နိုဝင်ဘာ ၂၃၊ ၂၀၂၆။ ထားမြတ်/People’s Spring
ချင်းတောင်ပိုင်းက ဒေသကာကွယ်ရေးတပ်တွေဖြစ်တဲ့ ချင်းဒေသကာကွယ်ရေးတပ်(CDF)-မင်းတပ်၊ CDF မတူပီ၊ CDF ကန်ပက်လက်၊ CDF ဒိုင်ရ် စတဲ့ တပ်တွေကို ချင်းပြည်သူ့အစည်းအရုံး (CPU/CPA) အဖြစ် စုစည်းနိုင်ခဲ့လို့ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ထိုးစစ်ကို နှစ်ဝက်ကြာ ခုခံထားနိုင်တာဖြစ်ကြောင်း CPU/CPA အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်က ပြောပါတယ်။
CPU/CPA ဖွဲ့စည်းမှု တစ်နှစ်တာ ခရီးနဲ့ပတ်သက်ပြီး The Kaladan Post နဲ့ အမေးအဖြေကဏ္ဍမှာ ဆလိုင်းယောမာန်က အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။
“CPU/CPA လို့သာ မစုစည်းနိုင်ခဲ့ရင် ဒီထိုးစစ်ကို ဘယ်လိုမှ ကာကွယ်နိုင်မှာ မဟုတ်ဘူး။အရင်ကလို မင်းတပ်တဖွဲ့၊ ကန်ပက်လက်တဖွဲ့ ၊ မတူပီတဖွဲ့ ဆက်နေကြတယ်ဆိုရင်တော့ ဒီထိုးစစ်ကို လုံး၀ ကာကွယ်နိုင်မှာ မဟုတ်ဘူး” လို့ ဆလိုင်းယောမာန်က ပြောပါတယ်။

Public Service Announcement
အာဏာသိမ်းစစ်တပ်က ချင်းတောင်ပိုင်းကို ထိုးစစ်ဆင်တာ တပ်မ သုံးမ နီးပါး အင်အား သုံးထောင်ကျော် အသုံးပြုထားတာလို့လည်း အသိပေးပါတယ်။
“၃၅၀၀ ဝန်းကျင်လောက်ကို အင်အားသုံးထားတယ်။ ဆိုတော့ အဲဒါကို တောက်လျှောက် ၆လ၊ ၇လလောက် တောင့်ခံနိုင်တယ်ဆိုတာက မြန်မာနိုင်ငံ တနိုင်ငံလုံးမှာ အဲဒီလောက် အင်အားသုံးတယ်ဆိုတာက ရက္ခိုင်ပြီးရင် ဒီချင်းတောင်ပိုင်းပဲရှိတယ်။” လို့ ဆလိုင်းယောမာန်က ပြောကြားပါတယ်။
အဲဒီလို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာကို ခုခံထားနိုင်တာဟာ အကြီးမားဆုံးအောင်မြင်မှု ဖြစ်တယ်လို့ ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ၂၀၂၆ မေလမှာ ချင်းတောင်ပိုင်းထိုးစစ်ကို ဖော်ဆောင်ခဲ့ရာ CPU/CPAနဲ့ မဟာမိတ်တွေ ပူးပေါင်းခုခံတိုက်ခိုက်နေတာဖြစ်ပါတယ်။ စစ်ရေးအခြေအနေအသေးစိတ်ကို CPU/CPA ဘက်က ထုတ်ပြန်လေ့မရှိပေမဲ့ စစ်တပ်ထိုးစစ်ဟာ အထိနာခဲ့ပြီး စစ်တပ်ဘက်က သေဆုံးထိခိုက်များသလို လက်နက်ခဲယမ်းသိမ်းရတာတွေရှိခဲ့ကြောင်း အသိပေးထားတာရှိပါတယ်။ ချင်းပူးပေါင်းတပ်က ရဲဘော်တွေ ကျဆုံးထိခိုက်တာတွေလည်းရှိခဲ့ပါတယ်။
လက်ရှိမှာ CPU/CPAဟာ နွေဦးတော်လှန်ရေးမှာ ပေါ်ပေါက်လာတဲ့ အခြား ချင်းဒေသကာကွယ်ရေးတပ်တွေနဲ့ တွေ့ဆုံဆွေးနွေးတာတွေ ပြုလုပ်ထားပြီး စစ်ရေးပူးပေါင်းဆောင်ရွက်ဖို့၊ စစ်တပ်ထိုးစစ်ကို ခုခံဖို့အပြင် စစ်တပ်ထိန်းချုပ်မြို့တွေ ကို အတူပူးပေါင်းထိုးစစ်ဆင်ပြီး ချင်းပြည်လွတ်မြောက်ရေးကြိုးပမ်းသွားမယ်ဆိုတဲ့ သဘောတူညီချက်တွေချမှတ်ထားတာရှိပါတယ်။
























































