Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

သောကဝေနေသည့် DSTA

DSTA တက္ကသိုလ်အား တိုက်ခိုက်ခံရမည်စိုးရိမ်၍ အဆိုပါကျောင်းရှိ ဝန်ထမ်းမိသားစုအချို့မှာ ရွှေ့ပြောင်းနေထိုင်ကြကြောင်းလည်း ပြင်ဦးလွင်မြို့ခံများက ပြောသည်။

သောကဝေနေသည့် DSTA
သောကဝေနေသည့် DSTA

သည်နှစ် ပြင်ဦးလွင်မြို့ ဆောင်းရာသီအအေးဒဏ်က သိသိသာသာ အအေးပိုနေပါသည်။ အထူးသဖြင့် ဇန်နဝါရီလဆန်းတွင် ကျန်​ဒေသများကဲ့သို့ အ​အေးပိုလာသည်။

သို့သော် ထိုကဲ့သို့ အအေးပိုနေသော်လည်း ယခုရက်ပိုင်းအတွင်း လောင်မြိုက်ပူလောင်နေသည့် နေရာတစ်ခု ပြင်ဦးလွင်မြို့၌ ရှိပါသည်။ အာဏာသိမ်းစစ်တပ်၏ အင်ဂျင်နီယာ နှင့် နည်းပညာသမားများမွေးထုတ်ပေးရာ DSTA ကျောင်းတော်ကြီးအတွင်း၌ ဖြစ်၏။

လက်တလောတွင် DSTA (တပ်မ​တော်နည်းပညာ တက္ကသိုလ် )၏ ကထိက နှစ်ဦးဖြစ်သော ဒုဗိုလ်မှူးကြီးနှစ်ဦးစလုံး ဆုံးရှုံးရခြင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၌ မြောက်ပိုင်းညီနောင်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးက မြို့နှင့် စစ်ကောင်စီတပ်စခန်းများတစ်ခုပြီးတစ်ခုသိမ်းပိုက်နေရာ ပြင်ဦးလွင်မြို့သို့ တဖြည်းဖြည်းနီးကပ်လာနေခြင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF)များ၏ တိုက်ခိုက်လာမည်ကိုကြောက်လန့်နေရခြင်းတို့ကြောင့် ဖြစ်ပါသည်။

“ကျောင်းထဲက မိသားစုအချို့ ပြေးကုန်ကြပြီ”ဟု DSTA တက္ကသိုလ်မှ လူထုနွေဦး၏ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

သောကဝေနေသည့် DSTA
သောကဝေနေသည့် DSTA

ပြင်ဦးလွင်မြို့ DSTA တက္ကသိုလ်နှင့် (၁၅)မိုင်ခန့်သာကွာဝေးသော ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်သံဘိုကျေးရွာရှိ စစ်တပ်အထိုင်စခန်းသိမ်းပိုက်ခံရမှုတွင် DSTAမှ ကထိက နှစ်ဦးဖြစ်သော ဒုဗိုလ်မှူးကြီး သက်အောင်မှာပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) မန္တ​လေး PDF နှင့် တအာင်းတပ်မတော်(TNLA) တို့၏ ဖမ်းဆီးခြင်းခံခဲ့ရသည်။ ဒုဗိုလ်မှူးကြီး သက်ဇော်ထွန်းမှာမူ လက်တလောတွင် ပျောက်ဆုံးနေသည်။

ဒုဗိုလ်မှူးကြီး သက်အောင်သည် DSTA တက္ကသိုလ် စက်မှုဆိုင်ရာဌာနမှ ကထိကဖြစ်သည်။ ဒုဗိုလ်မှူးကြီး သက်ဇော်ထွန်းသည် DSTA တက္ကသိုလ်၏ စိတ်ပညာဌာနမှ ကထိကဖြစ်သည်။ သံဘိုတပ်စခန်းအား ပြန်လည်တိုက်ခိုက်ရန် တပ်ကူစေလွှတ်သည့် ဒုဗိုလ်မှူးကြီး သက်ဇော်ထွန်းမှာ လက်တလော အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေခြင်းဖြစ်သည်ဟု အဆိုပါတက္ကသိုလ်မှ လူထုနွေဦး၏ သတင်းရင်းမြစ်က ပြောသည်။

သောကဝေနေသည့် DSTA
သောကဝေနေသည့် DSTA

သံဘိုတပ်စခန်းအား တအာင်းတပ်မတော်(TNLA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး PDF)တို့က ဇန်နဝါရီ ၂ရက်တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်နေစဥ် ယခုဖမ်းဆီးခံရသည့် ဒုဗိုလ်မှူးကြီး သက်အောင်အား သံဘိုတပ်စခန်း စေလွှတ်ပြီး ယင်းတပ်စခန်းမှ ဒုဗိုလ်မှူးကြီး သက်ဇော်ထွန်းအား DSTAသို့ပြန်လည် ခေါ်ယူခဲ့သည်ဟု စုံစမ်းသိရသည်။

သို့သော် သံဘိုတပ်စခန်းသိမ်းပိုက်ခံရ၍ ပြန်လည်ခေါ်ယူခဲ့သော ဒုဗိုလ်မှူးကြီး သက်ဇော်ထွန်းအား ပြန်ရောက်သည့်နေ့ ဇန်နဝါရီ ၃ရက်တွင် စစ်ကူအဖြစ် ချက်ချင်း ထပ်မံစေလွှတ်ရာ အဆက်အသွယ်မရတော့ဘဲ ပျောက်ဆုံးနေခြင်း ဖြစ်​တော့ သည်။

“ဖုန်းဆက်လည်းမရဘူး။ ကြားထဲမှာ ပျောက်နေတာ။ တစ်ယောက်က အဖမ်းခံရတယ်။ တစ်ယောက်က ပျောက်နေတယ်ဆိုတော့ DSTA ကျောင်းထဲမှာ အတော်လေး ပွက်လောရိုက်နေကြတယ်”ဟုသတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီသည် ရန်သူနှင့် ရင်ဆိုင်တိုက်ပွဲများဆင်နွှဲရာတွင် စစ်တိုက်စွမ်းရည်မရှိသော တက္ကသိုလ်မှ ပညာသင်ကြားနေသူများပါ စစ်မြေပြင်သို့ အတင်းတွန်းပို့ စေလွှတ်နေသည်ကို သံဘိုဖြစ်ရပ်က အထင်းသားမြင်တွေ့ရသည်။ ထိုကဲ့သို့ လုပ်ရပ်အပေါ်ကိုလည်း DSTA အသိုင်းအဝိုင်းက အချင်းချင်းကြား ဝေဖန်ပြောဆိုနေကြသည်။

“သူတို့အချင်းချင်းမှာတော့ တော်တော်လေးပေါက်ကွဲနေတယ်။ မတိုက်နိုင်ရင်လည်း မြန်မြန်အရှုံးပေးလိုက် စေချင်နေကြတယ်”ဟု ပြင်ဦးလွင်တပ်အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

သောကဝေနေသည့် DSTA
သောကဝေနေသည့် DSTA

မန္တလေး PDF၏ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က “ဒီတိုက်ပွဲမှာထူးခြားချက်က ဒုတိယဗိုလ်မှူးကြီး သက်အောင်ဟာ တိုက်ခိုက်ရေးဘက်က မဟုတ်ဘူး။ သင်ကြားရေးပိုင်းက ဖြစ်တယ်။DSTA ရဲ့ Mechanical (စက်မှုဆိုင်ရာ ဘာသာရပ်)ကထိကပေါ့ ။ စာသင်နေတဲ့ သင်ကြားရေးပိုင်းက ဒုတိယဗိုလ်မှူးကြီးဖြစ်တယ်ဆိုတာ သိရတယ်”ဟု ပြောသည်။

ထို့အပြင် ပိုထူးခြားသည်မှာ သံဘိုတိုက်ပွဲတွင် စစ်သင်တန်းတက်ဆဲသူများပင် ​ရှေ့တန်းထွက်တိုက်​နေရခြင်းဖြစ်သလို၊ ​တိုက်ခိုက်​ရေးတပ်မဟုတ်​သော ​​ထောက်ပို့တပ်များမှ စစ်သားများကို ပါ လူနည်းနည်းစီ​ခေါ်၍ တပ်ပြန်စုဖွဲ့ထားရခြင်းဖြစ်သည်။ထို​ကြောင့် ​ရှေ့တန်းတစ်ခါမှမထွက်ဖူး​သော ကထိက မှ စစ်​ကြောင်းမှူးဖြစ်လာ​သော ဒုတိယဗိုလ်မှူးကြီး သက်အောင် မှာလည်း တပ်ပျက်တွင် ဗိုလ်လုပ်ရပြီး ပထမဆုံးတိုက်ပွဲတွင် စစ်သုံ့ပန်းအဖြစ် မန္တ​လေးPDF ၏ ဖမ်းဆီးခံရခြင်းဖြင့် အဆုံးသတ်ခဲ့သည်။

သံဘိုတိုက်ပွဲတွင် ကားသုံးစီးဖြင့် စစ်ကူလာ​သောစစ်​ကြောင်းကိုလည်း ဖြတ်​တောက်တိုက်ခိုက်ခဲ့ရာ​သေဆုံးထိခိုက်သူများပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရမိ​ကြောင်းမန္တ​လေး PDF ကထုတ်ပြန်သည်။လမ်း​ဘေးတွင်ရပ်နားထား​သောစစ်ကားတစ်စီးအနီး တုံးလုံးပက်လက် ၊ရုပ်ပျက်ဆင်းပျက်​သေဆုံး​နေ​သောစစ်သားအ​လောင်းများကိုလည်း မန္တ​လေး PDFကထုတ်ပြန်​သောသတင်းဓါတ်ပုံများတွင်​တွေ့ရသည်။

ထို့​ကြောင့် တပ်ပျက်တွင် ဗိုလ်လုပ်ရပြီး အသက်မ​သေ ဒဏ်ရာမရဘဲ ​ကောင်း​ကောင်းမွန်မွန် ဖမ်းဆီးခံရပြီး​နောက် ဒုတိယဗိုလ်မှူးကြီး သက်အောင် ဘာ​ကြောင့် ပြုံးနိုင်သည်ကိုအ​ခြေအ​နေအများစုသိနားလည်သွားလျှင် အံသြ​တော့မည်မဟုတ်ပါ။

မန္တလေး – လားရှိုးလမ်းမကြီး လားရှိုးမြို့ဘက်အသွား ပြင်ဦးလွင်မြို့အထွက်တွင်ရှိသော DSTAကို ၂၀၁၉ သြဂုတ် ၁၅ရက်ကလည်း မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က တိုက်ခိုက်ခဲ့ဖူးသေးသည်။

လက်ရှိတွင်လည်း အဆိုပါ ညီ​နောင်သုံးဖွဲ့က ရှမ်းမြောက်၌ မြို့များနှင့် စစ်ကောင်စီတပ်စခန်းများ တသ်ခုပြီးတစ်ခုသိမ်းပိုက်နေရာ မြို့ကြီးဆိုပါက လက်တလောတွင် လားရှိုးမြို့ ၊မူဆယ် စ​သောမြို့ အနည်းငယ်သာကျန်ရှိတော့သည်။

ဇန်နဝါရီ ၇ ရက်ကပင် ကွတ်ခိုင်နှင့် သိန္နီကို သိမ်းပိုက်လိုက်ပြီဖြစ်၍ အ​ရှေ့​မြောက်တိုင်းစစ်ဌာနချုပ် ရှိရာ လာရှိုးသည်ပင် ပတ်ပတ်လည် အဝိုင်းခံထားရ​သောအ​ခြေအ​နေ ဆိုက်လာသည်။

ပြင်ဦးလွင်မြို့နှင့် အနီးကပ်ဆုံး ရှမ်းမြောက်ရှိ နောင်ချိုမြို့နယ်တွင်လည်း ယခုရက်ပိုင်း တိုက်ပွဲများပြင်းပြင်းထန်ထန်ဖြစ်ပွားနေသည်။ ပြင်ဦးလွင်မြို့နှင့် (၁၅)မိုင်သာကွာဝေးသော သံဘိုတပ်စခန်းကိုမူ စစ်ကောင်စီက ဆုံးရှုံးထားရခြင်းဖြစ်သည်။

ထိုကဲ့သို့ဖြစ်ရပ်များကြောင့်လည်း DSTAရှိ ဝန်ထမ်းမိသားစုများကြား လောင်မြိုက်ပူလောင်နေခြင်း ဖြစ်သည်။

ထို့ကြောင့် DSTA တက္ကသိုလ်အား တိုက်ခိုက်ခံရမည်စိုးရိမ်၍ အဆိုပါကျောင်းရှိ ဝန်ထမ်းမိသားစုအချို့မှာ ရွှေ့ပြောင်းနေထိုင်ကြကြောင်းလည်း ပြင်ဦးလွင်မြို့ခံများက ပြောသည်။

“သက်အောင်အဖမ်းခံရပြီးနောက်ရက်မှာ ကျောင်းကို PDFက စာပို့တယ်ပေါ့။ သူတို့တိုက်မယ်ပေါ့။ အဲလိုကြားတယ်။ အဲဒါကြောင့် မိသားစုတွေက ရွှေ့နေကြတယ်”ဟု ပြင်ဦးလွင်မြို့ခံတစ်ဦးက ပြောသည်။

ရှမ်းမြောက် နှင့် မန္တလေးတိုင်းအစပ်ရှိ စစ်က္ကသိုလ်ကျောင်းများရှိရာ ပြင်ဦးလွင်မြို့ကို လက်လွှတ်မဆုံးရှုံးစေရေးအတွက် စစ်ကောင်စီက လက်ရှိတွင် မြို့ပတ်ချာလည်တွင် စစ်တပ်ကအင်အား ထောင်ချီအသုံးပြု၍ လုံခြုံရေးချထားသည်ဟုလည်းစုံစမ်းသိရပါသည်။

ပြီးခဲ့သည့် DSTA ကျောင်းဆင်းပွဲကို ပြီးခဲ့သည့် ဒီဇင်ဘာ ဒုတိယအပတ်က ပြုလုပ်ရာ အာဏာလုခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်ခဲ့သည်။ ယခင်က DSTA ကျောင်းဆင်းပွဲသို့ တစ်ကြိမ်တခါမှ မတက်ရောက်ခဲ့သော မင်းအောင်လှိုင်က ယခုနှစ်တွင် မဲဆွယ်သည့်သဘောဖြင့် တက်ရောက်ခဲ့ပါသည်။

“အရင်က အနောက်ကျောင်း(စစ်တက္ကသိုလ်) ကျောင်းဆင်းပွဲပဲ တက်တာ။ အရှေ့ကျောင်း(DSTA) ကျောင်းဆင်းပွဲ မတက်ဘူး။ သန်းရွှေကျောင်းဆိုပြီး စိုးဝင်းပဲ တက်ခိုင်းတာ။ ဒီနှစ်မှ မဲဆွယ်နေတာ”ဟု DSTA တက္ကသိုလ်မှ လူထုနွေဦး၏ သတင်းရင်းမြစ်က ပြောသည်။ သို့​​သော် စစ်​ကောင်စီကသင်ကြား​ရေးမှစစ်သားများပင် ​ရှေ့တန်းပို့စစ်တိုက်ခိုင်းပြီး ဆက်တိုက်စစ်ရှုံး​​နေကာ ၊တော်လှန်​ရေးတပ်များ၏ စစ်ချီရာမှာ ပြင်ဦးလွင်နှင့် ပိုနီးလာ​သောအခါတွင် အာဏာသိမ်း​ခေါင်း​ဆောင်လာရောက်မဲဆွယ်ခဲ့မှုမှာအချည်းနှီးဖြစ်ခဲ့ပြီဟု ၎င်းက ဖွင့်ဟ​လေသည်။ ။

ဆက်စပ်သတင်းများ

သတင်း

DSAကို ၁၀၇ မမ ရှော့တိုက်ဒုံး ငါးလုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားများနေထိုင်သည့် အဆောင်အနီးသို့ လေးလုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း အသိပေးထားသည်။

သတင်း

လုံခြုံရေးတင်းကြပ်ထားသည့်ကြားမှ မြို့ပေါ် ကန်တော်ကြီးလမ်းအထိ လာရောက်စိုက်ထူသွားခြင်းဖြစ်ကြောင်း မြို့ခံအချို့က ပြောသည်။

သတင်း

လူသိများတဲ့ ပြင်ဦးလွင် တန်ဆောင်တိုင်ပွဲကို မြို့ပြင် ပြည်ချစ်ဘုရားရှေ့ ကွင်းပြင်မှာ နိုဝင်ဘာလ ၂၄ ရက်ကနေ ၂၈ ရက်အထိ စည်စည်ကားကား ကျင်းပဖို့စစ်ကောင်စီက စီစဉ်ထားတာပါ။

သတင်း

နောင်ချိုဘက်ကနေ ပြင်ဦးလွင်ဆီ ဝင်ပေါက် ဝက်ဝံဂိတ် ၊ ပြည်ချစ်ဘုရား အနီး စစ်ဆေးရေးဂိတ် အပြင် မန္တလေး ဘက်က ပြင်ဦးလွင်အတက်လမ်းက ဂိတ်တွေမှာလည်း လုံခြုံရေးတင်းကြပ်ထားပါတယ်။