နိုဝင်ဘာ-၂၃၊၂၀၂၆။ဒလပန်း/People’s Spring
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ် က နေအိမ် ၃၀၀ ကျော်ရှိတဲ့ ဘန့်ဘွေးကုန်းကျေးရွာက ပြည်သူတွေရဲ့နေအိမ်လုံးနီးပါးကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒီနေ့ (နိုဝင်ဘာ ၂၃ )နေ့လည်၁၂ ဝန်းကျင်အချိန်မှာ စစ်တပ်က ဘန့်ဘွေးကုန်းရွာကို မီးထပ်ရှို့ခဲ့တာဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“ခုနေ့ခင်းဘန့်ဘွေးကုန်းရွာကိုမီးထပ်ရှို့တာ အကုန်ကုန်ပါပြီ။ တစ်အိမ်မကျန် အကုန် ကုန်ပါပြီ အားလုံးပေါင်း အိမ်ခြေ သုံးရာကျော် ရှိပါတယ် “လို့ ပြောပါတယ်။

Public Service Announcement
အာဏာသိမ်းစစ်တပ်က ဘန့်ဘွေးကုန်းရွာကို ၂၀၂၆ခုနှစ် ဧပြီလမှာ ၂ ကြိမ် ၊ အခုနိုဝင်ဘာမှာ ၂ ကြိမ် စုစုပေါင်း ၄ ကြိမ်တိုင် မီးရှို့ဖျက်ဆီးခဲ့တာလည်းဖြစ်ပါတယ်။
ဘန့်ဘွေးကုန်းကျေးရွာကိုမီးရှို့ဖျက်ဆီးနေတဲ့ စစ်တပ်စစ်ကြောင်းဟာ နိုဝင်ဘာ ၂၀ ရက်မှာ ရှာစေးဖို့ကျေးရွာကနေထွက်လာတဲ့ အင်အား ၁၅၀ ဝန်းကျင်ပါ စစ်ကြောင်းဖြစ်ပါတယ်။
အဲ့ဒီစစ်ကေကြာင်းဟာ နတ်တလင်းမြို့နယ်အတွင်းက ကျေးရွာတွေကို လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ဒရုန်းတွေနဲ့ဗုံးကြဲတာ ၊နေအိမ်တွေကိုမီးရှို့ဖျက်ဆီးတာတွေလုပ်နေသူတွေလည်းဖြစ်ပါတယ်။
ဒါ့အပြင် နိုဝင်ဘာ ၁၇ရက်နေ့ကလည်း အဲ့ဒီစစ်ကြောင်းဟာ ကျောက်ခွက်ကျေးရွာနဲ့ အနီးအနားဝန်းကျင်ကို လက်နက်ကြီး၊ ဒရုန်းနဲ့ ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၆ ဦးသေဆုံးခဲ့ပြီး ၅ ဦးဒဏ်ရာရရှိခဲ့ပါတယ်။
လက်ရှိမှာအဲဒီ စစ်ကြောင်းဟာဘန့်ဘွေးကုန်းရွာထဲမှာတပ်စွဲထားပြီး တော်လှန်ရေးတပ်တွေနဲ့ စစ်ရေးတင်းမာနေတယ်လို့ ဒေသခံအချို့ကပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်နေ့ကလည်း ဘန့်ဘွေးကုန်းရွာမှာ စစ်တပ်စစ်ကြောင်းကိုတော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ပြီးစစ်တပ်မှအရာရှိ ၁ ဦးအပါအဝင် ၆ ဦးသေဆုံးခဲ့ပါတယ်။
အခုလို စစ်တပ်စစ်ကြောင်းထိုးဝင်လာတာကြောင့် ဘန့်ဘွေးကုန်းရွာအပါအဝင် အနီးအနားကျေးရွာက ဒေသခံတွေဟာ ဘေးလွတ်ရာထွက်ပြေးနေရပြီ အကူအညီတွေလိုအပ်နေတယ်လို့ စစ်ရှောင်ကူညီသူတွေထံက သိရပါတယ်။
























































