Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

▪︎ခရီးသွား​ဆောင်းပါး

လုံခြုံရေးအခြေနေအရ တစ်မြို့ကနေအခြားတစ်မြို့ဆီ ပြောင်းရွှေ့ဖူးတာတော့ ရှိတယ်။ ဒါပေမဲ့ ခရီးသွားသက်သက် အနေနဲ့ ဘယ်မှ မထွက်ဖြစ်ခဲ့ဘူး။ ခုမှ မိသားစုကိစ္စနဲ့ ခရီးတစ်ခုသွားဖို့ ကြုံလာတာ။ မြို့တော်ရန်ကုန်ကနေတွက်ရင် မိုင် ၂၅၀ လောက်ဝေးတဲ့ ခရီးဆိုပါတော့။

(စစ်ကောင်စီစစ်ဆေးရေးဂိတ်တစ်ခုတွင် ယာဥ်ကြောများပိတ်ဆို့နေစဥ်။ ဓါတ်ပုံ-CJ)
(စစ်ကောင်စီစစ်ဆေးရေးဂိတ်တစ်ခုတွင် ယာဥ်ကြောများပိတ်ဆို့နေစဥ်။ ဓါတ်ပုံ-CJ)

ခေတ်ပျက် ခရီးသွားမှတ်တမ်း

ကိုဗစ်ကပ်ရောဂါ စဖြစ်ကတည်းက ခရီးတွေမသွားဖြစ်တာ သုံးနှစ်ကျော် လေးနှစ်နီးပါးရှိပြီ။ ကပ်ရောဂါ ငြိမ်သွားပြန်တော့ အာဏာရူးတစ်စုရဲ့ လုပ်ရပ်ကြောင့် တစ်တိုင်းပြည်လုံး အမှောင်ကျ၊ အရှင်လတ်လတ်ငရဲ​ရောက်သွားတဲ့အခါ ပိုလို့မသွားဖြစ်ခဲ့ဘူး။

လုံခြုံရေးအခြေနေအရ တစ်မြို့ကနေအခြားတစ်မြို့ဆီ ပြောင်းရွှေ့ဖူးတာတော့ ရှိတယ်။ ဒါပေမဲ့ ခရီးသွားသက်သက် အနေနဲ့ ဘယ်မှ မထွက်ဖြစ်ခဲ့ဘူး။ ခုမှ မိသားစုကိစ္စနဲ့ ခရီးတစ်ခုသွားဖို့ ကြုံလာတာ။ မြို့တော်ရန်ကုန်ကနေတွက်ရင် မိုင် ၂၅၀ လောက်ဝေးတဲ့ ခရီးဆိုပါတော့။

ခရီးမတိုင်ခင် လိုအပ်တာတွေ ပြင်ဆင်ရတယ်။ အဲဒီလိုအပ်တာတွေထဲမှာ ခရီးသွားထောက်ခံစာလို အောင့်ကာနမ်းရတာတွေလည်း ပါရဲ့။

ပထမဆုံး လုပ်ဖြစ်တာက မှတ်ပုံတင်ကိစ္စပါ။ သတ်မှတ် အသက်အပိုင်းအခြားတစ်ခုကို ကျော်လွန်နေပြီမို့ စစ်ဆေးရေးဂိတ်တစ်ခုကိုဖြတ်တိုင်း အရစ်ခံရတယ်။ သည်တော့ ပြည် တွင်းနေသူ တစ်ဦးအဖို့ မှတ်ပုံတင် အသစ်တစ်ခုလဲလှယ်ယုံမှတပါး အခြားမရှိခဲ့ဘူး။

Public Service Announcement

Public Service Announcement

ခုတစ်ကြိမ် ခရီးသွားမှာကလည်း ခါတိုင်းလို ဟိုနားဒီနားမဟုတ်တော့ မှတ်ပုံတင် မပါလို့က မဖြစ်ပြန်။

ဒီအခါ သက်ဆိုင်ရာ နယ်မြို့တစ်မြို့ဆီ သွား၊ ပွဲစားနဲ့ချိတ်ပြီး အမြန်ရအောင် လုပ်ရတယ်။ ခုလို အမှောင် ကာလမှာ စစ်​ကောင်စီ ဝန်ထမ်းဆိုးတွေဟာ ‘မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ’ ပါပဲ။

သည်တော့ ငွေစကြေးစလေးကမ်းလေမှ မှတ်ပုံတင်လဲလှယ်ရေးကိစ္စဟာ အစဥ်ချောသွားတယ်။ မချောတာက လမ်းခရီး။ သွားရမယ့် နယ်မြို့လေးမှာ ဆိုင်ကယ်စီးခွင့် လုံးဝမပေးဘူး။ ဒါကြောင့် ပါလာတဲ့စီးတော်ယာဥ်ကို ကြားမြို့တစ်မြို့က ဆိုင်တစ်ဆိုင်မှာ ဝင်အပ်ရတယ်။

ပြီးမှ သွားလိုတဲ့မြို့ကို ဆိုင်ကယ်မှာ နောက်တွဲတပ်ထားတဲ့ ယာဥ်တစ်စီးငှားပြီး ခရီးဆက်ရတော့တယ်။

ဟော…မြို့ထဲလည်းရောက်ရော အာဏားရူးတွေရဲ့ကျေးဇူး​နဲ့ ၂၀၀၀ ခုနှစ်တွေရဲ့ ဟိုမှာဘက်ဆီ ပြန်အမှတ်ရ သွားစေတယ်။ ဒီမိုကရေစီအသွင်းကူး​ပြောင်းမှုနဲ့အတူ ၁၀ နှစ်အတွင်းအရှိန်အဟုန်နဲ့ ဖွံ့ဖြိုးခဲ့တဲ့ နိုင်ငံဟာ အာဏာလုယက်သူ​တွေရဲ့ လက်ထဲ သုံးနှစ်​လောက်အတွင်းမှာပဲ နှစ် ၃၀လောက် ​ခေတ်​နောက်ပြန်​ရောက်သွားတာ ဖြစ်ပါတယ်။

ဘာကြောင့်ဆို မြို့ဟာ မြို့နဲ့ မတူတော့ဘူး။ ကာလယန္တရားနဲ့ကြည့်ရင် အများကြီး ခေတ်နောက်ပြန်ဆုတ်သွားပြီ။ အရင်က ကားတွေ၊ ဆိုင်ကယ်တွေ၊ ယာဥ်ရထားတွေနဲ့ ကြက်ပျံမကျ စည်ကားခဲ့တဲ့ မြို့လေး။

ခုဖြင့် စက်ဘီးလေးတွေနဲ့ သွားကြ၊ လာကြ။ ခြေကျင်လျှောက်သူ လျှောက်ကြ။ ထော်လာဂျီ၊ သုံးဘီးနဲ့ ဆိုင်ကယ်နောက်တွဲတွေကို ဖော ဖောသီသီ ပြန်မြင်လာရတယ်။ ​ဒီတော့ အဘတွေကျေးဇူး ရူးတောင် မေ့မယ်မထင်ဘူး။ ကဲ…ဒါထားပါတော့။

လိုအပ်တာတွေ ပြင်ဆင်ပြီးတဲ့အခါ နိုဝင်ဘာ နောက်ဆုံးပတ်ထဲ ခရီးသွားဖြစ်ပါတယ်။ အဲ သည်နေ့က ကျနော်စီးတဲ့ ဘတ်စ်ကားပေါ်မှာ တစ်စီးလုံးမှ ခရီးသည်ငါးယောက်ပဲ ပါတယ်။ ဒါတောင် ကျနော်တို့က လင်မယားနှစ်ယောက်မို့။ ယာဥ်မောင်းရယ်၊ စပယ်ယာရယ် ခရီးသည်ရယ် အားလုံးပေါင်းမှ ခုနစ်ယောက်ပဲရယ်။

အဝေးပြေးဝန်းကနေ ကားထွက်တယ်ဆိုရင်ပဲ မိနစ်ပိုင်းမျှအကြာမှာ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တစ်ခုကို စဖြတ်ရပါတော့တယ်။ အဲ ဒီမှာ ဂိတ်နားမရောက်ခင် ကားစပယ်ယာရဲ့ သတိပေးသံကို ကြားရတယ်။

“ဖုန်းလေးတွေ ခဏသိမ်းထား ပေးပါနော်” စပယ်ယာဟာ ဘေးဘီကိုလည်း ဝေ့ဝဲကြည့်တာ တွေ့လိုက်တယ်။ ပြီးတော့ ကျနော်တို့အနီးထိုင်ခုံပေါ်က လူငယ်တစ်ဦးဆီ လျှောက်လာပြီး “ဖုန်းချထား၊ ဖုန်းချထား”လို့ ပြောလည်းပြော လက်ဟန်ခြေဟန်လည်းပြပေါ့။

သတိပေးခံရတဲ့ လူငယ်ကိုလှမ်းကြည့်တဲ့အခါ သူက မိုဘိုင်းဖုန်းတစ်လုံးကို မကိုင်ထားပြီး နားကြပ်တပ်ထားတာကို တွေ့ရတယ်။ ကားစပယ်ယာရဲ့ အပြုအမူကြောင့် အဲဒီလူငယ်ဟာ နားကနားကြပ်ကိုဖြုတ်၊ ဖုန်းကို လွယ် အိတ်ထဲ ကပြာကယာထိုးထည့်လိုက်ပါတယ်။

တဆက်တည်းမှာပဲ ကျနော်တို့စီးလာတဲ့ ယာဥ်ဟာ စစ်ဆေးရေးဂိတ်ရှေ့တည့်တည့်မှာ ထိုးရပ်သွားတယ်။ ရပ်ရပ်ချင်း စပယ်ယာ ကားပေါ်ကနေ ပြေးဆင်းသွားပြီး ဂိတ်ထဲက စစ်ကောင်စီတပ်သားထံ ငွေအချို့ကမ်းပေးတာ လှမ်းမြင်ရတယ်။ ပြီးမှ စပယ်ယာလေး ကားပေါ်ပြန်တက်လာပြီး ရှေ့ခရီးကို ဆက်ပါတော့တယ်။

အစကတော့ စပယ်ယာက ဘာကြောင့်ခုလိုသ တိပေးတာလည်းဆိုတာ ကိုယ်လည်း သေချာမသိဘူး။ ခရီးတွေမသွားဖြစ်လို့ အတွေ့အ ကြုံမရှိတာလည်းပါမယ်။ နောက်တော့မှ မြို့တွေ တစ်မြို့ပြီးတစ်မြို့ ဝင်ထွက်ရင်း ဂိတ်တွေ တစ်ခုပြီးတစ်ခု ဖြတ်ကျော်ပြီးကာမှ သ ဘောပေါက်တော့တယ်။

အကြောင်းက စပယ်ယာလေးက ဖုန်းတွေမသုံးဖို့ သတိပေးတာဟာ တခြားကြောင့် မ ဟုတ်ဘူး။ ဂိတ်က အာဏာပါးကွက်သားတွေကြောင့်ပါပဲ။ အဲဒီပါးကွက်သားတွေက သူတို့လက်ထဲကသေနတ်မှအားမနာ ကျည်မထွက်တဲ့ဖုန်းကို အတော်ကြောက်ကြတယ်။

ဖုန်းတစ်လုံးနဲ့ သူတို့ကိုမှတ်တမ်းတင်မှာ ဓာတ်ပုံရိုက်မှာကို မနှစ်မြို့ကြဘူး။ ဒါကြောင့် ဂိတ်တွေကိုဖြတ်ရင် ဖုန်းသုံးတာတွေ့တာနဲ့ အဲ ဒီယာဥ်နဲ့ ယာဥ်ပေါ်ပါသူတွေကို အမျိုးမျိုး ရစ်တော့တာပဲ။ ဒီတော့ ခရီးမဖင့်ရအောင် ဂိတ်နားရောက်တိုင်း စပယ်ယာတွေက “ဖုန်းလေးတွေ မသုံးကြပါနဲ့နော်” လို့ သတိပေးကြ​တော့တာပါ။

ခရီးတစ်ဝက်လောက် ရောက်တဲ့အခါ X-Ray စက်နဲ့ စစ်တဲ့ ဂိတ်တစ်ခုကို ကျနော်တို့ ရောက်လာပါတယ်။ ဂိတ်မှာ နည်းပညာသုံးစက်တွေနဲ့ စစ်ဆေးတဲ့အပြင် ခရီးသည်တိုင်း လမ်းဆင်းလျှောက်ကြရပါတယ်။ ဘေးဘီမှာလည်း စစ်ကောင်စီတပ်သားနဲ့ ရဲတွေ အပြည့်နေရာယူထားတာပါ။

ယာဥ်မောင်းကလွဲလို့ စပယ်ယာအပါအဝင် ယာဥ်ပေါ်ပါသူတိုင်း မှတ်ပုံတင်ကိုယ်စီကိုင် လျှောက်ကြရပါတယ်။ ​ပြီးရင် ကြောပိုးအိတ်တို့၊ ဆလင်းဘက်အိတ်တို့ပါရင် တပါတည်းယူလာပြီး စက်ထဲထည့် အစစ်ခံရတယ်။ ဒီတင် လင်မယားနှစ်ယောက် ခေါင်းနားပန်ကြီးသွားတယ်။

အကြောင်းက ကျနော့်ရဲ့ လက်ကိုင်ဖုန်း။ ဖုန်းထဲမယ် စစ်ကောင်စီ မနှစ်မြို့တဲ့ မှတ်တမ်းမှတ်ရာတွေရှိနေတာကြောင့် ယာဥ်ပေါ်တက်ကတည်းက စက်ပိတ်ပြီး အိတ်ထဲ ထည့်ထားတာ။ အခုဒီဂိတ်ကို ဖြတ်မယ်ဆိုမှ အိတ်ထဲက ထုတ်မယ်လုပ်တော့ ရဲနှစ်ယောက်က ယာဥ်အတက်အဆင်းပေါက်မှာလာရပ်ပြီး ကျနော်တို့ကို ကြည့်နေတယ်။ ဒီတင် အိတ်ထဲက ဖုန်းကို မထုတ်သာတော့ဘူး။

လင်မယားနှစ်ယောက် ကားပေါ်ကနေ ဆင်းလာလိုက်တယ်။ ပြီးတော့ ပါလာတဲ့အိတ်တွေကို စက်ထဲထည့် အစစ်ခံရမယ့်နေရာနား ရောက်လာတယ်။ အမှန်တော့ ကျနော့်မှာ ဘာအိတ်မှ မပါဘူး။ ကျနော့်ဇနီးရဲ့ လက်ကိုင်ဖုန်းတစ်လုံးသာ ခါးကြားထိုးလာခဲ့တာ။ ခက်တာက ကျနော့ဇနီး။

သူလွယ်လာတဲ့ ချိုင်းအောက်နားလောက်ရောက်တဲ့ ပိုက်ဆံအိတ်ဖောင်းဖောင်းထဲမှာ ကျနော့်ဖုန်းကို ထည့်လာတာ။ သည်တော့ စက်ရှေ့ရောက်တဲ့အခါ စက်ထဲ ပစ်ထည့်လိုက်ရမလား၊ ဒီအတိုင်း ခပ်တည်တည် လွယ်ပြီး ဖြတ်လျှောက်ရမလား နှစ်ယောက်သား မဝေခွဲနိုင်ဖြစ်နေတယ်။

သေချာတာက အိတ်ကို စက်ထဲထည့်လိုက်ရင် ဖုန်းပါတဲ့အတွက် အချက်ပေးသံတတီတီ ထမြည်မှာ။ အသံကြောင့် အိတ်ကိုဖွင့်ကြည့်လိုက်ရင် စက်ပိတ်ထားတဲ့ဖုန်းကို တွေ့ပြီး သံသယဝင်မှာ အသေအချာပဲ။ ဒါနဲ့ ကျနော် အဲဒီစက်ရှေ့ကို အလျင်ဖြတ်လိုက်တယ်။ ပြီးတော့ နောက်နားကပ်ပါလာတဲ့ ဇနီးသည်ဆီလှည့်ပြီး “လာလေ ရတယ်။ ဖြတ်လာခဲ့”လို့ ကားသံ၊ လူသံတွေကြား ခပ်အုပ်အုပ် အော်ပြောလိုက်တယ်။

ကျနော့်အသံကြားတော့ ဇနီးဖြစ်သူက သူလွယ်ထားတဲ့အိတ်ကို စက်ထဲမထည့်ဘဲ ရှေ့ ကနေ မဝံ့မရဲ ဖြတ်လျှောက်လာတယ်။ ခြေ လှမ်းသုံးလေးလှမ်းလောက်ရောက်တော့ စက်နားမှာရပ်စောင့်နေတဲ့ ရဲမေတွေထဲ တစ်ယောက်က အပြင်ထွက်လာပြီး ကျနော်တို့ကို တစ်ချက်လှမ်းကြည့်တယ်။ ဘာမှတော့ မပြောဘူး။ ကြည့်ယုံကြည့်ပြီး စက်နားပြန်သွားတယ်။

ဒီတော့မှ နှစ်ဦးသား သက်ပြင်းချနိုင်ပြီး ကားအလာကို နေပူထဲရပ်စောင့်ရင်း အခြားခရီး သည်တွေနဲ့အတူ ရောနှောနေလိုက်တယ်။ ကိုယ်နဲ့သက်ဆိုင်တဲ့ကား ဂိတ်ကိုဖြတ်လာမှ တက်စီးပြီး လိုရာခရီးကို ဆက်ရပါတော့တယ်။

အဆိုးထဲက အကောင်းလို့ဆိုနိုင်တာက ကျနော်တို့ကား ဂိတ်နားရောက်ချိန်မှာ ယာဥ်ကြောအနည်းငယ် ရှင်းနေတာပါ။ မဟုတ်ရင် အဲဒီဂိတ်မှာ ယာဥ်တွေကြပ်တဲ့အပြင် ခရီး သည်တွေပုံနေပြီး စစ်ဆေးရေးလုပ်တာ နာရီနဲ့ချီ ကြာတတ်ပါတယ်။ ဂိတ်မှာ အဖွဲ့စုံလည်းဖြစ်တော့ ရစ်တာလည်း မတရားပါပဲ။ ဒါကို အပြန်ခရီးမှာ မျက်ဝါးထင်ထင် တွေ့ခဲ့ရတယ်။

ဖြစ်ပုံက ဒီလိုပါ။ အဲဒီဂိတ်မှာ အဖွဲ့စုံစစ်တော့ ဂိတ်ကြီးတစ်ခုထဲမှာပဲ အဖွဲ့တွေခွဲပြီး သုံးလေးဖွဲ့ နေရာယူထားတယ်။ ဖြစ်ချင်တော့ ယာဥ်တစ်စီးဟာ ပထမဆုံးဂိတ်ကို ဖြတ်အပြီး ယာဥ်ကို အရှိန်နဲ့ ဖြတ်မောင်းမိသွားတယ်။

ဒီတင် ဂိတ်မှာရှိနေတဲ့ စစ်ဝတ်စုံနဲ့ လက်နက် ကိုင်တစုက အရှိန်နဲ့မောင်းရမလားဆိုပြီး အဲဒီကားကို ဆက်မသွားခိုင်းဘဲ တားပါတော့တယ်။ ပြီးတဲ့အခါ ဂိတ်ထဲတိုးဝင်နေတဲ့ ယာဥ်တန်းရဲ့နောက်ဆုံးအထိ ပြန်ကွေ့မောင်းစေပြီး ဒုတိယအကြိမ် တန်းစီခိုင်းတာပါ။ လက်နက်နဲ့ ခြိမ်းခြောက်တော့လည်း သူတို့ခိုင်းတဲ့အတိုင်း လုပ်ရတာပါပဲ။ ပြည်သူ​တွေမှာ ရွေးချယ်ခွင့် မရှိပါဘူး။

အဲလိုနဲ့ များပြားလှတဲ့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေကိုဖြတ်အပြီး ခရီးဆုံးရောက်ချိန်မှာ နေလုံးပျောက်နေပါပြီ။ ပုံမှန်ဆိုရင် မိုင် ၂၅၀ ဝန်းကျင်ရှိတဲ့ ဒီခရီးကို ၆ နာရီ ၇ နာရီလောက်သာ စီးရတာပါ။ ခုတော့ ကားစီးချိန်ဟာ တဆက်တည်း ၁၀ နာရီလောက်ဖြစ်သွားပါတယ်။

ကျနော်တို့ထက် ဆိုးတာက စစ်ကိုင်းတိုင်းဘက်ကလာတဲ့ အမျိုးသမီးတစ်ဦးပါ။ ခရီးဆုံးရောက်ချိန် အတူဆုံတော့ ခရီးသွားအ တွေ့အကြုံတွေဖလှယ်ရင်း သူ့အဖြစ်ကို သိခွင့်ရခဲ့ပါတယ်။

အမှန်ဆို သူတို့မြို့ကနေ သွားလိုတဲ့ဒေသအ ထိ ဘတ်စ်ကားခရီးစဥ် တိုက်ရိုက်ရှိပါတယ်။ သို့ပေမဲ့ ခုကာလမှာ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေကများ၊ စရိုက်တွေကကြမ်းဆိုတော့ တဆင့်တည်းရောက်ပေမယ့် အဲဒီခရီးစဥ်ကို မရွေးရဲခဲ့ဘူးလို့ ဆိုပါတယ်။ ဒါကြောင့် မန္တလေးကို တဆင့်စီးပြီးမှ လိုရာခရီးရောက်အောင် နောက်တဆင့် ထပ်စီးခဲ့ရတယ်။

ဒီတော့ မန္တလေးကနေ ထွက်လာပြီးချိန် ညမိုး ချုပ်သွားလို့ လမ်းဘေးကားရပ်ပြီး အိပ်ခဲ့ရတယ်လို့ စစ်ကိုင်းတိုင်းကလာတဲ့ အဲဒီအမျိုး သမီးက ရင်ဖွင့်ပါတယ်။

“ကားကို ကြုံတဲ့နေရာရပ်ပြီး ဒီတိုင်းအိပ်ခဲ့ရတာ။ ကြောက်လိုက်တာမှ ပြောမနေနဲ့ အိပ်လို့ကိုမပျော်ဘူး” ဒီကြားတဲ့ စစ်တပ်ဂိတ်တစ်ခုကိုဖြတ်တိုင်း မှတ်ပုံတင်စစ်တဲ့အခါ အရစ်ခံရသေးတယ်လို့ သူက ပြောပြတယ်။ သူကိုင်တဲ့ကတ်ဟာ ငါးမျဥ်းစောင်း (၅/)ဖြစ်တဲ့အပြင် ပုံကခေါက်ရိုးကျိုးပြီး ပြန်ကပ်ထားသရောင် ထင်ရလို့ ပိုရစ်ခံရတာလို့ စစ်ကိုင်းတိုင်းသူ ခရီးသွားအမျိုး သမီးက ဆိုပါတယ်။

ဂိတ်တစ်ခုဖြတ်တိုင်း မှတ်ပုံတင်ကိစ္စ အရစ်ခံရဖန်များတော့ သူတို့ယာဥ်မောင်းက ခရီးသွားထောက်ခံစာ လုပ်ခဲ့ဖို့ အကြံပြုလာတယ်။ ဒါကြောင့် အပြန်ခရီးအတွက် ဆိုက်ရောက်ဒေ သကနေ ထောက်ခံစာယူသွားမယ်လို့ အဲဒီအ မျိုးသမီးက ပြောတယ်။

ပြန်ကာနီး သူနဲ့ကျနော် စကားစပ်မိတော့ သူ့မှာ ထောက်ခံစာရပြီဖြစ်ကြောင်း၊ ကားနှစ်ဆင့်စီးရပေမယ့် လာလမ်းအတိုင်းပြန်ဖို့ ဆုံး ဖြတ်ထားကြောင်း ပြောလာပါတယ်။ အမှန်ဆို သူရွေးထားတဲ့ မုံရွာ-မန္တလေးလမ်းပိုင်းမှာ စစ်ဆေးရေးဂိတ်တွေ မနည်းလှပါဘူး။ ဒါပေ မဲ့ မနည်းလှတဲ့ အဲဒီဂိတ်တွေထဲမှာ စစ်တပ်ဂိတ်တွေချည်းမဟုတ်ဘဲ PDF ဂိတ်တွေပါရှိနေတာကြောင့် အသက်ရှူရှောင်သေးတယ်လို့ သူက ဆိုပါတယ်။

ပြီးတော့ ဂိတ်ချင်းတူပေမယ့် အပြုအမူတွေ ကွာလှတယ်လို့ ရှင်းပြပါတယ်။ အဓိကတော့ ပြည်သူတွေကို ဆက်ဆံတဲ့နေရာမှာ သိသာသွားတာပါ။ စစ်ကောင်စီဂိတ်တွေကိုဖြတ်တဲ့အခါ ကားတစ်စီးကို ဘယ်လောက်ဆိုတဲ့ သတ်မှတ်ချက်အတိုင်း မဖြစ်မနေ ဆက် ကြေးပေးရပါတယ်။ PDF ရဲဘော်တွေစောင့်တဲ့ဂိတ်တွေမှာတော့ အဲလိုမဟုတ်ပါဘူး။

ပြည်သူအပေါ် နွေးထွေးပျူငှာ ဆက်ဆံကြသလို ဆက်ကြေးမတောင်းဘဲ သဒ္ဒါကြေးသာ အလှူခံကြပါတယ်။ ဒါကြောင့် တစ်ပြားမှ မထည့်ရင်လည်း လက်နက်ပြ ခြိမ်းခြောက်တာတွေ မရှိဘူးလို့ စစ်ကိုင်းတိုင်းကလာတဲ့ အ မျိုးသမီးကသူ့အတွေ့အကြုံကို ဖောက်သယ်ချပါတယ်။

သူ့အနေနဲ့ ယာဥ်မောင်းပြောသလို ထောက်ခံ စာယူသွားတဲ့ အပြန်ခရီးဟာ အလာတုန်းကထက် ချောမွေ့ရဲလား ကျနော်သေချာမသိပါဘူး။ ကာယကံရှင်သာ အသိဆုံးဖြစ်ပါလိမ့်မယ်။

ကျနော်သိလိုက်တာက ခုကာလာမှာ မဖြစ်မနေကိစ္စကလွဲရင် ခရီးမသွားတာဟာ အသင့်တော်ဆုံးဖြစ်တယ် ဆိုတာပါပဲ။ လူတစ်စု အာဏာရူးရာကစလို့ ခုဆို နိုင်ငံတစ်ဝန်းမှာ ခုခံ​တော်လှန်စစ်က ​ထိုးစစ်အထိ အရှိန်တွေ မြှင့်လာကြပါပြီ။ တိုက်ပွဲ​တွေပြင်းထန်လာတာနဲ့ အမျှ လမ်းပိုင်းပိတ်ဆို့မှုတွေ၊ စားနပ်ရိက္ခာပြတ်တောက်မှုတွေ ကြုံလာနေပြီ ဖြစ်ပါတယ်။

ဒါကြောင့် ခုချိန်မှာ ကိုယ့်ဝပ်ကျင်းကိုယ်နေ၊ ဘေးကင်းလုံခြုံရေးကိုရှေ့ရှူပြီး အရာရာအတွက် ပြင်ဆင်ထားသင့်တယ်လို့ ယူဆမိပါတော့တယ်။ ။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။

သတင်း

တပ်မ (၄၄) တပ်မမှူး ဗိုလ်မှူးခစိုးမင်းထက် မဲ​ဆောက်​ဆေးရုံ၌ ​ဆေးကူသမှု ခံယူ​နေရင်း သေဆုံးကြောင်းလည်း စစ်ကောင်စီလက်အောက်ခံ လူမှုကွန်ရက်စာမျက်နှာများ၌ ရေးသားနေကြသည်ကို တွေ့ရသည်။