ရဲခေါင်/People’s Spring
ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတွင်ရှိ သော “ဒေါတမကြီး” ကျေးရွာသည် ကရင်နီလူမျိုးစုပေါင်းစုံ နေထိုင်သည့် ကျေး ရွာဖြစ်သောကြောင့် နိုင်ငံခြားသား ခရီးသွားဧည့်သည်များကို ဆွဲ ဆောင်နိုင်သည့် နေရာတစ်ခုအဖြစ်ပင် ၂၀၁၈ ခုနှစ်တွင် ရွေးကောက်ခံအရပ်သားအစိုးရကသတ်မှတ်ခဲ့သည်။
သို့သော် စစ်အုပ်စုက အာဏာသိမ်းပြီး နောက်ပိုင်းတွင် မူ အခြားကရင်နီဒေသကျေးရွာအများစုနည်းတူ “ဒေါတမကြီး” ကျေးရွာမှာလည်း စစ်တလင်းမြေ ဖြစ်လာရတော့သည်။
အထူးသဖြင့် ယခုမတ် ၈ ရက်နေ့က စစ်ကောင်စီ၏ အမှတ်(၂ )စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂) ၏ တပ်ရင်းများက ဒေါတမကြီးရွာ နှင့် ဆယ်မိုင်ပတ်ချာလည် နေရာများသို့ အထူးစစ်ဆင်ရေးဖြင့် အင်အားအများအပြားဖြင့် စတင် ဝင်လာခဲ့သည်။

မြေပြင် စစ်ရေးအချက်အလက်အရ ထိုးစစ်ဆင်လာသည့် တပ်ရင်းများမှာ ရှမ်းပြည်နယ်အခြေစိုက် ခလရ (၁၂)၊ ခမရ (၅၁၆ )နှင့် ခမရ (၅၁၅ )တပ်များဖြစ် သည်။ စစ်သားအင်အား ၃၃၀ ကျော်ဖြင့်ထိုးစစ်ဆင်လာခြင်းဖြစ်၏ ။
ထိုတပ်ရင်းများသည် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာ နချုပ် တိုင်းမှူးက တိုက်ရိုက်ကွပ်ကဲရသည့် တပ်များ ဖြစ်ပေသည်။

“အခု ၅၁၅ က အစွန်ဖက် ကထိုးလာတယ်။၅၁၆ က အလယ်ကထိုးတယ်။ နောက်တောင်ပေါ် က နောက်တစ်ကြောင်းက ထိုးတယ်။အဲဒီပုံစံနဲ့ သုံး ရင် တစ်ဗျူဟာနဲ့ စစ်ကောင်စီရဲ့ ဖွဲ့စည်းပုံ အတိုင်း ဝင်လာတာ” ဟု စစ်ကောင်စီ၏ အထူးစစ်ဆင်ရေးပုံစံကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တာဝန်ရှိသူက ရှင်းပြသည်။
စစ်ကောင်စီ စစ်ကြောင်းများဝင်လာသည် နှင့် တစ် ပြိုင်တည်း ကရင်နီပူးပေါင်းတပ်များက ခုခံစစ်ဆင်နွှဲ ခဲ့သည်။ ဒေါညင်းခူ ၊ ဒေါဆိုဖျ ၊ ဒေါတမကြီး ကျေးရွာများ၌ တိုက်ပွဲများ နေစဥ်ဖြစ်ခဲ့သည်။
ထိုစဥ် စစ်ကောင်စီ၏ စစ်ကြောင်း ဖြန့်ဝေမှု၊စစ် ကြောင်း လှုပ်ရှားမှု များ ကို ကရင်နီတပ်များက နေ့စဥ် မပြတ်ထောက် လှမ်းခဲ့သည်။ထို့နောက် တိုက်ပွဲ၏ အလှည့်အပြောင်းမှာမတ်လ ၂၀ ရက်တွင်ချက်ချင်းပြောင်းသွား သည်။
မတ် ၂၀ ရက်မှစ၍ ခုခံစစ်မှ တိုက်စစ်သို့ချက်ချင်းပြောင်းလိုက်ခြင်းပင်။
“စစ်ပွဲရဲ့ အနေအထားအရ ခုခံစစ် က နေ ထိုးစစ် ဆင်ဖို့ ဆိုတာ ရန်သူကို လေ့လာရတယ်။အဲဒီလေ့လာပြီး ရလာတဲ့ အချက်ကလည်း သေချာဖို့ ဖြစ်ရတယ်။ဒါကို သေချာ ဗျူဟာ မြောက် ကစားဖို့။ပြင် ဆင်ဖို့ ကြိုးစားခဲ့ရတယ်”ဟု ဒေါတမကြီး ကျေးရွာတိုက်ပွဲ၌ ပါဝင်ခဲ့သော ကရင်နီတပ်ဖွဲ့ဝင် က ပြောသည်။
ထို့နောက် ကရင်နီတပ်ပေါင်းစု၏ (မတ်လ ၂၀ ရက် မှ ၂၃ ရက်)အထိ ပြန်လှန် ထိုးစစ် ဆင်မှု၌ ဒေါတမကြီးကျေးရွာတွင် စစ်ကောင်စီ၏ ခမရ ၅၁၅ တပ်ရင်းတစ်ခုလုံး ပြုတ်ခဲ့ရသည်။
“၂၂ ရက်က ထိပ်တိုက်ချေမှုန်းရေး အဓိက အဆုံး အဖြတ်ပဲ ။ဒေါတမကြီးရွာထဲက သူတို့(စစ်ကောင်စီတပ်သားများ)အထိုင်ချထားတဲ့ နေရာကနေ ပြန်ထွက်ဖို့ထွက်ပေါက်လုံးဝမရှိတော့အောင် ပိတ်ဆို့ နိုင်ခဲ့တာ”ဟု အထက်ပါရဲဘော် က ဂုဏ်ယူစွာဖြင့် ပြောပြသည်။

သို့သော်ကရင်နီတပ်ပေါင်းစု၏ ဗျူဟာမြောက်တိုက်ပွဲဖော်ဆောင်ခဲ့မှု အသေးစိတ်ကိုမူ ယခုဆောင်းပါးတွင်ချန်လှပ်ထားပါသည်။
KA ၊KNDFတပ်ရင်းများ ၊နေပြည်တော်PDF ၊ဘော်လခဲ PDF တို့က ဗျူဟာကျကျ ခုခံတိုက်ခိုက်ခဲ့ကြသည်။

“ဒေါတမကြီး”ကျေးရွာ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖက်မှ အရာရှိများအပါအဝင် ၉၀ ကျော်သေဆုံးပြီး ၅၀ ထက်မနည်း ဒဏ်ရာရခဲ့သည်။ ကရင်နီပူးပေါင်းတပ်များက စစ်သား ၇ ဦးကိုလည်း စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးနိုင်ခဲ့သည်။
စစ်ကောင်စီထုတ် လက်နက်ချည်းပင် အ လက် ၄၀ စွန်းစွန်းရရှိခဲ့သည်။ MA-1 (၁၀)လက် ၊ MA- 2 (၁၀)လက် ၊ MA- 3 (၁၀)လက် ၊ MA-4 79တွဲ (၁)လက် ၊ 9MM ပစ္စတို ငါးလက် ၊ RPG နှစ်လက် ၊ (၆၀)မမ ပြောင်း (၂)ပြောင်း ခု ပါဝင်သည်။ဗုံးသီးနှင့် ခဲယမ်းများစွာ၊စစ်သုံးပစ္စည်းများစွာကိုလည်းသိမ်းဆည်းရရှိခဲ့သည်။

အရေးကြီးသလိုဗျူဟာမြောက်ကာနှစ်ပတ်ကျော်ကြာမြင့်သည့် “ဒေါတမကြီးကျေးရွာ”၏ ခုခံစစ် နှင့် ပြန် လှန်ထိုးစစ် တိုက်ပွဲများ၌ KNDF မှ ရဲဘော်နှစ်ဦး၊ ကရင်နီ တပ်မတော် KA မှ ရဲ ဘော်နှစ်ဦး နှင့် နေပြည်တော် PDF မှ ရဲဘော်တစ်ဦး နိုင်ငံတော်အနာဂါတ်နှင့်ပြည်သူများအတွက် အသက်ပေးလှူခဲ့ရ၏ ။
တပ်ရင်းတစ်ခုလုံးပြုတ်သွားသော စစ်ကောင်စီတပ်က ဒေါညင်းခူ၊ ဒေါဆိုဖျနှင့် ဒေါတမကြီး ကျေးရွာများကို လေ ကြောင်းပစ်ကူများစွာယူ၍ မတ်လ ၂၄ ရက်တွင် နေအိမ်တစ်ရာကျော်ကို အငြိုးကြီးစွာမီးရှို့ဖျက်ဆီးခဲ့သည်။

စစ်အုပ်စုသည် ဖေဖော်ဝါရီ လမှစ၍ ကရင်နီပြည်နယ်ကိုအင်အားအများအပြားဖြင့်ထိုးစစ်ဆင်ခဲ့ခြင်းပင်။ ဖေဖော်ဝါရီ လကုန်ပိုင်းတွင် ပင်းလောင်မြို့နယ် ဆောင်းပြောင်းကျေးရွာတိုက်ပွဲ၌ အထိနာခဲ့သောစစ်တပ်သည် ကရင်နီပြည်အတွင်းသို့ ပင်လောင်း၊ ရှားတော၊ ဒီးမော့ဆို နှင့် ဘောလခဲမြို့နယ်အသီးသီးတို့မှ စစ်မျက်နှာ (၄) ခုဖွင့်ကာ စုစုပေါင်း စစ်ကြောင်း (၁၂) ကြောင်းဖြင့်စစ်သားအင်အား ၂၀၀၀ ကျော်ဖြင့်အပြင်းအထန် ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။ကရင်နီပူးပေါင်းတပ်များ၏ စုစည်းစွာ၊ ရွတ်ရွတ်ချွံချွံဖြင့် ဗျူဟာမြောက် တိုက်ခိုက်မှုများကြောင့်ဖယ်ခုံတွင်ရော ၊ပင်လောင်းတွင်ရော ၊ဒီးမော့ဆိုတွင်ရော စစ်မျက်နှာပြင်တိုင်သေဆုံးထိခိုက်မှုအများအပြားဖြင့် အထိနာနေသည်။

ကရင်နီတပ်ဖွဲ့များ၏ ဗျူဟာမြောက်တိုက်ခိုက်မှုများက နိုင်ငံတစ်ဝန်းရှိ တော်လှန်ရေးအဖွဲ့များကို ခွန်အားများဖြစ်စေသည်။
” ဒီတစ်ခေါက်ထိုးတဲ့ စစ်ကောင်စီ စစ်ကြောင်းက အင်းအားလဲကြီး ဗျူဟာမြောက်များစွာလဲ သေသေချာချာလုပ်တာပေါ့။ အဲ့လို စစ်ကြောင်းကို အသာစီး ရပြီး အပြုတ်ဖြုတ်နိုင်တယ်ဆိုတော့ တော်တော်လေးကို ခွန်အားဖြစ်စေရပါတယ် “ဟုအနောက်ပိုင်း တပ်ရင်း ၇၀၃မှ PDF ရဲဘော်တစ်ဦးကပြောသည်။၎င်းသည် စစ်တပ်၏ တပ်မ ၆၆ မှ စစ်ကောင်စီ၏ မတရားမှုများကို ရွံ့မုန်း၍ ပြည်သူရင်ခွင်ခိုလှုံကာ CDMဝင်လာသည့် PDFတပ်သားတစ်ဦးဖြစ်သည်။
ဒေါတမာကြီးတိုက်ပွဲနှင့်ကရင်နီတိုက်ပွဲများကတော်လှန်ရေးအဖွဲ့တိုင်းအတွက်သင်ခန်းစာလည်းရစေကြောင်း၎င်းကသုံးသပ်သည်။

“အဓိက အချက်တွေက ဗျူဟာကျကျပြန်လည်းတိုက်ခိုက်နိုင်တယ်။ စနစ်တကျ လုပ်ပြသွားတယ်။အဓိကအကြောင်းရင်းကတော့ အမိန့်နာခံမှုကောင်းတာလည်းပါတယ်။ တော်လှန်ရေးအဖွဲ့တွေကို ပြောချင်တာကတော့ စနစ်တကျနဲ့ အမိန့်နာခံမှုရှိအောင်လုပ်ကြပါ။ ဒါဆိုရင်စစ်ကောင်စီ စစ်ကြောင်းတိုင်းကို အသာစီးနဲ့ တိုက်ခိုက်နိုင်မယ်လို့ ပြောချင်ပါတယ်။ NUGကတော့ လက်နက်ချပေးရမယ်ပေါ့။”ဟု အနောက်ပိုင်း တပ်ရင်း ၇၀၃ ၏ PDF တပ်ဖွဲ့ဝင်က ဆက်ပြောသည်။
စစ်တပ် တပ်ရင်းတစ်ခုလုံး ပြုတ်ခဲ့သည့် “ဒေါတမကြီး”တိုက်ပွဲသည် ကရင်နီဒေသ၏ စစ်အာဏာရှင်တော်လှန်ရေး သမိုင်းဝင်မှတ်တမ်းတစ်ခုဖြစ်နေမည်ဟု KNDF တာဝန်ရှိသူက မှတ်ချက်ပြုသည်။
“ကရင်နီပြည်နယ်ထဲကို သူတို့(စစ်ကောင်စီ)ဘယ် လိုနည်းနဲ့ပဲ ဝင်လာဝင်လာ။စစ်ကြောင်းပဲ ထိုးထိုး၊စစ် ဆင်ရေးပဲ လုပ်လုပ် ကရင်နီ ဒေသရဲ့ နေရာတိုင်း မှာကျွန်တော်တို့ရဲ့ သတ်ကွင်းတွေချည်းပဲ”ဟု ၎င်းက ပြတ်သားစွာပြောလေသည်။
