နို၀င်ဘာ-၂၃၊၂၀၂၆။ဇော်၀င်း/People’s Spring
ကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းနေပြီး တစ်ဒေါ်လာ ကျပ် ၅,၂၀၀ ကျော်ဖြစ်လာသလို ၊ထိုင်းတစ်ဘတ် ၁၅၆ ကျပ်ကျော်ဈေးပေါက်နေတယ်လို့ ငွေလဲလုပ်ကိုင်သူတွေက ပြောပါတယ်။
ဒီကနေ့ (နိုဝင်ဘာ ၂၃ ရက်) မနက်ပိုင်းကတည်းက ပြင်ပငွေလဲလှယ်ရေးဈေးကွက်မှာ တစ်ဒေါ်လာ ၅,၁၇၀ ကျပ်ဈေးဖွင့်ခဲ့ပြီး ညနေပိုင်းမှာ ၅,၂၃၀ ကျပ်အထိ ဖြစ်လာတယ်လို့ ငွေကြေးဈေးကွက်ထဲမှ သိရပါတယ်။
ဒါ့အပြင် ထိုင်းဘတ်ငွေဈေးမှာလည်း ကျပ် တစ်သိန်းကိုဘတ်၆၃၈(၁ဘတ်မှာ ၁၅၆.၇၄ ကျပ်)သာရတော့တယ်လို့ သိရပါတယ်။

Public Service Announcement
“ဒေါ်လာရော၊ဘတ်ဈေးရော တောက်လျှောက်တက်တယ်။ဘတ်ကတော့ လိုသလောက်လဲရပေမယ့် ဒေါ်လာက ထုတ်လဲတဲ့သူရှားတယ်။လာရောင်းတဲ့သူတွေပဲ လက်ခံတယ်”လို့ ရန်ကုန်မြို့အခြေစိုက် ငွေလဲလှယ်ရေးလုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။
ကျပ်ငွေတန်ဖိုးကျဆင်းမှုရဲ့ အကြောင်းအရာတွေထဲမှာ လူမျိုးတုန်းသတ်ဖြတ်မှုမှာ အပြစ်ရှိတယ်လို့ မြန်မာအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့အမိန့်ချမှတ်မှု နဲ့ နိုင်ငံတကာငွေကြေးခဝါချမှု စောင့်ကြည့်အရေးယူရေအဖွဲ့ (FATF) ရဲ့ မြန်မာအပေါ် ကန့်သတ်မှုတွေ ဆက်လုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေ ပါ၀င်တယ်လို့ သူက အသိပေးပါတယ်။
ဒါ့အပြင် ပြည်တွင်းစီးပွားရေးအခြေအနေတွေအပေါ် တိုက်ရိုက်သက်ရောက်မှုရှိတဲ့ ဝန်ထမ်းတွေ ကိုလစာတိုးမြှင့်မယ့် အလားအလာနဲ့ ပြည်ပလုပ်သား၊ သင်္ဘောသားတွေရဲ့ တရားဝင်ငွေလွှဲနှုန်းတိုးမြှင့်လိုက်တာ အပါအ၀င် ကျပ် ဘီလီယံထောင်နဲ့ချီပြီ လိုငွေပြမှုတွေကြောင့်လည်း ကျပ်ငွေတန်ဖိုး ထပ်မံကျဆင်းနေတာလို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပါတယ်။
“ကုန်သွယ်ရေးမူဝါဒ အသစ်ဆိုတာထက် အပြောင်း အလဲပေါ်လာမယ်ဆိုပြီး ကြားရတယ်။အဲဒါကြောင့် ဒေါ်လာ ကြို၀ယ်တာတွေရှိတယ်။ကျပ်ငွေ ကိုကျစေမယ့် ကိစ္စတွေ တပြိုင်တည်းစုပြုံဖြစ်နေတာ”လို့ သူက ပြောထားပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာကတည်းက ဘက်ဂျက်လိုငွေအတွက် စစ်တပ်လွှတ်တော်ကတဆင့် ဗဟိုဘဏ်ဆီကချေးယူခွင့်ပြုခဲ့တာကြောင့် နိုင်ငံခြားငွေလဲနှုန်းတွေမြင့်တက်ခဲ့တာနဲ့ ကြောင့် ကျပ်ငွေ တန်ဖိုးကျဆင်းမှုတွေ ဆက်တိုက်ဖြစ်လာခဲ့တာပါ။
လက်ရှိကျပ်ငွေတန်ဖိုးကျဆင်းမှုနဲ့ နိုင်ငံခြားငွေလဲနှုန်း တွေဟာ ၂၀၂၄ စက်တင်ဘာနောက်ပိုင်း အမြင့်ဆုံး အခြေအနေ ဖြစ်ပါတယ်။
နိုင်ငံခြားငွေလဲနှုန်းတွေတက်တာက ကျပ်ငွေ တန်ဖိုးကျဆင်းမှု ဖြစ်ပြီး ပြည်ပကတင်သွင်းသုံးစွဲနေရတဲ့ ဆေးဝါး၊ စက်သုံးဆီ၊ စားသုံးဆီ၊ လျှပ်စစ်ပစ္စည်းနဲ့ ကုန်ကြမ်းပစ္စည်းတွေ ဈေးပိုမြင့်တက်လာမှာဖြစ်ပါတယ်။
နောက်ဆက်တွဲအနေနဲ့ ပြည်တွင်းထုတ်ကုန်တွေနဲ့ အစား အသောက်ဈေးနှုန်းတွေပါ လိုက်လံမြင့်တက်ပြီး ဝင်ငွေနဲ့ အသုံးစရိတ် မညီမျှတဲ့ အကြပ်အတည်းတွေကို ပြည်သူတွေရင်ဆိုင်နေရတာဖြစ်ပါတယ်။























































