ကေအဲန်ယူ-ခလယ်လွီထူခရိုင် လယ်ဒို(ကျောက်ကြီး)မြို့နယ်ထဲမှာရှိတဲ့ စစ်ဘေးရှောင်စခန်းတစ်ခုအပေါ် စစ်ကောင်စီက ဒီကနေ့မနက်ပိုင်းက လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်လို့ စစ်ရှောင်အချို့ ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ဒေသခံလူမှုအဖွဲ့အစည်းတွေက ပြောပါတယ်။
ဒီကနေ့မနက် (၉)နာရီခွဲအချိန်ခန့်က ကေအဲန်ယူ-လယ်ဒိုမြို့နယ်ထဲမှာ ထိတွေ့တိုက်ပွဲတွေမရှိပဲ စစ်ကောင်စီတပ်ဟာ စစ်ဘေးရှောင်တွေနေထိုင်တဲ့နေရာတစ်ခုအပေါ် လေယာဉ်နဲ့ ဗုံး(၈)လုံး ကြဲချသွားခဲ့တယ်လို့ ညောင်လေးပင်ခရိုင် ကရင်လူမှုရေးရာအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဒီလို စစ်ကောင်စီက လေယာဉ်နဲ့တမင်ရည်ရွယ်ပြီး ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင် လေးဦး ထိခိုက်ဒဏ်ရာရရှိမှုအနည်းငယ် ဖြစ်ပွါးခဲ့တယ်လို့ အဆိုပါ ကရင်လူမှုရေးရာတာဝန်ရှိသူက ပြောပါတယ်။

“လူထုတွေ စစ်ရှောင်ပြီးတော့သွားနေတဲ့ စစ်ရှောင်စခန်းကို ဗုံးကြဲသွားတယ်။ (၈)လုံးလောက်ကြဲသွားတယ်။ လေးယောက်တော့ထိခိုက်သွားတယ်။ အနည်းငယ်ပါပဲ။ စိုးရိမ်ရတဲ့အခြေအနေတော့မဟုတ်ဘူး” လို့ သူကပြောပါတယ်။

Public Service Announcement
ကေအဲန်ယူ-ညောင်လေးပင်ခရိုင် မုန်းမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဇူလိုင်(၂)ရက်နေ့က စစ်ကောင်စီနဲ့ KNLA တပ်မဟာ ၃ တို့အကြား တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ အရပ်သားပြည်သူတွေအပေါ် စစ်ကောင်စီတပ်က တမင်ရည်ရွယ်ပြီး လေကြောင်းနဲ့တိုက်ခိုက်ခဲ့လို့ စစ်ရှောင်(၄)ဦး သေဆုံးခဲ့ရပြီး တစ်ဦး ဒဏ်ရာရရှိခဲ့သေးတာပါ။
လတ်တလောမှာ ကေအဲန်ယူ-ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်ရဲ့ စစ်ရေးလှုပ်ရှားမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူဟာ (၁၆၀၃၆)ဦးရှိပြီး လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်လျက်ရှိနေတယ်လို့ ကေအဲန်ယူရဲ့ထုတ်ပြန်ချက်ကနေ သိရပါတယ်။


















































