Connect with us

Hi, what are you looking for?

သတင်း

ကျန်းမာရေးအရအနားယူခဲ့တဲ့ ဒေါက်တာဝင်းမြတ်အေးကိုလူသားစာနာလုပ်ငန်းတွေအတွက်အထူးအကြံပေးအဖြစ်NUGတာဝန်​ပေး

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူမှုရေးရာ၊အလုပ်သမားနဲ့ လူသားချင်းစာနာ ထောက်ထားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဟာ ကျန်းမာရေးအရ အနားယူခဲ့တာဖြစ်ပြီး လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းတွေမှာ အထူး အကြံပေးအဖြစ် တာဝန်ပေးအပ်ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

(​ဒေါက်တာဝင်းမြတ်​အေး ။ဓါတ်ပုံ-NUG)

နိုဝင်ဘာ-၂၄၊၂၀၂၆။ထားမြတ်/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူမှုရေးရာ၊အလုပ်သမားနဲ့ လူသားချင်းစာနာ ထောက်ထားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဟာ ကျန်းမာရေးအရ အနားယူခဲ့တာဖြစ်ပြီး လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းတွေမှာ အထူး အကြံပေးအဖြစ် တာဝန်ပေးအပ်ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

​ဒေါက်တာဝင်းမြတ်​အေးကို လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းတွေမှာ အထူး အကြံပေးအဖြစ်ဆက်လက်ပူးပေါင်းအကြံပြုဆောင်ရွက်ဖို့ ၂၀၂၆ ခုနှစ်၊နိုဝင်ဘာလ ၅ ရက်နေ့မှာ တာဝန်ပေးအပ်ခဲ့ကြောင်းNUGက ပြည်သူသို့ အသိပေးချက်ကိုနိုဝင်ဘာ ၂၄ရက်မှာ ထုတ်ပြန်တာပါ။

ဒေါက်တာဝင်းမြတ်အေးဟာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ကာလတလျှောက် ပြည်သူတွေရဲ့ အကျိုးစီးပွားနဲ့ နိုင်ငံတဝှမ်းရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများအတွက် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ခဲ့ပေမဲ့ကာယကံရှင်အနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှု မဖြစ်မနေခံယူဖို့ လိုအပ်လာတာနဲ့ ထမ်းဆောင်ဆဲတာဝန်များကို ဆက်လက် လက်ဆင့်ကမ်း လွှဲပြောင်းပေးလိုတဲ့ ဆန္ဒကြောင့် ပြည်ထောင်စုဝန်ကြီး တာဝန်မှ အနားယူရန် ဆုံးဖြတ်ခဲ့ရာ ၂၀၂၆ မတ်လ ၁၆ရက်မှာ တာဝန်မှ အနားယူခွင့် တင်ပြခဲ့တယ်လို့ ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

နိုင်ငံတော်ယာယီသမ္မတနဲ့ ပြည်ထောင်စုဝန်ကြီးချုပ်တို့ထံ တာ၀န်မှ အနားယူခွင့်တင်ပြခဲ့ရာ အစိုးရအဖွဲ့အကြီးအကဲတွေရဲ့ ခွင့်ပြုချက်အရ မတ်လ ၂၃ ရက်နေ့မှစတင်၍ ခြောက်လခန့် ဆေးခွင့်ခံစားနေခဲ့ကြောင်း၊ အဲဒီလို ဆေးခွင့်ခံစားနေစဉ်ကာလအတွင်းမှာလည်းဒေါက်တာဝင်းမြတ်အေးဟာ လိုအပ်တဲ့ လူသားချင်းစာနာကူညီမှုဆိုင်ရာ ညှိနှိုင်းပေါင်းစပ်မှုများနဲ့ ချိတ်ဆက်မှုများကို ဆောင်ရွက် ပေးခဲ့တယ်လို့ အသိပေးပါတယ်။

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီးချုပ်က တာဝန်မှ အနားယူခွင့်ပြုခဲ့ပေမဲ့ အစိုးရအဖွဲ့ရဲ့ လူသားချင်းစာနာထောက်ထားရေးလုပ်ငန်း​တွေမှာ အထူး အကြံပေးအဖြစ် ဆက်လက်ပူးပေါင်းအကြံပြုဆောင်ရွက်ရန် နိုဝင်ဘာ ၅ရက်မှာ တာဝန်ပေးအပ်ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

“ဒေါက်တာဝင်းမြတ်အေးအနေဖြင့် ပြည်ထောင်စုဝန်ကြီး ရာထူးတာဝန်တစ်ခုမှ အနားယူခြင်း သည် ပြည်သူ့အကျိုးပြုလုပ်ငန်းများနှင့် နွေဦးတော်လှန်ရေး အပေါ်ထားရှိသည့် ခံယူချက်နှင့်ကတိကဝတ်များမှ အနားယူခြင်းမျိုး မဟုတ်ဘဲ ကျန်းမာရေးအခြေအနေအရ တာဝန်ယူမှု အခန်းကဏ္ဍကို ပြောင်းလဲခြင်းသာဖြစ်ပြီး လူသားချင်းစာနာထောက်ထားရေး လုပ်ငန်းများတွင် ဆက်လက် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း ယုံကြည်စွာ ထောက်ခံမဲပေးခဲ့ကြသူများ၊ အတူတကွ လက်တွဲဆောင်ရွက်ခဲ့ကြသောလုပ်ဖော်ကိုင်ဖက်များနှင့် ပြည်သူလူထုအား လေးစားစွာ အသိပေးအပ်ပါသည်” လို့ NUG က ထုတ်ပြန်ပါတယ်။

ဒေါက်တာဝင်းမြတ်အေးဟာ၂၀၁၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူ့ဆန္ဒဖြင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူဖြစ်ပြီး ​ရွေး​ကောက်ခံအရပ်သားအစိုးရလက်ထက်မှာလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းမှု ကျူးလွန်ခဲ့ချိန်မှာလည်း ဒေါက်တာဝင်းမြတ်အေးဟာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH) နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေးဝန်ကြီး ဌာနရဲ့ ပြည်ထောင်စုဝန်ကြီးအဖြစ် ဆက်လက် တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ ၂၀၂၁ ဧပြီမှာ NUG ဖွဲ့စည်းခဲ့ပြီးနောက် မူလဝန်ကြီးဌာနကို လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ရာ ဒေါက်တာဝင်းမြတ်အေးဟာ ပြည်ထောင်စုဝန်ကြီးအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

အဲဒီနောက် လူသားချင်းစာနာ ထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနအားလူမှုရေးရာ၊ အလုပ်သမား နဲ့ လူသားချင်း စာနာထောက်ထားရေးဝန်ကြီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ချိန်မှာလည်း ပြည်ထောင်စုဝန်ကြီးတာဝန်ကို ဆက်လက် ထမ်းရွက်ခဲ့ပါတယ်။

ဒေါက်တာဝင်းမြတ်အေး အနားယူသွားပြီးနောက် ၂၀၂၆ နိုဝင်ဘာ ၂၀ရက်မှာဒုဝန်ကြီး ဒေါက်တာငိုင်းတမ်မောင်းကို ပြည်ထောင်စုဝန်ကြီးအဖြစ်ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ