နိုဝင်ဘာ−၂၃၊၂၀၂၆၊ဇော်ရမ်း/People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှု တိုးမြင့်လုပ်ဆောင်နေပြီး မြို့ခံတွေကိုလည်း ထွက်ခွာခွင့်မပေးဘဲ လူသားဒိုင်းအဖြစ် အသုံးပြုနေတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ SHRF က ထုတ်ပြန်ပါတယ်။
မိုးမိတ်မြို့နယ်မှာ ပြီးခဲ့တဲ့အောက်တိုဘာကစတိုက်ပွဲဖြစ်ခဲ့ပြီး နိုဝင်ဘာလဆန်းမှာ တိုက်ပွဲတွေပိုမိုပြင်းထန်လာတာပါ။ တိုက်ပွဲတွေအတွင်း စစ်တပ်ရဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ ဒေသခံတွေရဲ့အခက်အခဲကို SHRF က ဒီကနေ့ နိုဝင်ဘာ၂၃ရက်မှာ ထုတ်ပြန်တာ ဖြစ်ပါတယ်။
မိုးမိတ်-မဘိမ်းလမ်းအတိုင်း ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်တွေက တိုက်ခိုက်နေပြီးတိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။

Public Service Announcement
တိုက်ပွဲတွေ ပြင်းထန်နေစဉ် စစ်တပ်က မိုးမိတ်မြို့မြောက်ဘက်ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ အရှိန်မြင့်လုပ်ဆောင်နေတယ်လို့ SHRF ကဆိုပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၁ဦး သေဆုံးပြီး ၃ဦး ဒဏ်ရာရခဲ့တယ်လို့ SHRF ကထုတ်ပြန်ထားပါတယ်။
စစ်တပ်က မဘိမ်း – မိုးမိတ်လမ်းအတိုင်း ကျောက်တောင်ကျေးရွာ(၇မိုင်ကျေးရွာ)၊၅ မိုင်နဲ့ ၄ မိုင် ကျေးရွာတွေဘက်ကို ဆုတ်ခွာခဲ့ရတယ်လို့ သတင်းရရှိပါတယ်။ ဆုတ်ခွာနေစဉ်မှာ ကျေးရွာတွေကိုလေကြောင်းတိုက်ခိုက်ခဲ့သလို ဒေသခံတွေကိုလည်း ပိတ်ဆို့ထားခဲ့တယ်လို့ SHRF ကထုတ်ပြန်ထားပါတယ်။
တိုက်ပွဲကြား ပိတ်မိမှာကို စိုးရိမ်တဲ့ ဒေသခံတွေက ထွက်ပြေးတိမ်းရှောင်ဖို့ကြိုးပမ်းပေမယ့် စစ်တပ်ကထွက်ခွင့်မပေးဘဲလူသားဒိုင်းအဖြစ် ပိတ်လှောင်ထားခဲ့သလို နိုဝင်ဘာလ၁၇ရက်မှာ ထွက်ခွာခွင့်ပေးခဲ့တဲ့နောက်ပိုင်း အိမ်တွေကို တစ်အိမ်တက်ဆင်း ဝင်ရောက်ပြီး ဆန်၊ စားနပ်ရိက္ခာနဲ့ အဖိုးတန်ပစ္စည်းတွေ လုယက်ယူဆောင်သွားတယ်လို့ ထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာ ၁၄ရက်ကနေ ၁၉ရက်အထိ လေကြောင်းကနေအကြိမ်ကြိမ်ဗုံးကြဲခဲ့လို့ အရပ်သားအချို့ထိခိုက်ပြီးနေအိမ်တွေ ပျက်စီးခဲ့တယ်လို့ SHRF က ထုတ်ပြန်ထားပါတယ်။ တိုက်ပွဲကဆက်လက်ပြင်းထန်နေပြီး စစ်တပ်က မြို့အနီး ၂မိုင်အထိ ဆုတ်ခွာနေရတယ်လို့သိရပါတယ်။
မြို့ထဲမှာကျန်ရှိနေတဲ့ဒေသခံတွေကိုလည်း ထွက်ခွင့် မပေးဘဲပိတ်ဆို့ထားတယ်လို့SHRF ကထုတ်ပြန်ထားပါတယ်။
စစ်တပ်က ၂၀၂၆ နှစ်ဆန်းပိုင်းကစပြီး မိုးမိတ်-မဘိမ်းလမ်းအတိုင်း ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းကို စစ်ကြောင်းထိုးဖို့ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာကတိုက်ပွဲတွေမှာတော့ KIAပူးပေါင်းတပ်တွေက စစ်ရေးအသာစီးရလာပြီး စစ်တပ်စစ်ကြောင်းတွေက မိုးမိတ်မြို့ဘက်ကိုပြန်ပြီးဆုတ်ခွာလာရတာလို့ သိရပါတယ်။
မိုးမိတ်- သပိတ်ကျင်းလမ်းပိုင်းမှာလည်း တိုက်ပွဲတွေပြင်းထန်နေပြီး တွင်းငယ်ရွာအနီးက စစ်တပ်ရဲ့အဓိကစခန်းဖြစ်တဲ့ကင်းချောင်းစခန်းကို နိုဝင်ဘာ ၁၉ရက်မှာ KIAနဲ့ပူးပေါင်းတပ်တွေက သိမ်းယူလိုက်ပါတယ်။ မိုးမိတ် -မဘိမ်းလမ်း မိုးမိတ်မြို့အနီးနဲ့မိုးမိတ်- သပိတ်ကျင်းလမ်းမှာလည်း ဒီနေ့ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

























































