေးမှုတွေသာ မရှိရင် ဒီရုပ်ရှင်ကို အဆုံးထိ သူရိုက်နိုင်ခဲ့မယ် မထင်ကြောင်း ရှုကျီက ဆိုပါတယ်။
ပြီးတော့ သရုပ်ဆောင် ဘဝမှာ နှစ် ၃၀ လောက် ကျင်လည်နေခဲ့သူ တစ်ယောက်က ရုတ်တရက် ဒါရိုက်တာ နယ်ပယ်ထဲ ဝင်ရောက်လာခဲ့ပြီး ဆုရသွားတဲ့အခါ အချိန်အများကြီး ပေးပြီး ကြိုးစားနေတဲ့ တက်သစ်စ ဒါရိုက်တာတွေကို အားနာစိတ် ဖြစ်မိကြောင်းလည်း သူက ဖွင့်ဟခဲ့ပါတယ်။

Public Service Announcement
Girl ရုပ်ရှင်ဟာ ရှုကျီရဲ့ ငယ်ဘဝတုန်းက ဖြတ်သန်းတွေ့ကြုံခဲ့တဲ့ အခြေအနေ တချို့ကိုပါ ထည့်သွင်းပြီး ၂၀၁၁ က စတင်ရေးသားတဲ့ ဇာတ်ညွှန်းကို အခြေခံ ရိုက်ကူးထားတာပါ။ မူရင်းဇာတ်ညွှန်းကို ၁၀ နှစ်လောက် အကြိမ်ကြိမ် ပြန်လည် ပြင်ဆင်မှုတွေ လုပ်ခဲ့ပြီးတော့မှသာ ရုပ်ရှင်အဖြစ် စတင် အသက်သွင်းခဲ့တာလည်း ဖြစ်ပါတယ်။
ရှုကျီအတွက် ပထမဆုံး ဒါရိုက်တာလက်ရာ ဆိုပေမယ့်လည်း Girlဟာ ၂၀၂၅ ခုနှစ် ဗင်းနစ် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ အမြင့်ဆုံး ဂုဏ်ပြုဆု Golden Lionဆုအတွက် ဆန်ခါတင်အဆင့်မှာ ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် ဘူဆန်ရုပ်ရှင်ပွဲတော်မှာ အဲဒီဇာတ်ကားအတွက် အကောင်းဆုံး ဒါရိုက်တာဆု၊ ဟောင်ကောင် ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံး လူသစ်တန်း ဒါရိုက်တာ ဆုတွေကို အသီးသီး ရရှိခဲ့ပါတယ်။
Girlမှာ ရှုကျီဟာ ဒါရိုက်တာနဲ့ ထုတ်လုပ်သူ အဖြစ်သူ တာဝန်ယူထားပြီး ကိုယ်တိုင် သရုပ်ဆောင်မထားဘဲ ပိုင်ရှောက်ယန်၊ ချူးဇီ၊ ဂျိုအန်နာ တန်ယုချိုင်၊ လင်ဖေ့ထုံ၊ လိုင်ယုဖေးတို့က အဓိက ပါဝင်ထားကြတာ ဖြစ်ပါတယ်။
ကိုးကား: CNA























































