Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

မုံရွာ​ထောင်တွင်းအစာငတ်ခံတိုက်ပွဲ

စက်တင်ဘာလ ၇ ရက်နေ့တွင်လည်း ဒုတာဝန်ခံအရာရှိ ထောင်ပိုင်လေးက စာအုပ်များကို အိပ်ရာပေါ်တင်ထားခဲ့ရန်နှင့် မိမိတို့ခွင့်ပြုထားပါလျက် သိမ်းဆည်းခံရပါက ပြန်ပေးမည်ဟု ထပ်မံပြောကြားခဲ့သည်။

မုံရွာ​ထောင်တွင်းအစာငတ်ခံတိုက်ပွဲ

အောင်ဇေယျ/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာအကျဥ်းထောင်ရှိ နိုင်ငံရေးအကျဥ်းသား ၅၀ ၏ အစာအငတ်ခံ ဆန္ဒပြမှု နာရီပေါင်း ၁၄၄ နာရီအကြာတွင် အောင်မြင်ခဲ့သည်။ စက်တင်ဘာလ ၈ ရက်နေ့က စတင်ခဲ့သည့် အစာအငတ်ခံ ဆန္ဒပြမှုသည် ၆ ရက်အကြာ ယနေ့ စက်တင်ဘာလ ၁၃ ရက်နေ့တွင် တောင်းဆိုချက် ၄ ချက်ကို ထောင်အာဏာပိုင်များက လိုက်လျောခဲ့ရခြင်းဖြစ်သည်။

ထောင်တွင်းအစာအငတ်ခံ ဆန္ဒပြမှုများသည် စက်တင်ဘာလ ၈ ရက်နေ့နံနက်ပိုင်းက လက်နက်အပြည့်အစုံတပ်ထားသော စစ်တပ်နှင့် ရဲ အင်အားအလုံးအရင်းပါလာသည့်အဖွဲ့ မုံရွာ အကျဥ်းထောင်အတွင်း ဝင်လာခဲ့ရာမှ အစပျိုးခဲ့ခြင်းဖြစ်သည်။

စစ်​ကောင်စီ၏ ဌာနစုံပူးပေါင်းအဖွဲ့သည် ရှာဖွေရေးဟု ခေါင်းစဥ်တပ်ပြီး အကျဥ်းသားများ၏ တွေ့သမျှပစ္စည်း အကုန်သိမ်းဆည်းခဲ့သည်။ တရားဝင်ခွင့်ပြုထားသော စာအုပ်များပါသိမ်းဆည်းနေ၍ ထောင်ပိုင်ကြီးအားမေးမြန်းရာ စစ်တပ်အားကျည်ထိုးခိုင်းထားပြီး အာချောင်ပါက ပစ်ခတ်မည်ဟု အကျဥ်းသားများအား ခြိမ်းခြောက်လေသည်။

Public Service Announcement

Public Service Announcement

အကျဥ်းသားအားလုံး၏ အစားအသောက်၊ အဝတ်အထည်နှင့် တစ်ကိုယ်ရည်သုံးပစ္စည်းများအားလုံးကို အာဏာပိုင်များက သိမ်းဆည်းသွားခဲ့သည်။

“အကျဥ်းသားတွေအတွက် အပြင်ကမိသားစုကပို့တဲ့ ဓာတ်ပုံတွေစာတွေကအစ အကုန်သိမ်းသွားခဲ့တာ။”ဟု အကျဥ်းထောင်နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

မုံရွာ​ထောင်တွင်းအစာငတ်ခံတိုက်ပွဲ

မုံရွာအကျဥ်းထောင်၌ အကျဥ်းသားတစ်ဦးလျှင် စာအုပ် ၃ အုပ်အထိ ထားခွင့်ပြုကြောင်းကို တာဝန်ခံအရာရှိ ထောင်ပိုင်ကြီးက တနင်္လာနေ့တိုင်း အကျဥ်းသားများအား တွေ့ဆုံရာ၌ တရားဝင်ပြောကြားခဲ့သည်။

ရှာဖွေရေးမလာခင် တစ်ပတ်ခန့်ကပင် အကျဥ်းသား ကိုယ်စားလှယ်များနှင့် ဒုတာဝန်ခံအရာရှိ ထောင်ပိုင်လေးတို့ တွေ့ဆုံရာတွင်လည်း “မိမိတို့ မုံရွာထောင်အာဏာပိုင်များရှိနေလျှင် တရားဝင်ခွင့်ပြုထားသောပစ္စည်းများ ဘာမျှ သိမ်းဆည်းမည်မဟုတ်ဟုဆိုခဲ့​လေသည်။

စက်တင်ဘာလ ၇ ရက်နေ့တွင်လည်း ဒုတာဝန်ခံအရာရှိ ထောင်ပိုင်လေးက စာအုပ်များကို အိပ်ရာပေါ်တင်ထားခဲ့ရန်နှင့် မိမိတို့ခွင့်ပြုထားပါလျက် သိမ်းဆည်းခံရပါက ပြန်ပေးမည်ဟု ထပ်မံပြောကြားခဲ့သည်။

သို့သော် စက်တင်ဘာလ ၈ ရက်နေ့တွင်မူ ထိုကတိကဝတ်ပြောကြားမှုများအားလုံးကို ထောင်အာဏာပိုင်များက ပြောင်ပြောင်တင်းတင်းပင် ချိုးဖောက်ခဲ့သည်။

ရှာဖွေပြီးချိန် နံနက် ၉ နာရီခန့်တွင် နိုင်ငံ​ရေးအကျဥ်းသားများက မကျေနပ်သည့်အတွက် တာဝန်ခံအရာရှိ ထောင်ပိုင်နှင့် တွေ့ခွင့်တောင်းရာ ရောက်မလာခဲ့ပေ။ မွန်းတည့် ၁၂ နာရီခန့်တွင် ရဲအင်အား အလုံးအရင်းဖြင့် ဝင်လာကြပြီး အေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ်ဖြင့် စောင့်ဆိုင်းနေသော အကျဥ်းသားများအား လူစုခွဲခဲ့သည်။

ထို့နောက်တွင်တော့ အကျဥ်းသား ၁၅ ဦးက တောင်းဆိုချက် ၄ ချက်နှင့်အတူ အစာအငတ်ခံ ဆန္ဒပြမှုစတင်ကြောင်း ကြေညာသည်။

ထိုတောင်းဆိုချက် ၄ ချက်မှာ မုံရွာအကျဥ်းထောင်တာဝန်ခံအရာရှိကိုယ်တိုင် ခွင့်ပြုထားပြီးဖြစ်သော်လည်း အကျဥ်းသား တစ်ဦးလျှင် စာအုပ် ၃ အုပ်စီ သိမ်းဆည်းသွားခြင်းကို ပြန်ပေးရန်၊ အကျဥ်းသားတစ်ဦးလျှင် ပုံစံ၃စုံစီ ခွင့်ပြုထားပါလျက် သိမ်းဆည်းသွားခြင်းကို ပြန်ပေးရန်၊ သိမ်းဆည်းသွားသော စားအိုးစားခွက်များ၊ အစားအသောက်နှင့်ဟင်းများ ပြန်ပေးရန်၊ အကျဥ်းသားတစ်ဦးလျှင် စာ၁ဝစောင်၊ ပုံ ၁၀ပုံ ခွင့်ပြုထားသော်လည်း သိမ်းဆည်းသွားသော စာများ၊ ပုံများကို ပြန်ပေးရန်တို့ ဖြစ်သည်။

ထို့နောက် ထောင်ဝန်ထမ်းများက မွန်းလွဲ ၂ နာရီခန့်တွင် တန်းမဖွင့်ဘဲ ဆန္ဒပြ​သော အကျဥ်းသား ၁၅ ဦးအား ခေါ်ထုတ်သွားခဲ့သည်။ အစာအငတ်ခံဆန္ဒပြသူ ၁၄ ဦးအား အိပ်ဆောင်၁သို့ ရွှေ့ပြောင်းထားပြီးကျန်​နေသည့် နှစ်ရှည်​ထောင်ဒဏ်ချမှတ်ခံထားရ​သော သပိတ်​ခေါင်း​ဆောင် ကိုဝေမိုးနိုင်ကို တိုက်ပိတ်ခဲ့လေသည်။

ညနေ ၆ နာရီခန့်တွင် ခအဖ၊ ခရိုင်ရဲမှူး၊ မြို့နယ်ရဲမှူးနှင့် ထောင်အာဏာပိုင်များက အစာအငတ်ခံ ဆန္ဒပြသူများအား အချက် ၇ ချက်ပါ စာရွက်အား လက်မှတ်ထိုးခိုင်းရာ ဆန္ဒပြသူများက အချက်အချို့အား သဘောမတူ၍ လက်မှတ်မထိုးခဲ့။

Public Service Announcement
Public Service Announcement

အစာအငတ်ခံ ဆန္ဒပြသူများအား သီးသန့်အချုပ်ဆောင်၌ ချုပ်ထားပြီး လက်နက်ကိုင် စစ်သားများ၊ ရဲ အကျဉ်းဦးစီးဌာနက ဝန်ထမ်းတွေက (၂၄) နာရီမပြတ် စောင့်ကြည့်နေခဲ့ကြသည်။

စက်တင်ဘာလ ၉ ရက်နေ့တွင် အကျဥ်းသားများ၏ တောင်းဆိုချက် ၄ ချက်အား ထောင်အာဏာပိုင်များက လာရောက်ဖြေရှင်းခြင်းမရှိသည့်အတွက် ညနေ ၄ နာရီ မိနစ် ၅၀ ခန့်တွင် အစာအငတ်ခံဆန္ဒပြသူ အကျဥ်းသား ၂၀ ထပ်တိုးကြောင်း ဒုတာဝန်ခံအရာရှိ ထောင်ပိုင်လေးထံ စာဖြင့် တရားဝင်ပေးပို့ခဲ့သည်။

ထောင်ပိုင်ကြီးထံ တင်ပြပေးပြီး အကြောင်းပြန်မည်ဟုပြောသော်လည်း နောက်တနေ့နံနက်အထိ အကြောင်းမပြန်ခဲ့။

စက်တင်ဘာလ ၁၀ ရက်နေ့ နံနက် ၇ နာရီတွင် အစာအငတ်ခံ ဆန္ဒပြသူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရန် တာဝန်ခံအရာရှိထံ တပ်ကြပ်ဖြိုးကြီးမှတဆင့် ပေးပို့ခဲ့သော်လည်း အကြောင်းပြန်ခြင်းမရှိခဲ့ပေ။

နံနက် ၁၀ နာရီ ၅ မိနစ်တွင် တစ်ဆောင်လုံးရှိ အကျဥ်းသား၊ အချုပ်သားများကတောင်းဆိုချက် ၄ ချက်အား ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။

မုံရွာ​ထောင်တွင်းအစာငတ်ခံတိုက်ပွဲ

အိပ်ဆောင် ၄၊ ၅၊ ၆ ရှိ အကျဥ်းသားများအား နေ့လယ်စာထမင်းမကျွေးခဲ့ပေ။ ထိုအချိန်၌ စစ်ကိုင်းတိုင်း အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ရောက်ရှိ လာပြီး “ ဒီလို ဆန္ဒပြတာဟာ တရားမဝင်တဲ့ အတွက် အကျဉ်းဦးစီးဌာနက ခွင့်မပြုကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှုလည်း ပေးမှာမဟုတ်ကြောင်း” ပြောခဲ့သည်။

အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးက ထောင်ချခံထားရသူတွေမပါဘဲ အချုပ်သားများအားတွေ့ဆုံပြီး သိမ်းဆည်းထားသည့် ပစ္စည်းများကိုပြန်ပေးမည်ဟု ကမ်းလှမ်းခဲ့သော်လည်း အချုပ်သားများက လက်မခံဘဲ ထောင်ကျ​​နေသူများနှင့်အတူ တသားတည်း ဆက်လက်ရပ်တည်မည်ဟု တုံ့ပြန်ခဲ့ကြသည်။

နိုင်ငံရေးအကျဥ်းသားများမှာ အဝတ်အစား၊ ဆေးဝါး၊ အစားအသောက်များ သိမ်းဆည်းခံထားရသည့်​အပြင် ကျန်းမာရေးစောင့်ရှောက်မှုကိုပါ ပိတ်ထား၍ ခွင့်မပြုထားတာကြောင့်ကျန်းမာရေးအရ စိုးရိမ်ရသည့် အနေအထားကို ရောက်ရှိလာခဲ့သည်။

စက်တင်ဘာလ ၁၁ ရက်နေ့တွင် နံနက် ၁၀ နာရီခွဲအထိ ထောင်ပိုင်ကြီးနှင့်တွေ့ခွင့်မရသေးဘဲ တိကျသည့်အဖြေမရသေးပေ။ ပြေလည်ခြင်းမရှိပါက အစာအငတ်ခံဆန္ဒပြသူထပ်တိုးမည်ဟု သတိပေးခဲ့ကြသည်။

ထောင်အာဏာပိုင်များက အစာအငတ်ခံဆန္ဒပြမှုစတင်ခဲ့သည့် နိုင်ငံရေး အကျဥ်းသား ၁၄ ဦးနှင့် ကိုဝေမိုးနိုင်ကို သီးခြားခွဲချုပ်ထားပြီး အယောက် ၅၀ ဖြစ်သွားချိန်တွင် မူလအဆောင်၌ ပြန်ထားခဲ့သည်။

ထိုနေ့က ဆန္ဒပြနိုင်ငံရေး အကျဥ်းသား၃ ဦး အာဟာရချို့တဲ့၍ မူးလဲခဲ့သည်။ သို့သော် အကျဉ်းထောင်တွင်း ဆေးခန်းကိုလည်း အသုံးမပြုနိုင်အောင် ပိတ်ထားခဲ့၍ ဆေးကုသခွင့်မရခဲ့ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ၏ တာဝန်ရှိသူက ပြောသည်။

“ထောင်ဘက်က ဆေးကုသခွင့်လုံးဝမပေးတဲ့အတွက် စိုးရိမ်ရတဲ့အနေအထားအထိရှိခဲ့တယ်။”ဟု ကိုရှင်းသန့်က ပြောသည်။

၅ ရက်မြောက်သည့် စက်တင်ဘာလ ၁၂ ရက်နေ့တွင်လည်း မုံရွာအကျဥ်းထောင်အတွင်း အခြေအနေတင်းမာနေဆဲဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများက တိုက်ပွဲဝင်တောင်းဆိုချက် (၄) ချက်ကိုသာ ဆက်လက် ကိုင်ဆွဲထားပြီး အစာအငတ်ခံ ဆန္ဒပြနေကြဆဲဖြစ်သည်။

တိုက်ပွဲဝင်နိုင်ငံရေးအကျဉ်းသားများသည် တောင်းဆိုချက်များမရမချင်း ဆန္ဒပြမှုများကို ဆက်ပြီး ထပ်တိုးဆောင်ရွက်သွားကြမည်ဟုဆိုသည်။

သို့သော် ခြောက်ရက်မြောက်ထြစ်​သော စက်တင်ဘာလ ၁၃ ရက်နေ့တွင်မူ မုံရွာအကျဥ်းထောင်အတွင်းမှ သတင်းစကားတစ်ခု ရောက်ရှိလာခဲ့သည်။

အစာအငတ်ခံဆန္ဒပြနေသည့် နိုင်ငံရေးအကျဥ်းသားများ၏ တောင်းဆိုချက် ၄ ချက်ကို နံနက် ၁၁ နာရီခန့်တွင် ထောင်အာဏာပိုင်များက လိုက်လျောလိုက်ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ကြေညာခဲ့သည်။

“နိုင်ငံရေးအကျဥ်းသားတွေဘက်ကတောင်းဆိုထားတဲ့ တောင်းဆိုချက်တွေကို လိုက်လျောပေးမယ်လို့ပြောတဲ့အတွက် သပိတ်မှောက်နေတဲ့ နိုင်ငံရေးအကျဥ်းသားတွေအားလုံး သပိတ်ပြန်လှန်လိုက်တယ်လို့ပြောပါတယ်”ဟုမြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် အဖွဲဝင် ကိုရှင်းသန့်က ပြောကြားသည်။

“မုံရွာအကျဉ်းထောင်မှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အစာငတ်ခံ တိုက်ပွဲဝင်မှုဟာ နောက်ဆုံးအခြေအနေမှာ အနိုင်ရရှိခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေရဲ့ တောင်းဆိုချက် (၄) ချက်ကို ထောင်အာဏာပိုင်တွေဖက်က လိုက်လျောသဘောတူခဲ့ကြရတာ ဖြစ်ပါတယ်”ဟု မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ပြောသည်။

ယခုအခြေအနေကို ပြန်လည်ရရှိရခြင်းမှာ ထောင်တွင်း နိုင်ငံရေးအကျဉ်းသားများ၏ ခိုင်မာသည့် စိတ်ဓာတ်ဖြင့် ဖိနှိပ်ညှင်းပန်းမှုကို ခုခံတွန်းလှန်နိုင်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက မှတ်ချက်ပြုသည်။

မုံရွာ​ထောင်တွင်းအစာငတ်ခံတိုက်ပွဲ

စစ်အုပ်စုက အာဏာသိမ်းပြီး​နောက် မတရားဖမ်းဆီးခံရသူ စုစုပေါင်း (၂၄၇၆၅) ဦးရှိပြီး ထိုအထဲမှ (၁၉၄၅၄) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်သည်။၎င်းတို့အနက်မှ (၇၃၀၆) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရ​ကြောင်းနိုင်ငံ​ရေးအကျဥ်းသားများကူညီ​စောင့်​ရှောက်​ရေးအသင်း -AAPP ၏ စက်တင်ဘာ ၁၃ ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

ထို့အပြင် စစ်​ကောင်စီက နိုင်ငံတစ်ဝန်းခုခံ​တော်လှန်စစ်​ကြောင့် အထိနာလာ​သောအခါ ​ထောင်အချို့မှ နိုင်ငံ​ရေးအကျဥ်းသား ဆယ်နှင့်ချီ၍ အပြင်​သို့​ခေါ်ထုတ်၍ ညှင်းပန်းနှိပ်စက်၍ သတ်ဖြတ်ခဲ့​​သေးသည်။

မုံရွာ​ထောင်တွင်လည်း သြဂုတ် ၁၅ ရက်က နိုင်ငံ​ရေးအကျဥ်းသားများကို စစ်ကားများဖြင့် ​ထောင်​ပြောင်းသည်​ခေါင်းစဥ်ဖြင့် ​လူသားတံတိုင်းအဖြစ်အသုံးပြု၍ ​​ခေါ်ထုတ်သွားပြီး အမည်မသိသူများကမိုင်းခွဲတိုက်ခိုက်ခံရသည်ဆိုကာ ​ထောင်ဒဏ် ၃၃ နှစ်ချခံထားရ​သော ဒေါက်တာဇော်ထွယ်အောင် အပါအဝင် နိုင်ကျဥ်းအချို့​သေဆုံးဒဏ်ရာရခဲ့​သေးသည်။အဆိုပါ​ဖြစ်စဥ်မှ နိုင်ငံ​ရေးအကျဥ်းသားများကို စစ်ကားများဖြင့် ​လူသားတံတိုင်းအဖြစ်အသုံးပြုခဲ့​သောစစ်​ကောင်စီမှာ ရည်ရွယ်ချက်ရှိရှိပြုလုပ်ခဲ့ခြင်းဖြစ်​ပြီးစစ်​ကောင်စီတွင်သာတာဝန်ရှိကြောင်း နိုင်ငံ​ရေးသမားအချို့က​သုံးသပ်သည်။

စစ်​ကောင်စီသည် အာဏာတည်မြဲ​ရေးတစ်ခုသာ အာရုံစိုက်၍နိုင်ငံသားများ၏အခွင့်အ​ရေးအားလုံးကို ထင်သလို ချိုး​ဖောက်၍ ဖမ်းဆီး နှိပ်စက်သတ်ဖြတ်ပြီး အကြမ်းဖက်မှုများကို အကြိမ်ကြိမ်ကျူးလွန်​နေသူများဖြစ်၍ ​​စစ်​ကောင်စီလက်ခုပ်အတွင်းရှိ​နေ​သော ​ထောင်တွင်း အခွင့်အ​ရေးအတွက် အစာငတ်ခံတိုက်ပွဲဝင်မှုမှာ ​တော်ရုံသတ္တိဖြင့် မလုပ်ရဲကြ​ပေ။

“ထောင်ထဲမှာ အစာငတ်ခံ ဆန္ဒပြတယ်ဆိုတာ အကြမ်းမဖက်ခြင်းရဲ့ အမြင့်ဆုံးအဆင့်အဖြစ် စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေကို တော်လှန်ကြတာပါပဲ။ ဒီအစာငတ်ခံဆန္ဒပြမှုကြောင့် စစ်ကောင်စီရဲ့ နိုင်ငံရေးအကျဉ်းသားတွေအပေါ် ဖိနှိပ်မှုတွေကို မြင်သာစေသလို အထဲက ရဲဘော်တွေရဲ့ ထိခိုက်ကျဆုံးမှုမှန်သမျှ စစ်ကောင်စီက တာဝန်ယူ တာဝန်ခံရမှာပါ။ အစာငတ်ခံဆန္ဒပြခဲ့တဲ့ရဲဘော်တွေနဲ့ တသားတည်းကျနော်တို့ အတူရှိနေပါတယ်။ အပြင်ကနေ ကျနော်တို့ တတ်နိုင်တာမှန်သမျှလည်းလုပ်ဆောင်သွားမှာပါ။”ဟုနိုင်ငံရေးအကျဥ်းသားများ ထောင်ဝင်စာအတွက် ကူညီပေးနေသူ ကိုအောင်မြတ်မိုးက ပြောသည်။

၂၀၂၂ ခုနှစ် ဧပြီလ ၃ ရက်နေ့ ညနေပိုင်းကလည်း မုံရွာ အကျဥ်းထောင်တွင် ထောင်တွင်းဆူပူမှုဖြစ်ပွားခဲ့ပြီး စစ်အုပ်စုက သေနတ်ဖြင့် ပစ်ခတ်ခဲ့၍ အချုပ်သား ၁ ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ဖူးသည်။

ထောင်တွင်းဖိနှိပ်မှုများသည် ယခုမှပြုလုပ်နေခြင်းမဟုတ်ဘဲ ယခင်ကတည်းက ကြိမ်ဖန်များစွာ ပြုလုပ်လေ့ရှိကြောင်း၊ ထို့အပြင် မုံရွာထောင်အာဏာပိုင်များတင်မကဘဲ တစ်နိုင်ငံလုံးရှိ ထောင်အာဏာပိုင်များက ယခုကဲ့သို့ဖိနှိပ်မှုများ ပြုလုပ်နေကြောင် ဗကသများအဖွဲ့ချုပ်မှ ကိုမြတ်သူက ပြောသည်။

ကိုမြတ်သူသည် စစ်တပ်အာဏာသိမ်းပြီးနောက် ဆန္ဒပြ၍ ဖမ်းဆီးခံရပြီး မန္တလေးအိုးဘိုအကျဥ်းထောင်တွင် တစ်နှစ်နှင့်တစ်လ၊ မြင်းခြံထောင်တွင် ၉ လ အကျဥ်းချခံခဲ့ရပြီး မကြာသေးမီက လွတ်ငြိမ်းဖြင့် လွတ်​မြောက်လာသူဖြစ်သည်။

“အခုမှတင်လုပ်ခဲ့တာမဟုတ်ဘူး။ အရင်ကလည်းလုပ်ခဲ့တာ​တွေရှိတယ်။ ကျွန်တော်တို့ရှိနေတဲ့အချိန်တုန်းကဆိုရင်လည်း အခုလိုမျိုးပဲ ထောင်ဝင်စာပစ္စည်းတွေသိမ်းတာတွေ၊ အိမ်ကမိသားစုတွေပို့ထားတဲ့စာတွေကိုသိမ်းပစ်တာတွေ ဟိုးအရင်ကတည်းက ထောင်ရဲ့ဖိနှိပ်မှုတွေပေါ့။ အကျဥ်းထောင်လက်စွဲဥပဒေဆိုတာကြီးနဲ့ ကိုင်ကိုင်ပေါက်ပြီး ဖိနှိပ်ခဲ့တာရှိတယ်။ ကျွန်တော်တို့လည်း ငြိမ်ခံခဲ့တာမရှိဘူး။ ဆန္ဒပြခဲ့တာ၊ တုန့်ပြန်ခဲ့တာတွေရှိတယ်။”ဟု ကိုမြတ်သူက ပြောသည်။

သို့သော် ပြင်ပမှသိရှိခြင်းမရှိ၍ ပြင်ပအထောက်အပံ့အကူအညီမရရှိခဲ့ကြောင်း ၎င်းကရှင်းပြသည်။

“အထဲမှာဖြစ်နေတဲ့ ထောင်တွင်းတိုက်ပွဲတွေနဲ့အတူတူ တသားတည်းရှိနေတယ်။ အမြဲတမ်းရပ်တည်နေပါတယ်။ ထောင်တွင်းတိုက်ပွဲတွေကို ထောက်ခံနေပါတယ်။ ထောင်တွင်းတိုက်ပွဲတွေနဲ့အတူတူ ကျွန်တော်တို့ရှိနေပါတယ်ဆိုတာမျိုးကို အပြင်ကလူတွေကလည်း ပြသပေးရမယ်။ အတူတူတိုက်ပွဲဝင်နေပါတယ်ဆိုတာမျိုး ဖော်ဆောင်ဖို့လိုပါတယ်”ဟု ကိုမြတ်သူက ပြောသည်။

ယခု မုံရွာထောင်ဖြစ်စဥ်မှာ အနိုင်မခံ အရှုံးမပေးသည့် နိုင်ငံရေးအကျဉ်းသားများ၏ တော်လှန်သော စိတ်ဓာတ်ကို လေးစားစွာ မှတ်တမ်းတင် ဂုဏ်ပြုကြောင်းမုံရွာလူထုသပိတ် တိုက်ပွဲ ဦးဆောင်ကော်မတီကအသိပေးသည်။

“အတွင်းထဲက ရဲဘော်တွေ အစာအငတ်ခံဆန္ဒပြတာအင်အားများလာတယ်။ အယောက်ငါးဆယ်လောက်အထိ ရှိလာတာရယ် ပြီးတော့ အပြင်ရဲ့ဖိအား၊ အပြင်ကပြည်သူတွေရဲ့ဖိအားကြောင့် လိုက်လျောပေးတယ်လို့ထင်ပါတယ်။”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက်မှ ကိုရှင်းသန့်က မှတ်ချက်ပြုသည်။

အာဏာသိမ်းကာလအတွင်း အကျဥ်းထောင်နှစ်ခုပြောင်းကာနေခဲ့ရသည့် ကိုမြတ်သူက “တစ်နိုင်ငံလုံးက ထောင်အာဏာပိုင်တွေကတော့ သူတို့လုပ်တဲ့လုပ်ရပ်တိုင်းအတွက် တာဝန်ယူရမှာဖြစ်တယ်။ သူတို့လုပ်တဲ့အပြစ်တွေအတိုင်းအတွက် ပြစ်ဒဏ်ခံဖို့အသင့်ပြင်ထားပါ။”ဟု သတိ​ပေး​လေသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။

သတင်း

တပ်မ (၄၄) တပ်မမှူး ဗိုလ်မှူးခစိုးမင်းထက် မဲ​ဆောက်​ဆေးရုံ၌ ​ဆေးကူသမှု ခံယူ​နေရင်း သေဆုံးကြောင်းလည်း စစ်ကောင်စီလက်အောက်ခံ လူမှုကွန်ရက်စာမျက်နှာများ၌ ရေးသားနေကြသည်ကို တွေ့ရသည်။