Connect with us

Hi, what are you looking for?

သတင်း

မုံရွာ နမခထဲ ကထိန်ဖျော်ဖြေရေးပွဲလုပ်ဖို့ အရပ်သားနေထိုင်ရာရွာတွေကို စစ်ကြောင်းထိုး

မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ထဲမှာ ကထိန်ပွဲ ဖျော်ဖြေရေးလုပ်ဖို့ စီစဉ်နေတဲ့ စစ်ကောင်စီတပ်က ဘုတလင်မြို့နယ်အပါအဝင် ပတ်ဝန်းကျင်ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့အတွက် အရပ်သားပြည်သူတွေထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။

နိုဝင်ဘာ-၂၄၊ ၂၀၂၆။ အိမ်သွင်/People’s Spring

မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ထဲမှာ ကထိန်ပွဲ ဖျော်ဖြေရေးလုပ်ဖို့ စီစဉ်နေတဲ့ စစ်ကောင်စီတပ်က ဘုတလင်မြို့နယ်အပါအဝင် ပတ်ဝန်းကျင်ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့အတွက် အရပ်သားပြည်သူတွေထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။

အင်အား ၂၀၀ခန့်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းက နိုဝင်ဘာလလယ်မှာ ထွက်လာပြီး လက်ရှိမှာ ဘုတလင်မြို့နယ်၊ ထနောင်းကုန်းနဲ့ နှောကုန်းရွာဘက်ကို ရောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မြို့နဲ့ နီးနေပြီ။ ဒေသခံတွေကတော့ ပြေးနေကြရတယ်။ အခုစစ်ကြောင်းက နမခမှာ ဆယ်လီတွေလာပြီး ပွဲလုပ်မှာမို့ ထွက်လာတာ”လို့ ဘုတလင်မြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီစစ်ကြောင်းမှာ ပွိုင့်ဖိုက်တင်ထားတဲ့ကားအပြင် ဒရုန်းတွေလည်း ပါတယ်လို့ သိရပါတယ်။ ရွာတွေမှာလည်း ကင်းပုန်းတွေထားခဲ့တဲ့အတွက် ဒေသခံတွေ စိုးရိမ်နေကြရပါတယ်။

ဒီနေ့ တန်ဆောင်မုန်းလပြည့်နေ့မှာ စစ်တပ်က မုံရွာမြို့နယ်ထဲက အနောက်မြောက်တိုင်းစစ်ဌာနချုပ်ထဲမှာ ဖျော်ဖြေရေးလုပ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ ဘုတလင်မြို့နယ်ထဲအပြင် မုံရွာမြို့နယ်ထဲက ရွာတွေကိုလည်း စစ်ကောင်စီကစစ်ကြောင်းထိုးနေတယ်လို့သတင်းရရှိပါတယ်။

“သူတို့ ပျော်ပွဲရွှင်ပွဲလုပ်ဖို့ နမခပတ်လည်က အရပ်သားတွေကိုမောင်းထုတ်နေတာ”လို့ မုံရွာမြို့ခံတစ်ဦးကပြောပါတယ်။

စစ်ကောင်စီက ဒီနေ့လို ဘာသာရေးဆိုင်ရာအထင်ကရနေ့တွေမှာလည်း အရပ်သားတွေကို အကြမ်းဖက်သတ်ဖြတ်တာတွေလုပ်လေ့ရှိပါတယ်။ ပြီးခဲ့တဲ့၂၀၂၅ အောက်တိုဘာလ၆ရက်နေ့(သီတင်းကျွတ်လပြည့်ည)က စစ်ကိုင်းတိုင်း ၊ချောင်းဦးမြို့နယ်၊ ဘုံတိုရွာမှာ ဒေသခံတွေက ဘုရားကို ဆီမီးကပ်ရင်း ဆီမီးသပိတ်ပြုလုပ်နေတာကို စစ်ကောင်စီက ဗုံးကြဲခဲ့တဲ့အတွက် ကလေးငယ်တွေ၊ အမျိုးသမီးတွေအပါအဝင် ၂၄ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ