ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆) နယ်မြေ ကော့ကရိတ်မြို့နယ်အတွင်း ၌ တိုက်ပွဲများ ထပ်မံဖြစ်ပွား၍ အိမ်ထောင်စု နှစ်ထောင်ကျော်မှ ဒေသခံ ၁၇,၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရသည်ဟု ဒေသတွင်း ကူညီရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်က အင်အားသုံးထိုးစစ်ဆင်လာ၍ ကော့ကရိတ်မြို့နယ်တွင် မတ်လ ဒုတိယပတ်မှစ၍ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့သည်။မတ်လ ၂၁ရက်အထိ မြို့နှင့်အနီးတဝိုက်နေရာများ၌ တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်က လက်နက်ကြီးများ အလွန်အကျွံပစ်ခတ်ခြင်းများရှိခဲ့သည်။

“အခုက သူတို့ ပြန်ရုတ်ပြီး အခုပြန်တိုးလာတဲ့ အနေ အထားတစ်ခုအပေါ်မှာ ဒီက သာယာကုန်းရွာတို့ ဖန်းခါးကုန်းရွာတို့က ဒေသခံလူထုတွေပြန်ပြီးတော့ ထွက်ပြေးရပြန်ပြီ”ဟု ဒေသခံက ယနေ့(မတ်လ ၂၅ရက်) တွင် စစ်ဘေးရှောင်ရွာများ ထပ်တိုးလာသည့် အခြေ အနေကို ပြောပြသည်။
စုစုပေါင်း ကျေးရွာ ၂၁ရွာမှ အိမ်ခြေ ၂,၂၉၇အိမ်၊ လူဦးရေ ၁၇,၂၁၇ ဦး စစ်ရှောင်နေရသည်ဟု စာရင်းများ ရရှိထားကြောင်း ၎င်းက ဆိုသည်။

Public Service Announcement
“ဒီတိုက်ပွဲတစ်လျှောက်လုံးပေါ့။ အရင်တစ်ခေါက် လေယာဉ်တွေ ဘာတွေလာပစ်တဲ့ တစ်ခေါက် တုန်းကဆိုရင် မကဘူး။ အရင်တစ်ခေါက်က လေယာဉ်တွေနဲ့ ဆိုတော့ ဧရိယာတွေက ကျယ်ပြန့်တယ်။ တချို့မြို့နဲ့ မနီးစပ်တဲ့ရွာတွေတောင်ထွက်ပြေးတယ်။ အခုက မြို့အနီးအနားမှာ တိုက်ပွဲဖြစ်တဲ့ စစ်ကြောင်း ဝင်ရောက်လှုပ်ရှားတဲ့နေရာလောက်ပဲ ထွက်ပြေးတယ်ဆိုတော့ ရွာပေါင်းက ၂၁ရွာပဲ ထွက်ပြေးရတယ်”ဟု ဒေသခံက ပြောသည်။

စစ်ဘေးရှောင်များသည် နီးစပ်ရာဆွေမျိုးအိမ်များ၊ နီးစပ်ရာ ဘုန်းကြီးကျောင်းနှင့် သင့်တော်သည့်နေရာတို့၌ နေထိုင်နေကြရသည်ဟု ဆိုသည်။
“ကျွန်တော်တို့ IDP စခန်းမရှိတော့ သူတို့တွေက ရွှေ့ပြောင်းပြီးတော့ နေထိုင်ရတဲ့သဘောပေါ့။အခု လက်ရှိ အခြေအနေက တက်နိုင်သလောက် ကူညီနေတာရှိတယ်။သို့သော်လည်း တပိုင်တနိုင်စားနပ်ရိက္ခာတွေ သယ်ဆောင်ပြီး ရောက်ရှိတဲ့ အရပ်ဒေသမှာ ချက်စားပြုတ်စားနေရတယ်ပေါ့။ ရေရှည် ဒီလိုပဲ ထွက်လိုက်သွားလိုက်လာလိုက်ဆိုရင် စားနပ်ရိက္ခာတွေက ကျွန်တော်တို့ တိုက်ရိုက်ကူညီမှု မပေးနိုင်တဲ့နေရာလေးတွေ ဖြစ်လာခဲ့မယ်ဆိုရင်တော့ သူတို့ တော်တော်လေး ဒုက္ခရောက်လာနိုင်တဲ့ အနေအထားရှိတာပေါ့”ဟု ကော့ကရိတ်ဒေသခံက ပြောသည်။

ထို့အပြင် ရှေ့ဆက်တိုက်ပွဲများ ဆက်ဖြစ်နေပါက ဒုက္ခများစွာ ကြုံရနိုင်၍ ရေရှည်အတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ထားကြရန်လိုအပ်ကြောင်း ၎င်းက ဒေသခံများကို တိုက်တွန်းသည်။
KNU တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်က ကော့ကရိတ်နှင့် လေးကေ့ကော်ဒေသရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာရန်နှင့် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများ ဒေသမှထွက်ခွာရန်၊ တာဝန်မှ နှုတ်ထွက်ရန် အသိပေး ကြေညာထားသည်။


















































