နိုဝင်ဘာ-၂၄၊ ၂၀၂၆။ ဟာနာဆန်/People’s Spring
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်တပ်က စစ်ကြောင်းထိုးနေလို့ ကျေးရွာအချို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာ ၂၂ ရက် မနက် ၁၀ နာရီခန့်က နှောပင်ရိုးကျေးရွာကနေ ထွက်လာတဲ့ အဲဒီစစ်ကြောင်းဟာ အနောက်ဇီးတောကျေးရွာကို စတင်ဝင်ရောက်စီးနင်းခဲ့ပြီး အဖွဲ့ ၂ ဖွဲ့ခွဲကာ ထနောင်းကုန်းရွာထဲမှာလည်း တပ်စွဲခဲ့ပါတယ်။
နိုဝင်ဘာ ၂၃ ရက်မှာတော့ စစ်ကြောင်းနဲ့ ယာဉ်တန်းဟာ ထနောင်းကုန်းရွာမှာ ပြန်ပေါင်းပြီး ပြည်သူပိုင်ကားတွေကို ချောဆွဲယူဆောင်သွားသလို မြို့ပေါ်ရွာနဲ့ ထနောင်းကုန်းရွာတောင်ဘက် ဆီဆိုင်အသစ်အနီးတွေကို တပ်ဖြန့်ဝင်ရောက်ပြီးနောက် အနောက်ဇီးတောရွာထဲကို ပြန်ဝင်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။

Public Service Announcement
လက်ရှိစစ်ကြောင်းအခြေအနေနဲ့ ပတ်သက်ပြီး ဘုတလင်မြို့နယ် ပကဖ တာဝန်ရှိသူတစ်ဦးက “လက်ရှိ စစ်ကြောင်းကတော့ ဘုတလင်နယ် အနောက်ဇီးတောရွာကို ရောက်နေတယ်။ မနေ့ကတော့ အနောက်ဇီးတောရွာမှာ နောက်ချန်အဖွဲ့ ချန်ထားပြီးတော့ ဘုတလင်နယ် မြို့ပေါ်ရွာကို စစ်ကြောင်းထိုးပြီး ဝင်တယ်။ အခုလက်ရှိတော့ အနောက်ဇီးတောရွာမှာပဲ ပြန်ပေါင်းထားတယ်။ ဘုတလင်ဘက်ကို ထွက်လာတာတော့ မရှိသေးဘူး။ ဘုတလင်နဲ့ မုံရွာနယ်စပ်ပေါ့ ဘုတလင်နယ်ထဲကျတဲ့ အနောက်ဇီးတောရွာမှာပဲ လက်ရှိ ရှိနေပါတယ်”လို့ ပြောပါတယ်။
အဲဒီစစ်ကြောင်းကြောင့် လက်ရှိမှာ နှောပင်ရိုး၊ အနောက်ဇီးတော၊ ထနောင်းကုန်းနဲ့ မြို့ပေါ်ရွာတို့အပြင် အနီးနားက ရွာတွေက ပြည်သူတွေပါ စစ်ဘေးရှောင်နေကြရပါတယ်။
ဘုတလင်နဲ့ နယ်ချင်းဆက်နေတဲ့ မုံရွာမြို့နယ်က ကျေးရွာတချို့မှာလည်း စစ်တပ်စစ်ကြောင်းဝင်ရောက်တာတွေ ရှိနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်က ဘုတလင်မြို့ပေါ်၊ ဗန္ဓုလရပ်ကွက်မှာ မီးကြိုးတွေဖြုတ်နေတဲ့ ရဲတပ်သားတစ်ဦးကို တော်လှန်ရေးအဖွဲ့တွေက သွားရောက်ဖမ်းဆီးခဲ့ပါသေးတယ်။

























































