Connect with us

Hi, what are you looking for?

သတင်း

ညနေခင်းသတင်းလွှာ

ဒီနေ့ (ဇွန်လ ၂၁ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️ကိုယ်ပိုင်ပြဌာန်းခွင့်ကျင့်သုံးနိုင်ရေး အင်အားစုများအားလုံး တော်လှန်ရေးမှာ ပါဝင်ဖို့ KNPP ပြော

ကရင်နီပြည်နယ်အတွင်းရှိ အင်အားစုများအားလုံး တော်လှန်ရေးမှာ ပါဝင်ကာ ပိုမိုစည်းလုံး ညီညွတ်ပြီး ကျစ်လစ်ခိုင်မာစေဖို့ တည်ဆောက်သွားနိုင်ရေးဟာ ကရင်နီပြည်နယ်အတွက် အရေးတကြီး လိုအပ်ချက်ဖြစ်တယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)က ဒီနေ့ကျရောက်တဲ့ (၁၄၈)နှစ်မြောက် ကရင်နီအမျိုးသားနေ့သို့ သဝဏ်လွှာပေးပို့ပါတယ်။ အဲဒီလိုအားလုံးပါဝင်မှသာ တော်လှန်ရေးကာလမှ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးကာလအထိ မိမိတို့ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ဖြစ်သော ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး ကဏ္ဍများကို ခိုင်ခိုင်မာမာချမှတ် ကျင့်သုံးသွားနိုင်မယ်လို့ ဖော်ပြပါတယ်။ ပြည်နယ်အတွင်းရှိ ကရင်နီအမျိုးသားအင်အားစုများအကြား မှန်ကန်တဲ့ ဆုံးဖြတ်ချက်၊ ဘုံရပ်တည်ချက်များနဲ့အတူ အကြမ်းဖက် စစ်အာဏာရှင်ချုပ်ငြိမ်းရေးအတွက် အမြန်ဆုံးဆောင်ရွက်ကြဖို့ အထူးလိုအပ်နေပြီလို့ KNPP က ဆိုပါတယ်။

(ယမန်နှစ်က ကျရောက်သည့် (၁၄၇)နှစ်မြောက် ကရင်နီအမျိုးသားနေ့အခမ်းအနားအား တွေ့ရစဥ်။ ဓာတ်ပုံ - Kantarawaddy Times)
(ယမန်နှစ်က ကျရောက်သည့် (၁၄၇)နှစ်မြောက် ကရင်နီအမျိုးသားနေ့အခမ်းအနားအား တွေ့ရစဥ်။ ဓာတ်ပုံ – Kantarawaddy Times)

▪️ဖား​ဆောင်းမြို့​နေပြည်သူများကို စစ်​ကောင်စီက မြို့မှထွက်ခွာခိုင်း

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နေပြည်သူများကို မြို့မှထွက်ခွာဖို့ စစ်ကောင်စီက ကြေညာတယ်လို့ ဒေသခံများနဲ့ ကရင်နီလူမှုအသင်းအဖွဲ့များက ပြောပါတယ်။ တိုက်ပွဲများဆက်တိုက်ဖြစ်ပွားလာပြီးနောက် စစ်ကောင်စီတပ်က အင်အားဖြည့်တင်းခြင်းများပြုလုပ်ကာ မြို့တွင်း ကင်းလှည့်ခြင်းနဲ့အတူ ဖားဆောင်းနဲ့ မယ်စဲ့မြို့ကြားမှာ ထိုးစစ်ဆင်မှု ပြုလုပ်နေတယ်လို့ သိရပါတယ်။ လက်ရှိ ဖားဆောင်းမြို့တွင်းတိုက်ပွဲ လုံးဝ မရှိသေးဘဲ ဖားဆောင်းနဲ့ မယ်စဲ့ ကြားရှိ ကျေးရွာတွေမှာ ရက်ဆက်တိုက်ပွဲများ ဖြစ်​နေပါတယ်။

▪️BGF တပ်ရင်း နှစ်ခုလုံး တော်လှန်ရေးအင်အားစုနဲ့ပူးပေါင်းမှု သေချာသလောက်ရှိဟု ကရင်နီသတင်းရင်းမြစ်ပြော

ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး-ကလလတ(KNPLF)မှ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့(BGF)အဖြစ် အသွင်ပြောင်းထားတဲ့ တပ်ရင်းနှစ်ခုဟာ တော်လှန်ရေးအင်အားစုများနဲ့အတူ ပူးပေါင်းကာ စစ်​ကောင်စီကို ပြန်လည်တိုက်ခိုက်​နေခြင်းမှာ သေချာသလောက်ရှိနေပြီဟု ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) သတင်းရင်းမြစ်အချို့က ပြောပါတယ်။ မယ်စဲ့မြို့နယ် ပန်တိမ်းမြို့ အခြေစိုက် BGF (၁၀၀၄) တပ်နဲ့ ဘောလခဲမြို့နယ် ရွာသစ်မြို့ အခြေစိုက် BGF(၁၀၀၅) တပ်တို့ဟာ ဒီလအတွင်း တော်လှန်ရေးအင်အားစုများ မယ်စဲ့မြို့နယ်ရှိ စစ်ကောင်စီတပ်နဲ့ ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ တိုက်ပွဲဖြစ်စဉ်နဲ့အတူ တော်လှန်ရေးအင်အားစုများဘက်သို့ ပူးပေါင်းလိုက်တာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

(စစ်တပ်အာဏာသိမ်းမှုဆန့်​ကျင်​ကြောင်းဆန္ဒပြပြည်သူများကို ၂၀၂၁ခုနှစ်တွင် စစ်တပ်က အကြမ်းဖက်ဖြိုခွင်းစဥ် ပြည်သူများဘက်မှ ကူညီ​ပေးခဲ့​သော KNPLF (ကလလတ)တပ်ဖွဲ့ဝင်အချို့ ။KNPLF ဌာနချုပ်ရှိ အ​ဆောက်အအုံအချို့ စစ်​ကောင်စီက ဗုံးကျဲ၍ပျက်စီး​နေမှု နှင့် ဇွန် ၂၁ရက်တွင် ဖားဆောင်းတံတားအနီး စစ်ကောင်စီက ဗုံးကျဲ တိုက်ခိုက်၍မီးခိုးများထွက်​နေစဥ်။ ဓါတ်ပုံ-CJ၊Kantarawaddy Times)
(စစ်တပ်အာဏာသိမ်းမှုဆန့်​ကျင်​ကြောင်းဆန္ဒပြပြည်သူများကို ၂၀၂၁ခုနှစ်တွင် စစ်တပ်က အကြမ်းဖက်ဖြိုခွင်းစဥ် ပြည်သူများဘက်မှ ကူညီ​ပေးခဲ့​သော KNPLF (ကလလတ)တပ်ဖွဲ့ဝင်အချို့ ။KNPLF ဌာနချုပ်ရှိ အ​ဆောက်အအုံအချို့ စစ်​ကောင်စီက ဗုံးကျဲ၍ပျက်စီး​နေမှု နှင့် ဇွန် ၂၁ရက်တွင် ဖားဆောင်းတံတားအနီး စစ်ကောင်စီက ဗုံးကျဲ တိုက်ခိုက်၍မီးခိုးများထွက်​နေစဥ်။ ဓါတ်ပုံ-CJ၊Kantarawaddy Times)

▪️ရေး-သံဖြူဇရပ်ကြား ပူးပေါင်းတပ်က နေ့စဉ်လုံခြုံရေးယူ စောင့်ကြည့်စစ်ဆေးနေဟု NUG အသိပေး

မွန်ပြည်နယ်ရှိ ရေးမြို့နဲ့ သံဖြူဇရပ်မြို့နယ်ကြားရှိ မော်လမြိုင်-ရေး-ထားဝယ်(အမှတ်-၈ ပြည်ထောင်စု လမ်းမကြီးပေါ်) မော်တော်ယာဉ်သွားမှုနဲ့ပတ်သက်လို့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)စစ်ကြောင်းများနဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့(S.O.F)တို့ ပူးပေါင်းကာ နေ့စဉ်မပြတ် လုံခြုံရေးရယူ စောင့်ကြည့်စစ်ဆေးနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန၊ PDF စစ်ရုံးချုပ်က ဒီနေ့ ထုတ်ပြန်ပါတယ်။ ဇွန်လ ၁၈ ရက်ကစတင်ပြီး ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် နေရာနှစ်ခုခွဲကာ စစ်ဆေးလျက်ရှိပြီး ရန်သူ့တပ်နဲ့ဆက်နွယ်သူ လေးဦးကို ဖမ်းဆီးရမိထားပြီး အရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ အသိပေးပါတယ်။ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ဝင်များအနေဖြင့် အမှတ်(၈) ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ပုံမှန်စစ်ဆေးရေးပြုလုပ်သွားမှာဖြစ်ပြီး ခရီးသွားမိဘပြည်သူများအနေနဲ့ ပူးပေါင်းဆောင်ရွက်ပေးဖို့လည်း PDF စစ်ရုံးချုပ်က မေတ္တာရပ်ခံပါတယ်။

▪️ထင်ရှားတဲ့ စာရေးဆရာဆရာညီပုလေး ကွယ်လွန်

မန္တလေးမြို့က ထင်ရှားတဲ့ စာရေးဆရာ ဆရာညီပုလေး ဒီနေ့ မနက်ပိုင်းက ကွယ်လွန်သွားပါတယ်။ နှလုံးရောဂါနဲ့ ဆုံးပါးခဲ့တာလို့ မန္တလေးစာပေအသိုင်းအဝိုင်းက ပြောပါတယ်။ ဆရာညီပုလေးဟာ ၁၉၅၂ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်မှာ မန္တလေးမြို့မှာ အဖ လူထု ဦးလှ၊ အမိ လူထု ဒေါ်အမာတို့မှ မွေးဖွားခဲ့တာပါ။ အမည်ရင်းမှာ ငြိမ်းချမ်း (ခေါ်) ဘိုညို ဖြစ်ပြီး မွေးချင်းတွေထဲ ပဉ္စမမြောက်ဖြစ်ကာ အငယ်ဆုံးလည်း ဖြစ်ပါတယ်။ ကလောင်အမည် ‘ညီပုလေး’ ဖြစ်ပြီး အမျိုးသားစာပေဆုရှင်တစ်ဦးဖြစ်ပါတယ်။

မန္တလေးမြို့က ထင်ရှားသည့် စာရေးဆရာဆရာညီပုလေး ကွယ်လွန်
မန္တလေးမြို့က ထင်ရှားသည့် စာရေးဆရာဆရာညီပုလေး ကွယ်လွန်

▪️ရွှေဘိုမှာ ပျူလေးဦးတိုက်ခိုက်ခံရ အားလုံးသေ၊ လက်နက်လေးလက်ရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ဆင်အင်းကျေးရွာမှာ တပ်စွဲထားတဲ့ ပျုစောထီး လေးဦး စပါးသယ်ယူဖို့ ကင်းပုန်းဝပ်နေစဉ် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ လေးဦးစလုံး သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန PDF စစ်ရုံးချုပ်က ထုတ်ပြန်ပါတယ်။ မနေ့ နေ့ခင်းက ဆင်အင်းရွာနဲ့ မြင်းစီးကျေးရွာကြား ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ရွှေဘိုခရိုင် တပ်ရင်း (၄)နဲ့ ဆင်အင်းရွာ(ပကဖ)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဖော်ပြပါတယ်။ ရန်သူ့ဆီက ကာဘိုင် သုံးလက်၊ AK-47 တစ်လက်၊ ကျည် (၂၉၆) တောင့်၊ လက်ပစ်ဗုံး သုံးလုံး၊ ကျည်ဘောက် လေးခုနဲ့ ချပ်ဝတ်တန်ဆာ လေးခုတို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြပါတယ်။

(ပျူများထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - MOD-NUG)
(ပျူများထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ – MOD-NUG)

▪️မုံရွာခရိုင်အခြေစိုက် PDF ထုတ်လုပ်ရေးစခန်းတစ်ခုမီးလောင်ပြီး ကျပ်သိန်း ၃၀၀ ခန့် ဆုံးရှုံး

စစ်ကိုင်းတိုင်းအခြေစိုက် မုံရွာခရိုင်တပ်ရင်း (၂၊၃၊၄) Chindwin Attack Force အဖွဲ့ရဲ့ ထုတ်လုပ်ရေးစခန်းတစ်ခု မီးလောင်ပြီး လက်လုပ်လက်နက်များအပါအဝင် ကျပ်သိန်း ၃၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ တပ်ရင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ ဇွန်လ ၁၉ ရက်က လက်နက်ထုတ်လုပ်နေစဥ် မတော်တဆဖြစ်ပွားကာ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး သိုလှောင်ထားသော ယမ်းများ၊ ချေမှုန်းရေးရိုင်ဖယ်များ၊ လုပ်လက်စ လက်လုပ်များ၊ မော်တာများ၊ တွင်ခုံများအပါအဝင် ကျပ်သိန်း ၃၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ရှင်းပြပါတယ်။ ပြည်သူများအနေနဲ့ ဝိုင်းဝန်းကူညီထောက်ပံ့ပေးဖို့ Chindwin Attack Force အဖွဲ့ဝင် ရဲဘော်များက မေတ္တာရပ်ခံပါတယ်။

(Chindwin Attack Force အဖွဲ့၏ ထုတ်လုပ်ရေးစခန်း မီးလောင်မှုဖြစ်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-Chindwin Attack Force)
(Chindwin Attack Force အဖွဲ့၏ ထုတ်လုပ်ရေးစခန်း မီးလောင်မှုဖြစ်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-Chindwin Attack Force)

ဆက်စပ်သတင်းများ