Connect with us

Hi, what are you looking for?

News

လူထု၏ စစ်အာဏာရှင်ပြုတ်ကျရေး သန္နိဋ္ဌာန် တစ်နေ့ထက်တစ်နေ့ ပိုမိုအားကောင်းနေ

ယနေ့ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)ဖွဲ့စည်းခြင်းတစ်နှစ်ပြည့်အစီရင်ခံစာတင်သွင်းရာတွင် ဝန်ကြီးချုပ်က ထည့်သွင်း ပြောကြား ခြင်းဖြစ်သည်။

ယခုနှစ်အတွင်း တော်လှန်ရေး၏ ကြီးမားသည့်အချိုးအကွေ့ အောင်မြင်မှု တစ်ခုကိုမလွဲမသွေ ရောက်ရှိလာမည်ဟု NUG ဝန်ကြီးချုပ်ပြော

ပြည်သူလူထု၏ စစ်အာဏာရှင် ပြုတ်ကျရေးသန္နိဋ္ဌာန်သည် တစ်နေ့ထက် တစ်နေ့ ပိုမိုအား ကောင်းနေပြီး ၂၀၂၂ အတွင်း တော်လှန်ရေး၏ ကြီးမားသည့် အချိုးအကွေ့ အောင်မြင်မှုတစ်ခု ကို မလွဲမသွေ ရောက်ရှိလာမည်ဖြစ်ကြောင်း NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

ယနေ့ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)ဖွဲ့စည်းခြင်းတစ်နှစ်ပြည့်အစီရင်ခံစာတင်သွင်းရာတွင် ဝန်ကြီးချုပ်က ထည့်သွင်း ပြောကြား ခြင်းဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အပါအဝင် တော်လှန်ရေးအင်အားစုများ သည် အချိန်ကြာလာသော်လည်း အားပျော့သွားခြင်းမရှိဘဲ အင်တိုက်အားတိုက် ဆက်လက်မောင်းနှင်လျက်ရှိပြီး အာဏာရှင်တွေရဲ့ လက်ပါးစေဖြစ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီဟာလည်း တစ်နေ့တခြား အင်အားနည်းပါးလာပြီ ဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

“အစိုးရအနေနှင့် ယခင်ထက်ပိုမိုအားစိုက်ပြီး ကြုံလာမယ့် အခွင့်အလမ်းကောင်း များကို အမိအရဆုပ်ကိုင်ကာ အခက်အခဲများကို ပြည်သူနှင့်အတူ ကျော်လွှားသွားကြဖို့ စီစဉ် ဆောင်ရွက်လျက်ရှိပါတယ်။ ပြည်သူ့အစိုးရရဲ့ တစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့သည့် အားနည်းချက် ၊အားသာချက် များကို စေ့စပ်သေချာစွာသုံးသပ်ကာ ရှေ့လုပ်ငန်းစဉ်များကို အကောင်အထည် ဖော် ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု မန်းဝင်းခိုင်သန်းက လွှတ်တော်သို့ အစီရင်ခံသည်။

ယင်းနောက် ပြည်သူ့ရင်ခွင်ခိုလှုံလာသည့် တပ်မတော်သားနှင့် ရဲတပ်ဖွဲ့ဝင်ဦးရေ တစ်သောင်းနီးပါး ရှိနေပြီဖြစ် ပြီး အကြောင်းအမျိုးမျိုးကြောင့် အပြင်ထွက်မလာ နိုင်ကြသူ များစွာကလည်း တန်ဖိုးရှိသည့်သတင်းအချက်အလက်များကို ပေးပို့နေကြောင်း NUG ပြည်ထောင်စုဝန်ကြီးချုပ် ပြောသည်။

“လက်ရှိအချိန်မှာလည်း ပြည်သူကိုသတ်ဖို့ စေလွှတ်ခံရတဲ့ တပ်ရင်းတပ်ဖွဲ့ တွေဟာ အမှန်တရား ကို သိမြင်ပြီး နီးစပ်ရာတိုင်းရင်းသားနယ်မြေတွေ၊ PDF တပ်စခန်းတွေမှာ လက်နက်ချခိုလှုံတဲ့ အဖြစ်အပျက်တွေလည်း များစွာပေါ်ပေါက်နေပြီဖြစ်ပါတယ်” ဟု မန်းဝင်းခိုင်သန်းက ဆိုသည်။

စစ်ကောင်စီ၏ ဆတိုးအကြမ်းဖက်မှုများက ပြည်သူလူထုကို အပြင်းအထန် ထိခိုက်နေသော် လည်း ၎င်းတို့၏ အကြမ်းဖက်မှုတိုင်းသည် ၎င်းတို့ အသက်ရှင်ရပ်တည်ရေးထောက်တိုင်များကို တစ်ခုချင်းဖြိုချနေခြင်းဖြစ်ပြီး အဆုံးသတ်တွင် မလွဲမသွေ ပြိုကျပျက်စီးသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။

ထို့အပြင် နွေဦးတော်လှန်ရေးသည် ပြည်သူလူထု၏ အဓိကပါဝင်ဦးဆောင်မှုဖြင့် ရှင်သန်အားကောင်းနေခြင်းဖြစ်၍ NUG အနေဖြင့် ပြည်သူ့ဆန္ဒများအား ထင်ဟပ်နိုင်ရေးကို အလေးပေးကာ ပြည်သူ၏ ထိန်းကျောင်းမှုကိုလည်း အပြည့်အဝခံယူလျက်ရှိကြောင်း မန်းဝင်းခိုင်သန်းက လွှတ် တော်သို့ အစီရင်ခံသည်။

စစ်ရေးကဏ္ဍနှင့်ပတ်သက်၍ အစီရင်ခံရာတွင် PDF ၊ LDF များသည် အခြားရှိနှင့်ပြီး တိုင်းရင်းသား တော်လှန်ရေးအင်အားစုများ၏ ထောက်ပံ့ကူညီမှုဖြင့် တနိုင်ငံလုံး၏ ၁၅ ရာခိုင်နှုန်းကို လွှမ်းမိုးထားပြီး တိုင်းရင်းသားတော်လှန်ရေး မဟာမိတ်များသည် နိုင်ငံ၏ ၃၀ ရာခိုင်နှုန်းကို စိုးမိုး ထားကြောင်း ဝန်ကြီးချုပ်က ပြောသည်။ ထို့အတွက် စစ်ကောင်စီ၏ ထိန်းချုပ်နယ်မြေသည် တနိုင်ငံလုံး၏ တဝက်စွန်းစွန်းသာ ကျန်ရှိကြောင်း ပြောသည်။

“အခက်အခဲများအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်အတွက် လက်နက်အပြည့်အစုံ တပ်ဆင်နိုင်ရေးမှာ စိန်ခေါ်မှုတစ်ရပ်အနေနဲ့ ရှိနေဆဲပင်ဖြစ်ပါတယ်။ ဒါ့အပြင် မြောက်များလှစွာ သော LDF များနှင့် စနစ်တကျချိတ်ဆက် ဆောင်ရွက်နိုင်ရေးအတွက် စီမံတဲ့အခါမှာလည်း အခက်အခဲတွေကတော့ ရှိနေဆဲဖြစ်ပါတယ်။ စစ်ရေးဆိုင်ရာ အခက်အခဲတွေ စိန်ခေါ်မှုတွေကို ကျွန်တော်တို့အနေနဲ့ မဟာမိတ်အဖွဲ့များနှင့် တက်ညီလက်ညီ ပူးပေါင်းရင်း ကျော်ဖြတ်နေကြောင်း လည်း အသိပေးတင်ပြလိုပါတယ်” ဟု မန်းဝင်းခိုင်သန်းက ပြောသည်။

ထို့အပြင် ပြည်သူလူထု၏ တော်လှန်ရေးအပေါ် ယုံကြည်စိတ်ဖြင့် ကူညီ ထောက်ပံ့မှုများကြောင့် နွေဦးထီမှစ၍ ငွေတိုက်စာချုပ်များ ရောင်းချခြင်း အပါအဝင် စီးပွားရေးလုပ်ငန်းများမှ အခွန်ငွေများ ပေးဆောင်ခြင်းကြောင့် ဘဏ္ဍာငွေများ ဒေါ်လာသန်းချီ၍ တော်လှန်ရေးအတွက် ရရှိအသုံးပြုနိုင်ခဲ့ ကြောင်း အစီရင်ခံသည်။

ပြည်သူ့ဘဏ္ဍာငွေဖြစ်သည့် အမေရိကန်၌ ထားရှိသည့် အရံဘဏ္ဍာငွေ ဒေါ်လာ (၁) ဘီလျံကို ပြည်သူလူထုအတွက် အသုံးပြုနိုင်ရေးကိုလည်း အားစိုက် ဆောင်ရွက်နေကြောင်းလည်း အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။

သတင်း

အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။