အခြေခံ ဥပဒေကို ချိုးဖောက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထိုင်းအဓိက အတိုက်အခံ နိုင်ငံရေး အင်အားစု Move Forwardပါတီ (MFP)ကို ဖျက်သိမ်းစေဖို့ ထိုင်းအခြေခံ ဥပဒေ ခုံရုံးက အမိန့်ချလိုက်ပါတယ်။
ဩဂုတ်လ ၇ ရက်နေ့ ညနေပိုင်း ခုံရုံး စီရင်ချက် ထွက်ပေါ်မလာခင်ကတည်းက တရားသူကြီးတွေဟာ MFPကို ဖျက်သိမ်းစေလိမ့်မယ်ဆိုတဲ့ ထင်ကြေးတွေ ကျယ်ကျယ်ပြန့်ပြန့် ကြိုတင် ထွက်ပေါ်နေခဲ့ပါတယ်။
ပြုပြင်ပြောင်းလဲရေး ဝါဒီ နိုင်ငံရေး အင်အားစု တစ်ခုအဖြစ် ကြွေးကြော်ထားတဲ့ MFPဟာ ထိုင်းဘုရင်စနစ်ကို အလွန်အကျွံ အကာအကွယ် ပေးထားတဲ့ ဥပဒေ တစ်ခုကို ပြင်ဆင်ရေးအတွက် ရွေးကောက်ပွဲကြို မဲဆွယ်ခဲ့တာနဲ့ ပတ်သက်လို့ ပြဿနာ တက်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီ လုပ်ရပ်ဟာ ထိုင်းဖွဲ့စည်းပုံ ဥပဒေကို ချိုးဖောက်ရာမြောက်တဲ့အတွက် MFP ဖျက်သိမ်းရေးကိစ္စ စိစစ် လုပ်ဆောင်ပေးဖို့ ခုံရုံးကို ထိုင်းရွေးကောက်ပွဲ ကော်မရှင် (EC)က မတ်လမှာ ဦးတိုက် လျှောက်ထားခဲ့ပါတယ်။

Public Service Announcement
MFPဟာ မနှစ်က ထိုင်းရွေးကောက်ပွဲမှာ အောက်လွှတ်တော် အမတ်နေရာ ၁၅၁ ခုထိ ရရှိခဲ့ပြီး ညွန့်ပေါင်းအစိုးရ ဖွဲ့ဖို့ထိ ကြိုးစားခဲ့ဖူးပေမယ့် လုံလောက်တဲ့ မဟာမိတ် အင်အားစုမျိုး မစည်းရုံးနိုင်ခဲ့တာကြောင့် အတိုက်အခံ အဖြစ်နဲ့သာ ရပ်တည်နေခဲ့ရပါတယ်။ ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲမှာ အင်အားကြီး ဖျူထိုင်းပါတီထက်တောင် လူထုထောက်ခံမှု ပိုရပြီး မဲအများဆုံး အနိုင်ရ ပါတီအဖြစ် ရပ်တည်ပြခဲ့တဲ့ MFPအတွက် ခုံရုံးရဲ့ အခုစီရင်ချက်ဟာ အရမ်း အထိနာစေမယ့် သဘောပါပဲ။
MFPမတိုင်ခင်က ကနဦးအစအဖြစ် ရှိခဲ့တဲ့ Future Forwardပါတီ (FFP)ဟာလည်း အလားတူ အခြေအနေမျိုး ကြုံခဲ့တာကြောင့် မျိုးဆက်သစ်တွေနဲ့ MFPကို ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၄ နှစ်လောက်တုန်းက FFPရဲ့ ထိပ်ပိုင်း ခေါင်းဆောင်တွေကို နိုင်ငံရေးမှာ ၁၀ နှစ်လောက် ပါဝင်ပတ်သက်ခွင့် မရဖို့ သီးခြား စီရင်ချက်ကိုလည်း အခြေခံ ဥပဒေ ခုံရုံးက ချမှတ်ခဲ့ဖူးပါတယ်။
ခုံရုံးရဲ့ ဆုံးဖြတ်ချက်ဟာ MFPအတွက် အတည်ဖြစ်ပြီး အယူခံ ဝင်ခွင့် မရှိတာကြောင့် ကျိန်းသေပေါက် ပါတီဖျက်သိမ်းရမယ့် အဓိပ္ပါယ် ဖြစ်လာပါတယ်။ လူထု ထောက်ခံမှု အများဆုံး ရထားတဲ့ ပါတီတစ်ခုကို အခုလိုမျိုး ဖိအားပေး ဖျက်သိမ်းစေတဲ့ ကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံရေးအရ နောက်ဆက်တွဲ ဘယ်လို ရိုက်ခတ်မှုတွေ ရှိလာမလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။
MFPက ပါတီကို ဖျက်သိမ်းစေဖို့ကိစ္စအတွက် ECဖက်က လျှောက်ထားတောင်းဆိုပိုင်ခွင့် မရှိကြောင်း ထောက်ပြပြီး ခုံရုံးမှာ ခုခံခဲ့ပေမယ့်လည်း အရာမထင်ခဲ့ပါဘူး။ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခုလောက်အတွင်း အတိုင်းအတာ တစ်ခုထိ များပြားတဲ့ ထိုင်းနိုင်ငံရေး ပါတီတွေဟာ ဖျက်သိမ်းပစ်ဖို့ ဥပဒေကြောင်းအရ ဖိအားပေးမှုတွေ ကြုံခဲ့ရဖူးပါတယ်။
ထိုင်းမှာတော့ ဘုရင်နဲ့ တော်ဝင်မိသားစုကို အလွန်အကျွံ အကာအကွယ် ပေးထားတဲ့ ဥပဒေ တစ်ခုဟာ အငြင်းပွားစရာတွေ ရှိနေတဲ့တိုင် ရေရှည်တည်တံ့နေဆဲ ဖြစ်ပါတယ်။ အဲဒီဥပဒေအရ ဘုရင်နဲ့ တော်ဝင်မိသားစုကို ပုတ်ခတ် စော်ကားသူတွေဟာ အမြင့်ဆုံး ထောင်ဒဏ် ၁၅ နှစ်ထိ ပြစ်ဒဏ် ကျခံရနိုင်ကြောင်း သိရပါတယ်။
ကိုးကား: ABC


















































