နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးသွား
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် နှမစားရစ်ကျေးရွာကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်စီးနင်းရာ ဒေသခံပြည်သူများနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် စုစုပေါင်း ၁၅ဦးခန့် ကျဆုံးကြောင်း ဒေသခံသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။
ယနေ့(ဖေဖော်ဝါရီ ၂၅) နံနက် ၅နာရီခန့်တွင် လက်နက် ကြီးများအသုံးပြုကာ အကြမ်းဖက်စစ်တပ်က အင်အား ၁၀၀ကျော်ဖြင့် ရုတ်တရက်ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းတို့က ပြောသည်။

“တစ်ရွာလုံးမီးရှို့သွားကြတာ။သေတဲ့ထဲမှာ မပြေးနိုင်လို့ သေခဲ့ရတဲ့ သက်ကြီးရွယ်အိုတွေရော အမျိုးသမီးတွေလည်းပါတယ်။နောက်ပြီး ဒေသခံပြည်သူ့အဖွဲ့တွေရော ပါတယ်။စာရင်းတော့ အတိအကျ မရသေးဘူး စုစုပေါင်း ၁၀ ဦးကျော်တယ်”ဟု နှမစားရစ်ကျေးရွာသို့ သွား ရောက်ကူညီခဲ့သည့် ရွှေဘိုမြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

“ကျွန်မတို့အဖွဲ့သားတစ်ချိူ့ရဲ့နေအိမ်ပါသွားပြီး။ ဒီပွဲမှာဆုံးရှုံးထားတာတွေများနေပြီး အိမ်တွေလည်းသိမ်းခံရ အိမ်တွေလည်းပါသွား။ ချစ်သူရည်းစားကလည်း စွန့်ပစ်၊ အဖွဲ့သားတစ်ချိူ့လည်းဆုံးရှုံး။ မတန်လိုက်တာကွာ။ စစ်အာဏာရှင်လူတစ်စုကြောင့်ဆုံးရှုံးခဲ့ရတာတွေ”ဟု ရွှေဘိုမြေပြင်သတင်းအဖွဲ့က အသိပေးသည်။

အကြမ်းဖက်စစ်အုပ်စုဘက်က ဖြန့်ဝေခဲ့သည့် အချက် အလက်များအရ နှမစားရစ်ကျေးရွာမှ လက်လုပ်တစ်တောင့်ထိုးသေနတ် ၁၀လက်နှင့် လက်လုပ်စိန်ပြောင်း တစ်လက်အပါအဝင် လက်နက်ခဲယမ်းအချို့ သိမ်း ဆည်းရမိသည်ဟု ဆိုသည်။
ဖေဖော်ဝါရီ၂၄ ရက်ကစ၍ ရွှေဘိုမြို့နယ်ရှိ ငါးပိအိုးရွာ၊ ဂွေးပင်ကုန်းရွာနှင့် နှမစားရစ်ရွာများသို့ အကြမ်းဖက် စီးနင်းဝင်ရောက်ကာ နေအိမ်များကို မီးတင်ရှို့ဖျက်ဆီးခဲ့သည်။


















































