နိုဝင်ဘာ-၂၄၊၂၀၂၆။ခိုင်မြတ်/People’s Spring
ရခိုင်ပြည်နယ်ဝင်ပေါက်မကွေးတိုင်း၊မင်းတုန်းမြို့နယ် ငကုန်းရွာဝန်းကျင်မှာ အာဏာသိမ်းစစ်တပ်နဲ့ အာရက္ခတပ်တော်(AA)တို့ကြားတိုက်ပွဲအပြင်းအထန်ဖြစ်နေပြီးစစ်တပ်စခန်းငယ်တခုကို AA က သိမ်းပိုက်ရရှိခဲ့တယ်လို့မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။
ငကုန်းရွာအနီးဝန်းကျင်မှာအခြေစိုက်ထားတဲ့ စစ်တပ်ရဲ့အင်အားငါးဆယ်ဝန်းကျင်ရှိတဲ့ ခြေကုပ်စခန်းငယ်တခုကို AA က အခုရက်ပိုင်းအတွင်းထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာ ၂၃ ရက်နေ့မှာ အပြီးသတ်သိမ်းနိုင်ခဲ့ တာလို့ စစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။
“ဟုတ်ပါတယ်။လက်နက်ခဲယမ်းတွေတော့ နည်းနည်းများတယ်။စိန်ပြောင်းတွေပါတယ်။ ကျန်တာတော့သိပ်မရဘူး။ ထွက်ပြေးသွားကြတာများတယ်”လို့ AA နဲ့နီးစပ်တဲ့ မြေပြင်သတင်းရင်းမြစ်တဦးက ပြောပါတယ်။

Public Service Announcement
AA က သိမ်းပိုက်ရရှိခဲ့တဲ့ စစ်တပ်စခန်းဟာ မကွေးတိုင်း မင်းတုန်းနဲ့ ရခိုင်ပြည်နယ် တလိုင်းတောင် သစ်ထုတ်လမ်းပေါ်၊ မင်းတုန်းမြို့နယ်သဖန်ရောင်နဲ့ ခြောက်မိုင်ဝန်းကျင်အကွာမှာ တည်ရှိပြီး စစ်တပ်ကအခိုင်အမာအခြေချ ဖို့ ပြင်ဆင်နေတဲ့တပ်စခန်းတခုဖြစ်တယ်လို့ စုံစမ်းသိရပါတယ်။
ဒါ့အပြင် သဖန်ရောင်နဲ့ ငါးမိုင်ဝန်းကျင်အကွာရှိကံကြိုးရွာဝန်းကျင်မှာလည်းစစ်တပ်နဲ့ AA တို့ တိုက်ပွဲအပြင်းအထန်နေ တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။ “အသံတွေကတော့ နေ့တိုင်းလိုလို ကြားရတယ်” လို့ မင်း တုန်းဒေသခံတဦးက ပြောပါ တယ်။
ရှေ့တန်းတိုက်ပွဲတွေမှာ အထိနာနေတဲ့ စစ်တပ်ဟာမင်းတုန်းမြို့နယ်အတွင်းရိုးမတောင်ခြေတလျှောက်ရှိကျေးရွာတွေကို စစ်ကြောင်းထိုးတာ၊ လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာ၊အကြမ်းဖက်တာတွေ ဆက်တိုက်လုပ်နေပြီး အရပ်သား ထိခိုက်၊ သေဆုံးသူတွေလည်း ရှိနေပါတယ်။
“သဖန်ရောင်တဝိုက် အကုန်လုံး စစ်တပ်က စစ်ကြောင်းထိုးနေတယ်။ တချို့တွေလည်း စစ်ဘေးရှောင်နေရတယ်။ကုန်သည်တွေလည်း လုပ်ကွက်တွေပျောက်၊ အကုန်ပြေးနေကြရတယ်”လို့ ရခိုင်-မင်းတုန်းကကုန်သွယ်နေခဲ့တဲ့ဒေသခံကုန်သည်တဦးက ပြောပါတယ်။
မင်းတုန်းမြို့နယ်၊သဖန်ရောင်မှာ အခြေစိုက်ပြီး ရခိုင်ရိုးမပေါ်ကို ထိုးစစ်ဆင်ဖို့ကြိုးစားတဲ့ စစ်တပ်စစ်ကြောင်းတွေနဲ့ တပ်စခန်းတွေကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။
ရခိုင်ရိုးမအနောက်ဘက်ခြမ်းရှိ ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တွေကို လက်လွှတ်ထားရတဲ့ စစ်တပ်ကရခိုင်ရိုးမပေါ်ရှိ သစ်ထုတ်လမ်းတွေအတိုင်းရခိုင်ပြည်နယ်ဘက်ခြမ်းဆီ တန်ပြန်ထိုးစစ်ဆင်နိုင်ဖို့အင်အားအလုံးအရင်းသုံးပြီး ကြိုးစားနေတာဖြစ်ပါတယ်။ဒါပေမယ့် မြေပြင်တိုက်ပွဲမှာတော့ စစ်တပ်ရဲစခန်းတွေကိုပဲ လက်လွှတ်ဆုံးရှုံးနေရတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းနဲ့ အောက်တိုဘာအတွင်းကလည်း မင်းတုန်းမြို့နယ်သဖန်ရောင်နဲ့ ကံကြိုးရွာအနီး ဝန်းကျင်တိုက်ပွဲအတွင်း AA က စစ်တပ်အလောင်း၊ လက်နက်ခဲယမ်းဆယ်ချီ သိမ်းဆည်းရမိခဲ့ပြီး အရှင်ဖမ်းဆီးရမိ တာတွေလည်း ရှိခဲ့ပါတယ်။
အလားတူပဲ AA ထိန်းချုပ်ရာ ရခိုင်ပြည်နယ်ဘက်ကို ဝင်ဖို့ ကြိုးစားတဲ့ ရခိုင်ရိုးမအရှေ့ဘက်ခြမ်း မကွေးတိုင်း ပဒါန်း မြို့နယ် နတ်ရေကန်စစ်မျက်နှာ၊ ဧရာ၀တီတိုင်း ရေကြည်၊ သာပေါင်းမြို့နယ်နဲ့ ချင်းပြည်နယ်ကျင်ဒွေးတို့မှာလည်း တိုက်ပွဲတွေပြင်းထန်နေပါတယ်။
စစ်တပ်ဟာ ရခိုင်ပြည်ဝင်ပေါက်နေရာတွေအပြင် ရခိုင်ပြည်နယ် စစ်တွေ၊ ကျောက်ဖြူမြို့နယ်တို့ကနေလည်း AA ထိန်းချုပ်ရာဒေသတွေကို ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့ကစကာ ၄၉၂၆ စစ်ဆင်ရေးလို့ကြွေးကြော်ပြီး တန်ပြန် ထိုးစစ်ဆင်နေခဲ့ပေမယ့် မြေပြင်မှာတော့ ခံစစ်အသွင်နဲ့ ခုခံနေရတယ်လို့ ဆိုပါတယ်။
စစ်တပ်ဝါဒဖြန့်လူမှုကွန်ယက်တွေမှာတော့ ရခိုင်တိုက်ပွဲတွေမှာ စစ်တပ်က အသာရနေပြီး AA အထိနာနေတယ်လို့ ဝါဒဖြန့်နေတာတွေ့ရပါတယ်။စစ်တပ်ဟာ စစ်ဆင်ရေးနှစ်လကျော်အတွင်း စစ်တွေမြို့ နယ်အတွင်းက တပ်စခန်း ၁၃ ခု၊ စစ်တွေအစပ် ပေါက်တောမြို့နယ်က ၁ ခု၊ ကျောက်ဖြူမြို့နယ်အတွင်းက ၂ ခု၊ မင်းတုန်းမြို့နယ်အတွင်းက ၂ ခု ၊ စုစုပေါင်းတပ်စခန်း ၁၈ ခုထက်မနည်းကို လက်လွှတ်ဆုံးရှုံးခဲ့ရပြီး သေဆုံးစစ်သားရာပေါင်းများစွာ ရှိနေပြီဖြစ် တယ်လို့မြေပြင် သတင်းရင်းမြစ်တွေက ပြောပါတယ်။
အဲဒီလို တပ်စခန်းတွေ လက်လွှတ်၊ အထိနာနေတဲ့စစ်တပ်ဟာလေယာဉ်အုပ်လိုက်အသုံးပြုကာ တိုက်ပွဲဆက်စပ် နေရာတွေအပြင် ရခိုင်ပြည်နယ်အတွင်းက အရပ်သားနေရာတွေကိုပါ လေကြောင်းဗုံးကြဲမှုတွေ ကိုမကြာခဏလုပ်နေပါတယ်။
အာရက္ခတပ်တော်(AA)က မပြီးဆုံးသေးတဲ့တိုက်ပွဲတွေနဲ့ ဆက်လက်သိမ်းပိုက်ဖို့ကျန်နေသေးတဲ့ မြို့သိမ်း တိုက်ပွဲတွေ ဆင်နွှဲနေပြီး ကျန်နေသေးတဲ့ အာရက္ခဘိုးဘွားပိုင်နယ်မြေတွေကို အာရက္ခပြည်သူတွေလက်ထဲသို့ မကြာခင်ပေးအပ်သွားမယ်လို့ အသိပေးထားပါတယ်။

























































