Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

■စစ်ပွဲထဲက အညာရင်သွေး ၉၅

အညာအိမ်ဝိုင်းကျဉ်းလေးထဲတွင် ယက်ကန်းစင်ပေါ်က တော်လှန်ရေးရဲဘော်လေး ၉၅ ကိုကျွန်တော် ကြည့်နေ မိသည်။ စစ်သင်တန်း လေ့ကျင့်ခန်းများက ကောက်စိုက်တာ လောက်မပင်ပန်းကြောင်း၊ ထို့ပြင် တပ်ဖွဲ့ ထဲတွင် ထောက်လှမ်း ရေးတာဝန်၊ထောက်ပို့ တာဝန်များထမ်းဆောင်မည်ဖြစ် ကြောင်း နှင့် အသက်ပြည့်လျှင် လက်နက်ကိုင်တိုက်မည် ဟုသူမက စိတ်အားထက်သန်စွာ ပြောနေသည်။

(အ​ခြေခံစစ်သင်တန်းတွင်ထူး ချွန်ဆုရ ၉၅)

ထရံပါးပါးလေးကာထားသော အညာတဲအိမ်ကျဉ်း လေးက ‌အပေါက်အပြဲ ၊ အကျိုးအပဲ့ တွေများ လွန်းလှ သည်။ အိမ်ထဲတွင် ယက်ကမ်းစင်ကြီးတစ်ခုသာ နေရာများများယူထားပြီး မိသားစုတစ်ခု အိပ်စရာ အခန်းငယ်လေး နှင့် ဗီရိုလေးတစ်လုံးက လွဲလို့ဘာမှ များများစားစားမရှိ။ ထိုမြေစိုက်တဲသာသာ ထဲတွင် အညာ သူ မိန်းမငယ်လေးက က ရိုးရာယက်ကန်းကို ခပ်မှန်မှန်ရက်လုပ်နေ၏။

မိန်းမငယ်လေးဟုဆိုသော်လည်းသူမအသက်က ၁၆ နှစ်ပြည့်ဖို့ လပိုင်းလိုသေးသည်။ အသားညိုညို နှင့် ခန္ဓာကိုယ် က လည်း ပိန်လှီသေးကွေးပြီး အရပ်က လည်း ငါးပေသာသာ မို့ ကလေးမလေးဟု သာခေါ် သင့်ပါသေးသည်။ သေးသွယ်သောသူ့လက်ချောင်းများကယက်ကန်းစင်သံ
တဂျောင်းဂျောင်း နှင့်အတူသွက် လက်စွာ ပြေးလွှားနေသည်။

မကြာသေးခင် လပိုင်းကမှ သူမှာ နံမည်အသစ်တစ်ခုရထားသည် “၉၅ “ တဲ့ ။
သူတို့၏ ရွာအနီးနားတွင် လျို့ဝှက် ပြုလုပ်ခဲ့ သော ပြည်သူ့ကာကွယ် ရေးတပ် (PDF) တွင်သင်တန်းတက်ခဲ့စဉ်က ဒီနံပါတ်က သူ၏ သင်တန်းသား အမှတ်စဉ် ဖြစ်သည်။ အခုတော့ တစ်ပတ်စဉ်ထဲဆင်း သူငယ်ချင်းတွေက သူ့နံမည်အရင်းထက် ၉၅ လို့ပဲ ခေါ်ကြတော့ သည်။ ယခုနှစ် ဖေဖော်ဝါရီ လထဲတွင် သင်တန်းပြီးဆုံးပြီးနောက် အိမ်ကိုပြန်လာခဲ့သည်။

“ အဆုံးထိတိုက်မှာပဲ၊ ဒီဆုံးဖြတ်ချက်ကိုတော့ ဘယ်သူမှတားလို့မရဘူး” ယက်ကန်းခတ် နေရင်း စစ်သင် တန်း တက်ရသည့် ရည်ရွယ်ချက်ကို သူမကပြောသည်။ သူမအသက်က စစ်ပညာသင်ရန်ငယ်ရွယ်သေးပြီး ပြင်းထန် သော လေ့ကျင့်ခန်းများအတွက် သူမခန္ဓာကိုယ်က သေးငယ်လွန်းနေသည်ဟု သူမကိုကြည့်ရင်း ကျွန်တော် တွေးနေမိ၏။

Public Service Announcement

Public Service Announcement

ဖေဖော်ဝါရီ ၁၀ ရက်နေ့က စစ်ကိုင်းတိုင်း၊အနောက်မြောက်လွင်ပြင်ထဲမှ ကျေးရွာ တစ်ရွာတွင် ပြုလုပ်ခဲ့သည့် အခြေခံ စစ်သင် တန်းဆင်း ပွဲတစ်ခုကိုရောက်ဖြစ်ခဲ့သည်။ KNU သင်တန်းဆင်း လူ ငယ် များ ဦးဆောင်ပြီး စစ်သင်တန်းပြသော ထို တစ်လကြာ သင်တန်းတွင်မိမိကျေးရွာကိုကာကွယ်ရန် စစ်ပညာ လာသင်ကြသည့် လူငယ်ရာနှင့်ချီ သင်တန်းတက်ခဲ့သည်။ လူငယ် ၉၀ကျော်ကအပြီးထိ တက်ရောက်ခဲ့သည်။

သင်တန်းဆင်း ပွဲတွင် မြို့နယ်အတွင်းက လက်နက်ကိုင်အဖွဲ့များစွာ တက်ရောက်ခဲပြီး အမျိုးသား ညီညွတ်ရေး အစိုးရ (NUG ) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပေး ပို့သော သဝဏ်လွှာကိုလည်း ဒေသ တာဝန်ခံတစ်ဦးက ဖတ်ကြား ခဲ့သည်။ ထို့နောက် အစီအစဉ် အရ သင်တန်းဆရာများက သင်တန်းတစ်လျှောက်” အထူးဆု” ကို သင် တန်း သား အမှတ် “၉၅” က ရရှိကြောင်းကြေငြာသည့်အခါ လူအုပ်ထဲမှရှေ့သို့ ထွက်လာသော သူမကို ကြည့်ပြီး ကျွန် တော် အံ့အားသင့် ခဲ့ရသည် ။

ကြက်ဆံမြှီးကျစ်နှင့်လျှာထိုးဦးထုတ်ဆောင်းထားသည့် ကလေးမလေးက အကျီအနက်နှင့် ဘောင်းဘီအရှည်ကို ဝတ်ဆင်ထားသည်။သင်တန်းကွင်းရှေ့သို့ထွက်လာကာ PDF အလံကို အလေးပြု၊ ဆုကို လက်ခံနေတာကတကယ့် စစ်သမီး တစ်ယောက်လိုပင်။

“ဒီကလေးမက ဘက်စုံထူးချွန်တာဗျ၊အမိန့်နာခံမှုရော၊ သက်လုံရော ပထမပဲ။ သေနတ်ပစ် လေ့ကျင့်တော့လည်း သူ့ကို သင်တန်းတစ်ခုလုံး ဘယ်သူမှ မမှီဘူး” ဟုစစ်သင်တန်းပေးရာတွင်ပါဝင်သည့် သင်တန်းဆရာ ရဲဘော်ကြီး က မှတ်ချက်ပေးသည်။ ရဲဘော်ကြီးက အဆိုပါရွာနားမှာပဲနေသည့် စစ်သားဟောင်းတစ်ဦးဖြစ်သည်။ တပ်ထဲကထွက်လာတာတော့ ကြာပြီ အခုတော့ ၎င်းတို့ရွာအနီးတစ်ဝိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့စည်းဖို့လူစုဆောင်းရေးလှုပ်ရှားနေသူ ဖြစ်သည်။

သူ့၏ သင်တန်းသူ ၉၅ နှင့်ပတ်သတ်ပြီး ယခုမှတ်ချက်ပြောသည်“ လူပျိုအရွယ် တွေ၊ အရွယ်ကောင်း ယောကျာ်းကြီးတွေပါ လာတက်တဲ့ သင်တန်းမှာ ဒီကလေးမ ကိုရွေးပြီး ထူးချွန် ဆုပေးရ တယ် ဆိုထဲက သူ့ရဲ့စိတ်အားထက်သန်မှုကို မှန်းကြည့်တော့ ” ဟု။

ဒီလိုနှင့် ၉၅ တို့အိမ်သို့ ရောက်အောင် သွားဖြစ်ခဲ့သည်။ အထက်မှာ ဆိုခဲ့သလို သူတို့မိသားစုအိမ်လေးက အကာအရံမလုံခြုံ၊ ဆင်းရဲ နုံချာသည် ဟုပဲ ပွင့်လင်းစွာပြောပါမည်။ မိဘများက အသက်ကြီးပြီး ရိုးအကြသည်။ မြို့တက်ပြီး အလုပ်လုပ်နေသည့် အမတစ်ယောက်ရှိသည်။ ၉၅ ကတော့ အသက် ၁၃ လောက်ထဲက ကောက် စိုက်ချိန်စိုက်၊ ယက်ကန်းချိန် ခက်ပြီး မိသားစုဝင်ငွေ ဝိုင်း ရှာပေးနေသည့် ကလေးမတစ်ယောက် ဖြစ်သည်။

ကျွန်တော့ပုံစံက ချိုတဲ့သော်လည်း ထူးချွန်သည့် ကျောင်းသူ တစ်ယောက်ကို ပညာရေးစာစောင် အတွက်အင်တာဗျူးနေသည် ပင်တူနေသေးသည်။ သို့သော် ကလေးမလေးက
၇ တန်းအထိသာ ကျောင်း နေဖူး သည်။ စားဝတ်နေရေးကြောင့် ကျောင်းနားပြီး ယက်ကန်းခတ်နေရာမှ စစ်တပ်ကအာဏာသိမ်းသည့်နောက် စစ်မီး က သူတို့ရွာ နားအထိကူးစက်လာသော အခါ သူ့ ကျောင်း ပညာရေးကအကန့်အသတ်မရှိ ရပ်တန့် သွားခဲ့ သည်။

“ သမီးက ကျောင်းနေတုန်းကလည်း ထူးချွန်တဲ့အထဲမှာပါတယ် ” ဟု ၉၅ ၏ အမေက ခပ်အေးအေးသာ ပြောနေပေမယ့် ဝမ်းနည်းစရာကောင်းသော စကားဟု ကျွန်တော်ခံစားမိပါသည်။
၂၀၂၁ ခုနှစ် ကုန်ခါနီး နှောင်းပိုင်းလများတွင် အညာဒေသ ရှိကျေးရွာများသည် စစ်ကောင်စီတပ်၏ အသည်းအသန် ဖိနှိပ်ရက်စက် မှုများကြားထဲမှ ကုန်းရုန်းထခဲ့ကြပြီး တော်လှန်ရေး တဆင့် မြှင့်ပေးခဲ့ကြသည်။ သွေးနှင့် ချွေးများ၊ စည်းစိမ်များ ရင်းပြီး လက်ရှိတိုးတက်မှုကိုပြခဲ့ကြသည်။

ယခုလက်ရှိ ၂၀၂၂ ၊စစ်ကိုင်းတိုင်း မျက်မှောက် အခြေ အနေ ကိုကြည့်လျှင် အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) မြောက်ပိုင်းတိုင်းစစ်ဒေသအတွင်း တပ်ရင်း တပ်ဖွဲ့များ၊ ရပ်ရွာ ပကဖ အားကောင်းမောင်းသန်ရှိလာပြီး နယ်မြေစိုးမိုးလာနိုင်မှု၊ အခွန်ကောက်ရန်စဉ်းစား လာနိုင်မှု စသည့် ရလဒ်တို့ တွင် တောင်သူရွာခံများ၏ပေးဆပ်နိုင်မှု၊ လယ်သမား​တော်လှန်​ရေးသမားကြီးတို့၏ အနစ်နာခံ မှုများ က ထုံမွှမ်းနေသည်ကိုငြင်းမရပေ။ ၉၅ တို့မြို့နယ်သည်လည်း ထိုထဲက တစ်ခု ဖြစ်သည် ။ တော်လှန်ရေး အရှိန်ပြင်းသည့် ဝန်းကျင်ဖြစ် သည့် အလျောက် အကြမ်းဖက်စစ်​ကောင်စီတပ်ကလည်းအပြင်းအထန်ဖိနှိပ်နေသည်။

လက်ရှိအချိန်ထိသူတို့မြို့နယ်တွင်အပြစ်မဲ့ ပြည်သူ ၆ ဦး (၂ ဦးကို မီးရှို့သတ်ဖြတ်) နှင့် တော်လှန်ရေးရဲဘော် ၁၄ ဦးကို စစ်တပ်ကသတ်ဖြတ်ခဲ့သည်။ လူ ၈၀ ကျော်ဖမ်းဆီးခံထားရပြီး ရွာပေါင်း ၁၀ ရွာလောက်ကို စစ်တပ်က မီးဝင်ရှို့ထားသည်။ အိမ်ပေါင်း ၁၆၂ အိမ်က ပြာဖြစ်သွားခဲ့ပြီဖြစ်သည်။

၉၅ နေထိုင်သည့်ရွာကိုလည်း ၂၀၂၁ မေ လလောက်ထဲက စစ်ကောင်စီတပ်သားတွေဝင်ပြီး မွှေသွားခဲ့ပြီးပြီ ။သူမတို့၏ ရွာနီးချုပ်စပ် အများအပြားကို အာဏာသိမ်းစစ်တပ်က သတ်သူကိုသတ်၊ မီးရှို့သည်ကိုရှို့ … ဒီဖြစ်ရပ် တွေက ရွာရှိ ယောကျာ်း၊မိန်းမ၊ ကလေး တွေကိုကြောက်လန့်စေမည့် အစား နာကျည်း မကျေနပ်ချက်တွေအ ဖြစ်သာပြောင်းလဲသွားသည်။

“ ဒီ စစ်တပ်ကို မတော်လှန်နဲ့ ပြန်မလုပ်နဲ့ လို့ သိကြားမင်းဆင်းတားရင်တောင်မရဘူး၊ သိကြားမင်းက သူ့တို့ဘက်က ပါနေရင် သူ့ကိုပါပစ်မှရမယ်” ဟု ၉၅ကသူ့ခံစားချက်ကိုပြောပါသည်။
၂၀၂၂ ခုနှစ် ဇန်နဝါရီလ၏တစ်ခုသော ညနေခင်းတွင် ၉၅ တို့နေထိုင်သည့် ရွာအနားကို သူတို့မြိုနယ်ရှိ ဒေသခံပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ဖွဲ့အချို့ ဖြတ်သန်းသွားမည်ဟု ကြား၍ ရွာသားတွေက ရိက္ခာ ထောက်ပံ့ဖို့ပြင်ဆင်ကြသည်။ သူမလည်း တံစဉ်ကိုင်ပြီး ပဲခင်းတွေကူရိတ်ဖို့ လူအုပ်နှင့်အတူ လိုက်ပါကူညီ ခဲ့သည်။ ထိုလယ်ကွင်း ထဲမှာပင်သိရသည့် သတင်း က ရွာနားရောက်လာသည့် PDFအဖွဲ့မှာ ကျေးရွာ ကာကွယ်ရေး အဖွဲ့မရှိသေးသည့် သူမတို့ရွာတွင် အခြေစိုက်အဖွဲ့ တစ်ခုထောင်ရန် လူလာစုခြင်းဖြစ်သည်။

၉၅ တစ်ယောက် မြေပဲခင်းတွေရိတ်နေရင်းပင် ဆုံးဖြတ်ချက်ချခဲ့သည်ဟု ကျွန်တော်ကိုပြန်ပြောပြပါသည်။

(အ​ခြေခံစစ်သင်တန်းတွင်ထူး ချွန်ဆုရ ၉၅)

“ အိမ်မှာက အရွယ်ကောင်းက သမီးပဲရှိတာ၊ကိုယ့်ရွာအတွက်လည်း တာဝန်ကျေချင်တယ်” ဟုသူမကပြော သည်။

ထပ်၍ “ သမီးကို မဝင်ခိုင်းလည်း ရအောင်ဝင်မယ်လို့ စဉ်းစားထားပြီးသား၊ သူတို့ ခိုင်းတာကို လည်းရ အောင် လုပ်ပြ မယ်လို့တွေးထားတယ် “ဟု ၎င်းကဆိုပါသည်။ မိဘများက အသက်ငယ်ရွယ်သေးသည့် ၉၅ ကိုတားဆီးကြ သည်။ ကြိမ်းမောင်းပြော သည်။ ၉၅ က ထမင်းမစား၊ စကားမပြောဘဲ ဆန္နပြသည်။ နောက်ဆုံးတော့ လည်း သင်တန်း ဆရာကို မိဘကိုယ်တိုင်လိုက်အပ်ပေးရ တော့သည်။
၉၅ ၏အမေက ယခုလိုမှတ်ချက်ပေးသည်။ “ကိုယ်ကလည်း သူ့ကို တခြားနေရာတော့လိုက်မသွားစေချင်ဘူး၊ ကိုယ့်ရွာအဖွဲ့မှာပဲ ဝင်လုပ်ရင်‌တော့ခွင့်ပြုပေးပါ့မယ် သမီးရယ် ဆိုပြီး ကတိတောင်းရတာပေါ့” ။ ဟူ၍ ။

အညာဒေသ၏ အခြေခံ စစ်သင်တန်းများသည် ထန်းပင်အကာရံသာရှိသော ပြောင်ရှင်းနေသည့် ကွင်းပြင်များ တွင် ပြုလုပ်ရသည်မို့ စစ်တပ်၏ ရဟတ်ယာဉ် များကို အလွန်ပင်သတိထားရသည်။ မုံရွာ နှင့် ရွေဘို လမ်းသည် ထောက်ပို့ရဟတ်ယာဉ်များမကြာခ န ပျံသန်းတက်သည့်လမ်းကြောင်းလည်းဖြစ်သည်။ ၉၅ တို့ သင်တန်း ပေးနေစဉ်တုန်းက ရဟတ်ယာဉ်တစ်ကြိမ်ဝဲပျံဖူးသလို သင်းတန်းဆင်းပွဲပြုလုပ်သည့်နေ့ကလည်း စစ်တပ် ရဟတ်ယာဉ်က ကောင်းကင်ပေါ်ဝဲ၍လာသည်။ ရဲဘော်ကလေးများသည် သင်တန်းကွင်းကို လျှင်မြန်စွာ ရှင်းလင်းပြီး ချက်ခြင်းပြေးကြ၊ ပုန်းတော့သည်။ ရဟတ်ယာဉ်ပေါ်မှ လှမ်းကြည့်၍ မမြင်အောင် လယ် ကန်သင်းရိုး ခြုံပုတ် များတွင် မလှုပ်မရှပ် ငြိမ်သက်စွာပုန်းနေရသည်။

လွန်ခဲ့သည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့က မြင်းမူမြို့နယ် ပဒတ္ထိုင်း ရွာတွင် အခြေခံ စစ်သင် တန်းဆင်းပွဲ ပြုလုပ်နေစဉ် စစ်ကောင်စီတပ်များက ရဟတ်ယာဉ် (၅)စင်းဖြင့် လာဝိုင်း ကာ လက်နက် ကြီးများပစ်ခက်ခဲ့သည်။ ရွာကိုလည်း နာရီပေါင်းများစွာ ဝိုင်းဝန်းပိတ်ဆို့ ကာ လူ ၇၀ လောက်ကို ဖမ်းထားပြီး လူ ၁၁ ဦးကိုသတ်ဖြတ်သွားခဲ့သည်။ ထိုထဲမှ၈ ဦးမှာ ရက်စက်စွာ မီးရှို့သတ်ခံရခြင်းဖြစ်သည်။

၂၀၂၂ ခုနှစ် အစက စစ်ကိုင်းတိုင်းအတွင်း လှည့်ပတ်သွားလာခဲ့ရာ စစ်သင်တန်းအချို့ ကို ကိုယ်တိုင် မြင်တွေ့ ခဲ့ရသည်။ ရွာအနီး သင်တန်း၊ တောထဲသင်တန်း စသည့် သင်တန်းတိုင်းတွင် ငယ်ရွယ်သော တက်ကြွသော၊ တချို့ အသက်မပြည့်သေးသော လူငယ်များ ကိုအံ့အားသင့် စရာကောင်း အောင် မြင်တွေ့ခဲ့ရသည်။ သေဘေးနှင့် နီးမှန်းသိလျက် ကိုယ့်စိတ်ဓါတ်နှင့်ကိုယ် တာဝန်ထမ်းဆောင်ရန်လိုလိုလားလားဝင်လာခြင်းဖြစ်၏။ ၁၅နှစ် ၁၆ နှစ်ခန့် လူငယ်လေးများ၊ ကျစ်ဆံမြှီးငယ်နှင့် သေးသွယ်ပါးလျသည့် ကလေးမလေး များကို ရံဖန်ရံခါမှ မဟုတ်ဘဲ ခဏခဏ မြင်တွေ့ရပါသည်။

မိဘများက ခွင့်မပြုလို့ အိမ်က ထွက်ပြေးပြီး PDF ထဲဝင်လာသည့် အသက်မပြည့်သူ အမွှာညီကို တစ်တွဲ လည်းရှိသလို သီလရှင်လူထွက်လာသည့် မိန်းမငယ်လေး လည်း တွေ့ခဲ့ ရသည်။ ပြည်သူကိုကာကွယ်ရန်ဖွဲ့စည်းထားသည်ဆို​သော စစ်တပ်ကိုယ်တိုင်က စစ်ဗိုလ်ချုပ်များအကျိုးစီးပွားအတွက်ပြည်သူများကို ရက်ရက်စက်စက်သတ်ဖြတ် ၊​​နေအိမ်စည်းစိမ်ဥစ္စာများကိုဖျက်ဆီး​နေ​သောအခါ အသက်အရွယ်နှင့်ပင်မဆိုင်အသိ့တရားရှိသူတိုင်းက ပြည်သူအချင်းချင်းအကာအကွယ်​ပေးရန်၊စစ်အာဏာရှင်ကို​မောင်းချရန် ကြိုးစား​နေကြခြင်းပင်ဖြစ်သည်။ ​ကျောင်းတက်​နေရမည့် ငယ်ရွယ်ပျိုမြစ်လှ​​သောအရွယ်များမှာ စစ်​ဘေးမှထွက်​ပြေး​နေရခြင်း ၊စစ်သင်တန်းတက်​ရောက်​နေရခြင်းအဖြစ်သို့တွန်းပို့သလိုဖြစ်ခဲ့ကြရသည်။

သို့သော် အသက်ပြည့်လုနီး ခန္ဓာကိုယ်သန်စွမ်းသူ လူငယ် အချို့သာ လက်နက်ကိုင် တိုက်ပွဲဝင်ကြရပြီး အများစု ကတော့ နောက်တန်းတာဝန်၊ ထောက်ပို့တာဝန်များသာ ထမ်းဆောင်ရလေ့ရှိပါသည်။ငယ်ရွယ်​သော ရဲဘော် များအကြောင်းကို ဂုဏ်ဖော်ပြီးပြောနေစရာ မဟုတ်သလို နားခါးစရာအဖြစ် ဖုံးဖိ၍ပြောစရာ လည်း မလိုဟု ကျွန်တော်ထင်သည်။ ဒါက လက်တွေ့ဖြစ်ပျက်နေ သော အခြေ အနေ ပင်ဖြစ် သည်။ အာဏာသိမ်းပြီးနောက်ဆက်တွဲ.. စစ်မီး တောင်လောင်နေသော တိုင်းပြည်က လူငယ်တို့ကို မကာကွယ် နိုင်တော့သည့်အခါ လူငယ်များက တိုင်းပြည်ကို ကာကွယ်ဖို့၊ မိသားစုကို ကာကွယ်ဖို့ရာ တာဝန်ထမ်း ယူကြ ရသည်။

အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကတော့ ၁၈ နှစ်အောက် ကလေးငယ်များကို တော်လှန်ရေး တပ်သား အဖြစ် စုဆောင်းခြင်းမပြုရန် သတ်မှတ် လမ်းညွှန်ထားသည်။ လက်နက်ကိုင်တိုက်ပွဲအတွင်း ကလေးသူငယ် များကို အကာအကွယ်ပေးရန် လမ်းညွှန်ချက်ကိုလည်း မတ်လ(၄)ရက်ကထုတ်ပြန်ခဲ့သေးသည်။

“ ဖက်ဆစ်တပ် တွေက ရွာထဲဝင်လာရင် ကလေးဆိုပြီး ညှာမယ်ထင်သလား၊ အသက်မပြည့်သေးပါဘူး ဆိုပြီး မသတ်ဘဲနေမယ်ထင်လား “ ဟု အခြေခံစစ်သင်တန်းဆရာ ရဲဘော်ကြီးကပြောပါသည်။ “ ၉၅ လို အရွယ် ရဲဘော် တွေကို ဘာကြောင့် လက်ခံပြီးသင်တန်းပေးသလဲ ဆိုသည့်မေးခွန်းကို သူကဖြေသွားခြင်းဖြစ်သည်။

“ မိန်းမလေးငယ်တွေကျတော့ ရှေ့တန်းထွက် စစ်တိုက်ခိုင်းဖို့ဆိုတာထက်စစ်ပညာသင်ထားဖို့လိုတာကြောင့်လက်ခံတာ၊ ဒီလူငယ်တွေက အမိန့်နာခံမှုတစ်သားတည်းရှိနေရင် အရေးအကြောင်းဆို ရပ်ရွာကိုကာကွယ်ဖို့၊ ရွာကို လျှင်လျှင်မြန်မြန်ပြောင်းရွေ့ဖို့ လုပ်နိုင်မယ်၊ ” ဟု၎င်းကပြောသည်။ ထို့ပြင် လူငယ်လေးများ၏ စိတ်အား ထက်သန်မှု၊ စိတ်ဆန္နပြင်းပြမှုကိုလည်း တားနိုင်စွမ်းသူ့မှာမရှိကြောင်း ရဲဘော်ကြီးက ပြောပါသည်။

အညာဒေသ ကွင်းပြင် ထန်းပင် မြင့်မြင့်ကြီး များ အောက် တွင် အချိန်မရွေး လွယ်အိတ် တစ်လုံးနှင့် ချီတက် လှုပ်ရှား နေသော ရဲဘော်ငယ်လေးများကို တွေ့နိုင်ပါသည်။အကြမ်းဖက်စစ်တပ်နှင့် ရင်ဆိုင် တိုက်ပွဲများကြား အသက်ပေးလှူသွားသူများထဲ ငယ်ရွယ်လှ​သောရဲဘော်လေးများ ရှိနေပါသည်။ တကယ်တော့ စစ်ပွဲနှင့်မစိမ်းသော မြန်မာပြည်အတွက် အသစ်တော့မဟုတ်ပါ။ ၂၀၂၁ ခုနှစ် အာဏာမသိမ်းခင် အထိ မြန်မာပြည်တွင် ကလေး စစ်သား ၅၀၀၀၀ ခန့်ရှိနိုင်သည်ဟု နိုင်ငံတကာအဖွဲ့အစည်းများက ခန့်မှန်းထားကြသည်။

နှစ်ပေါင်းများစွာ စစ်တပ်၏ အနိုင်ကျင့်မှုနှင့်အစိုးရများ၏ မျက်နှာသာမပေးမှုကို တိုင်းရင်းသား ဒေသရှိ ကလေးငယ် တွေက ကြာမြင့်စွာခံခဲ့ရသည်။ စစ်ပွဲကြာရှည်သော ဒေသတွင်စစ်တိုက်ခြင်းကမဖြစ်မနေအလုပ် ဖြစ်လာသောကြောင့် အဓ္ဓမ စုဆောင်းခံရခြင်းများကြုံရ သည်။ စစ်တိုက်တာ အပြင်တခြားအလုပ် မရှိသော ကြောင့် ငယ်ငယ်နှင့်ပင် စစ်ထဲ ဝင်လာပြီး အသက်ကြီးသွားကြရ သည်။ ထိုပြဿနာများကို ဆေးမြှီးတို ဖြင့် အပေါ်ယံဖြေရှင်းကာ နှုတ်ဆိတ်နေခဲ့ကြရင်း စစ်တပ်က အာဏာသိမ်းလိုက်ရာမှ ပြည်သူများကိုပါသတ်ဖြတ်ဖိနှိပ်​သောအခါ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်မည်ဆို​သောသံဓိဠာန်ဖြင့် ဘယ်တုန်းကမျှမရှိဖူး​သောနိုင်ငံတစ်ဝန်းမှပြည်သူများကခုခံ​တော်လှန် ​ကြရင်းမြန်မာပြည်အလယ်ပိုင်းသို့ ရောက်လာခြင်းဖြစ်သည်။

အညာအိမ်ဝိုင်းကျဉ်းလေးထဲတွင် ယက်ကန်းစင်ပေါ်က တော်လှန်ရေးရဲဘော်လေး ၉၅ ကိုကျွန်တော် ကြည့်နေ မိသည်။ စစ်သင်တန်း လေ့ကျင့်ခန်းများက ကောက်စိုက်တာ လောက်မပင်ပန်းကြောင်း၊ ထို့ပြင် တပ်ဖွဲ့ ထဲတွင် ထောက်လှမ်း ရေးတာဝန်၊ထောက်ပို့ တာဝန်များထမ်းဆောင်မည်ဖြစ် ကြောင်း နှင့် အသက်ပြည့်လျှင် လက်နက်ကိုင်တိုက်မည် ဟုသူမက စိတ်အားထက်သန်စွာ ပြောနေသည်။

“ထူးချွန်ဆုက ဘာရလဲ “ဟု မေးသည့်အခါတွင်“ ဓါတ်မီးတစ်လက်ရတယ် ” ဟု သူမက အပြစ်ကင်းစွာပြုံးရင်း ပြောပါသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။