နိုဝင်ဘာ ၂၄၊ ၂၀၂၆။ ဟာနာဆန်/People’s Spring
တန်ဆောင်မုန်းလပြည့်နေ့မှာ အာဏာသိမ်းစစ်တပ်က အရာတော်မြို့နယ်၊ နောင်ကြီးအိုင်ကျေးရွာကို လေကြောင်းတိုက်ခိုက်လို့ ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၃ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
ဒီကနေ့ နိုဝင်ဘာ ၂၄ ရက် တန်ဆောင်မုန်းလပြည့်နေ့ မနက်ပိုင်းက အရာတော်မြို့နယ်၊ နောင်ကြီးအိုင်ကျေးရွာကို မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)ကနေ တက်လာတဲ့ Paramotor (စက်တပ်လေထီး)နဲ့ တိုက်ပွဲမဖြစ်ဘဲ ဗုံးကြဲချ တိုက်ခိုက်ခဲ့ကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က အသိပေးပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ဦး အပါအဝင် ၃ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိသွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထပ်မံအသိပေးပါတယ်။ ဖြစ်စဥ်နဲ့ပတ်သက်ပြီး မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

Public Service Announcement
အာဏာသိမ်းစစ်တပ်ဟာ နိုဝင်ဘာ ၂၂ ရက်ကတည်းက မုံရွာ၊ အရာတော်နဲ့ ဘုတလင်နယ်တွေမှာ စစ်ကြောင်းထိုးနေပြီး ကျေးရွာအများအပြား ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ မနက်ပိုင်းမှာတော့ မုံရွာမြို့နယ်က စစ်ကြောင်းဟာ တဲသာဘုန်းကြီးကျောင်းနဲ့ ရွာတုံကျေးရွာ ဘုန်းကြီးကျောင်းတွေထဲ ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း သိရပါတယ်။
“အင်အားက ၇၀ လောက်ပါတယ်။ ညနေပိုင်းမှာ တဲသာရွာ ဘုန်းကြီးကျောင်းထဲ အကုန်လုံး ရောက်နေပြီ။ ဓါးစာခံဖမ်းခံထားရတဲ့ ပြည်သူတွေလည်း ပါတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
နောင်ကြီးအိုင်ရွာရဲစခန်းမှာ စစ်တပ်အာဏာသိမ်းကာလအစောပိုင်း ၂၀၂၁ စက်တင်ဘာက စတင်ပြီး စစ်တပ်က တပ်စွဲအခြေချခဲ့ပြီး ကျေးရွာတွေကို မီးရှို့တာ၊ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ပြုလုပ်ခဲ့ပါတယ်။
အဲဒီနောက် ၂၀၂၃ နိုဝင်ဘာလဆန်းပိုင်းကနေစပြီးတော်လှန်ရေးအင်အားစုတွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ စစ်အုပ်စုဝင်တွေ စခန်း စွန့်ခွာထွက်ပြေးသွားခဲ့ပါတယ်။

























































