မြန်မာ – တရုတ်နယ်စပ် ချင်းရွှေဟော်ရှိ ကိုးကန့် တပ်မတော်(MNDAA)တပ်စခန်းကို အင်အားအလုံး အရင်းဖြင့် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်နှင့်အနီးကပ် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ အရာရှိအပါအဝင် သေဆုံးထိခိုက်မှုရှိခဲ့သည်ဟု MNDAAက အသိပေးသည်။
စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်ပူးပေါင်းအဖွဲ့ သည် ချင်းရွှေဟော်နယ်စပ်ရှိ MNDAA တပ်ရှိရာသို့ နိုဝင်ဘာ ၂၈ရက်မှစတင် ထိုးစစ်ဆင်လာခြင်းဖြစ်ပြီး ယမန်နေ့(နိုဝင်ဘာ ၂၉ရက်)တွင်လည်း အင်အား ၅၀၀ကျော်ဖြင့် ထပ်မံတိုက်ခိုက်လာခြင်းဖြစ်သည်ဟု ဆိုသည်။

နံနက် ၉နာရီ ၁၅မိနစ်တွင် အနီးကပ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ ညနေပိုင်း၌ စစ်ကောင်စီတပ်သည် MNDAA၏ ရှေ့တန်းနေရာများမှ မီတာ ၂၀၀ အကွာသို့ ဆုတ်ခွာသွားသည်ဟု MNDAAက ထုတ်ပြန်သည်။
အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်၏ တပ်ရင်းမှူးဒဏ်ရာရခဲ့ပြီး တပ်ခွဲမှူးနှစ်ဦးအပါအဝင် ၁၀ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ဆိုသည်။

Public Service Announcement
တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က အလောင်းအချို့ကို စွန့်ပစ်ခဲ့ကြောင်းလည်း ထုတ်ပြန်သည်။
တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်၍ MNDAA၏ အတည်ပြုချက်မရရှိသလို စစ်ကောင်စီတပ် သေဆုံးမှုနှင့်ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပေ။


















































