Connect with us

Hi, what are you looking for?

ဆောင်းပါး

​စစ်တပ်​ပေါ်တာ​ကြောင့် ကမ္ဘာပျက်​ရသူတွေ

စစ်မှုမထမ်းမ​နေရ ဥပ​ဒေဖြင့် အဓမ္မ ပေါ်တာဆွဲသည့်အဖွဲ့ကတံတားဦးမြို့နယ်မှာကို သုံးဖွဲ့လောက်ရှိသည်ဟုကို​အောင်ခန့်က ​ပြောပါသည်။

(စစ်​ကောင်စီတပ်ဖွဲ့ဝင်များက အာဏာသိမ်းပြီးစတွင် တနသာ်ရီတိုင်းမှ ဆန္ဒပြလူငယ်များကိုဖမ်းဆီး​ခေါ်​ဆောင်သွားစဥ်။ဓါတ်ပုံ-CJ)
(စစ်​ကောင်စီတပ်ဖွဲ့ဝင်များက အာဏာသိမ်းပြီးစတွင် တနသာ်ရီတိုင်းမှ ဆန္ဒပြလူငယ်များကိုဖမ်းဆီး​ခေါ်​ဆောင်သွားစဥ်။ဓါတ်ပုံ-CJ)

​ရှိန်း / People’s Spring

ကိုအောင်ခန့်တယောက် လမ်းမဘက်ကိုကြည့်လိုက်၊ ဖုန်းကောက်ကိုင်လိုက်နဲ့ ဂဏာမငြိမ်ဖြစ်နေသည်။မန္တလေးမြို့ရဲ့ ကျုံးအနီးကကော်ဖီဆိုင်တခုမှာသူထိုင်နေတာနာရီဝက်ခန့်ရှိနေပြီ။

ညနေ ၄ နာရီလောက်ရှိလာပြီးနေရောင်ဖျာကျနေသည့် ကျုံးအလှကိုသူမခံစားနိုင်ပါ။သူ့ရင်ထဲမှာ ဘယ်သူမှမမြင်နိုင်သည့် အပူမီးတောက်နေသည်။

အကြောင်းမှာ ကိုအောင်ခန့်အိမ်ပြန်မယ့်လမ်း၌ စစ်တပ်က စစ်မှုထမ်းရန် လူငယ်တွေကိုပေါ်တာဆွဲနေသည့်သတင်းကြောင့်မပြန်ရဲဖြစ်​နေသည်။

Public Service Announcement

Public Service Announcement

“မြို့ကြီးတွေမှာတော့ အေးဆေးပဲနော်။နယ်တွေမှာသာ ကမ္ဘာပျက်နေတာ” ။ ကိုအောင်ခန့်က ငြီးငြူသလိုတယောက်ထဲပြောသည်။

တံတားဦးမြို့နယ်အတွင်းကျေးရွာတစ်ရွာကကိုအောင်ခန့်ဟာ အသက်၃၀ ဝန်းကျင်ရှိသည်။

သူ့တွင်လသားအရွယ်သားငယ်​လေးနှင့် ဇနီးသည်တို့ရှိသည်။စားဝတ်​နေ​ရေးအတွက် နေ့စဥ်အရောင်း အဝယ်ကိစ္စများနှင့် သူက မန္တလေးမြို့ကို မလာချင်​သော်လည်းမလာမဖြစ်လာနေရသည်။

တံတားဦးကနေမန္တလေးကိုလာသည့် လမ်းမှာပန်းယျရွာအနီးအဝိုင်းပတ်နဲ့ လေယာဥ်ကွင်းအနီး တံတားတို့မှာ စစ်တပ်ကအမြဲစစ်မှုထမ်းဖို့အတွက်ပေါ်တာဆွဲလေ့ရှိပါသည်။

စွန်ရဲအင်းကျေးရွာဘက်ကလေကြောင်းရန်ကာကွယ်ရေးတပ်၊တံတားဦးလေတပ်နဲ့ စစ်လက်နက်ယန္တရားတပ်တို့က မကြာခဏ ဒီလမ်းပေါ်မှာပေါ်တာဆွဲလေ့ရှိသည်။

ပြီးခဲ့တဲ့ စက်တင်ဘာလတတိယပတ်နဲ့စတုတ္ထပတ်တွေမှာဆိုရင် မနက်၆နာရီကနေ ည၇နာရီလောက်အထိ နေ့လည်ထမင်းစားချိန်သာနားပြီးလမ်းသွားလမ်းလာလူငယ်​တွေကို စစ်​ကောင်စီတပ်က ဆက်တိုက် ပေါ်တာဆွဲခဲ့တာကိုအောင်ခန့်ကြုံခဲ့ဖူးသည်။

စစ်မှုမထမ်းမ​နေရ ဥပ​ဒေဖြင့် အဓမ္မ ပေါ်တာဆွဲသည့်အဖွဲ့ကတံတားဦးမြို့နယ်မှာကို သုံးဖွဲ့လောက်ရှိသည်ဟုကို​အောင်ခန့်က ​ပြောပါသည်။

ပေါ်တာဆွဲမည့်သူတွေထဲမှာ စစ်သား၊ရဲ၊​ထွေအုပ်နဲ့ အရပ်ဝတ်တွေပါပြီးတံတားဦးမြို့အတွင်းထွေအုပ်ရုံးထဲစုကာ ထွက်ဆွဲလေ့ရှိ​ကြောင်းအဲဒီဘက်ကဒေသခံတွေကပြောသည်။

အဆိုးဆုံးဆွဲသည့်နေရာက ပန်းယျကျေးရွာအနီးကအဝိုင်းပတ်တွင်ဖြစ်သည်။မန္တ​လေး ဘက်ကို

အလုပ်သွားလုပ်မည့်သူများကို ကား၊ဆိုင်ကယ်အကုန်တားကာ အမျိုးသားအားလုံးစစ်မှုထမ်းရမည်ဟုပြောကြာ ကားပေါ်တက်ခိုင်းသည်။ကား၊ဆိုင်ကယ်အကုန်ထားခဲ့ အိမ်ကိုလာယူခိုင်းလိုက်မည်ဟု အဆိုပါအဖွဲ့ထဲပါသူတွေကပြောသည်။

နေ့ခင်းပိုင်းမှာဖမ်းမိလာသူတွေကို မြို့နယ်ထွေအုပ်ရုံးတွင်လူစစ်သည်။အသက်မပြည့်သေးသူကလေးငယ်တချို့ကိုတော့ ပြန်လွှတ်ပေးခဲ့သည်။ သို့​သော်တခါတရံအသက်မပြည့်သူများကိုလည်း ​ခေါ်ပါသည်။စစ်သားသစ်စု​ဆောင်းခံရသူများကို

ထွေအုပ်ရုံးထဲမှာတနေကုန်ဖမ်းဆီးထားပြီး ညနေဘက်၄နာရီခွဲကနေ ည၇နာရီအထိ၎င်းတို့ပေါ်တာဆွဲလာသူများနှင့်ပေါင်းကား​ပေါ်တင်၍ စစ်တပ်တခုခုသို့ခေါ်သွားလေ့ရှိသည်ဟု ထွေအုပ်နဲ့နီးစပ်သူတဦးကပြောသည်။

“တခါတလေကျောက်ဆည်ဘက်ကတပ်ကိုပို့တယ်။မိတ္ထီလာ၊မန္တလေး၊စွန်ရဲအင်းရွာဘက်ကတပ် အဲလိုမျိုးပို့တယ်လို့သိရတယ်”ဟုထွေအုပ်နဲ့နီးစပ်သူတဦးကပြောသည်။

မန္တလေးမြို့တွကိ ဒီဇင်ဘာလ ၁ ရက်မှ ၉ ရက်​နေ့ စစ်မှုထမ်းရန်ဆိုကာ လူငယ် ၄၀ကျော် ဖမ်းဆီးခံလိုက်ရ​ကြောင်း Voice Of Mandalay အဖွဲ့ကထုတ်ပြန်သည်။မဟာအောင်မြေ၊ အောင်မြေသာစံ၊ ပြည်ကြီးတံခွန်နဲ့ အမရပူရမြို့နယ်တို့မှလူငယ်များကိုစစ်တပ်က နေအိမ်များ အထိ​ရော ၊လမ်းပေါ်တွင်ပါ အဓမ္မ လိုက်လံဖမ်းဆီးခဲ့ရာ လူငယ် ၄၁ဦး ဖမ်းဆီးခံခဲ့ရသည်ဟုအဖွဲ့ က အသိပေးသည်။ထိုအ​ရေအတွက်မှာVoice Of Mandalay အဖွဲ့ကစု​​ဆောင်း ရရှိ​သောအချက်အလက်သာဖြစ်ပြီး ​မြေပြင်တွင် ထိုအရအတွက်ထက်ပင်များနိုင်​ကြောင်းအဖွဲ့ကဆိုသည်။

အလားတူ ညောင်ဦး-မြင်းခြံလမ်းပိုင်း ပခုက္ကူတံတားအနီးမှာလည်း ဒီဇင်ဘာလ၆ရက်နေ့က လူငယ်၁၆ဦးခန့်ကို စီးလာတဲ့ဆိုင်ကယ်များကိုပါသိမ်းဆည်းကာ ဖမ်း​ခေါ်ခံရသည်။

“ကျွန်မ သားအပါအဝင် ၁၆ယောက်တသုတ်ခေါ်သွားတာ။ညောင်ဦးထွေအုပ်ရုံးအထိ ကျွန်မတို့လိုက်ထုတ်တယ်။ထုတ်မပေးဘူး”လို့ဒေါ်သန္တာ(အမည်လွှဲ)ကပြောသည်။

ဒေါ်သန္တာ ၏ သားဖြစ်သူဟာ အသက်၁၉နှစ်အရွယ်ဖြစ်ပြီး ၎င်း၏သူငယ်ချင်းဖြစ်သူနဲ့အတူ ညောင်ဦးမြို့သို့အသွားတွင် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။

​ညောင်ဦးမြို့ခံတဦး၏ပြောကြားချက်အရ ညောင်ဦးထွေအုပ်ရုံးရှေ့တွင် ဒီဇင်ဘာ ၆ ရက်နေ့က အနီးနားကျေးရွာတွေကပြည်သူတွေအများအပြားရောက်နေပြီး စစ်မှုထမ်းဖို့ပေါ်တာဆွဲခံရသူတွေကို လာထုတ်တာလို့ဆိုသည်။

“ဒီဘက်ကရွာတွေမှာ ဘယ်သူမှအပြင်သိပ်မထွက်ရဲကြဘူး။ကျောက်ပန်းတောင်းမြို့ပေါ်တောင်နည်းနည်းမှောင်ရင်စဆွဲပြီ”လို့ ညောင်ဦးမြို့နယ်ကအမျိုးသားတဦးကပြောသည်။

ဒီဇင်ဘာလ၁၀ရက်နေ့သည် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ဖြစ်သည်။သို့သော်ထို​နေ့မှာမြန်မာနိုင်ငံကအသက်၁၈ နှစ်ကနေ ၃၅နှစ်အထိ လူငယ်တွေအတွက် လုံးဝအကျုံးမပါဝင်ခဲ့​ပေ။စစ်တပ်က စစ်သားသစ်အတွက် ​ပေါ်တာဆွဲရာတွင် သတ်မှတ်အ​ရေအတွက်မပြည့်ပါက ၁၈ နှစ်ထက်ငယ်​သော်လည်း ၃၅ နှစ်ထက်ကြီး​သော်လည်းအရွယ်မ​ရွေး​ အဓမ္မဖမ်းဆီး​ခေါ်​​ဆောင်ပါသည်။

၂၀၂၄ခုနှစ်မှာ ဖေဖော်ဝါရီလ၁၀ရက်နေ့တွင်စစ်မှုထမ်းဥပဒေပြဌာန်းခဲ့ပြီး​နောက် စစ်တပ်က စစ်သားသစ်ရရန် ၊လူဖမ်းပြီး ​ငွေညှစ်ရန် လူ့အခွင့်အရေးကိုပေါ်ပေါ်ထင်ထင်ချိုးဖောက်၍နိုင်ငံအနှံ့ပေါ်တာဆွဲခြင်းကို အတားအဆီးမရှိပြုလုပ်နေသည်။

မန္တလေးမြို့ပေါ် ဆိုလျင် အမှတ်( ၉၅) ​ခြေလျင်တပ်ရင်း( ခလရ၉၅) တွင် စစ်သားစုဆောင်းရေးအတွက်အရပ်ဝတ်များ ဖြင့် အဖွဲ့ဖွဲ့စည်းထားပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နှင့် ပူးပေါင်း၍ ပေါ်တာဆွဲ လေ့ရှိသည်။

အဓိကအားဖြင့် မြို့အစွန်ရပ်ကွက်များဖြစ်​သော ပြည်ကြီးတံခွန် နှင့် ပုသိမ်ကြီး မြို့နယ်မှရပ်ကွက်၊ကျေးရွာများကို အဓိကထားကာပေါ်တာဆွဲ​လေ့ရှိ​ကြောင်း မြို့ခံများနှင့်မြေပြင်ကင်းထောက်အဖွဲ့တွေဆီကနေသိရသည်။

ပေါ်တာဆွဲခံရသူများမှာ နန်းတွင်းထဲတွင်တစ်လနီးပါးအချုပ်ချထားပြီး ပုသိမ်ကြီးမြို့နယ်ရှိတပ်မ၃၃အခွဲ(ခလရ-၁၁၉) နှင့် ရမည်းသင်းမြို့အမှတ်(၃)စစ်အခြေခံလေ့ကျင့်ရေးကျောင်းတွေကိုပို့ဆောင်ကြောင်း သိရသည်။

ရခိုင်ပြည်နယ် ၊ကချင်ပြည်နယ် ၊ရှမ်းပြည်နယ်၊ကရင်ပြည်နယ်အပါအဝင် ​ဒေသအစုံမှ တိုက်ပွဲများတွင် စစ်တပ်မှာ​သေဆုံးဒဏ်ရာရသူ၊ထွက်​ပြေးများ​နေသဖြင့် စစ်သားသစ်များကိုပိုဆွဲ​နေသည်။ နိုင်ငံတဝန်း တိုက်ပွဲများတွင် ယခု​နောက်ပိုင်း ​သေဆုံးဒဏ်ရာရသူ အများစုမှာလည်း စစ်သားသစ်များပင်ဖြစ်​နေ​ကြောင်း ​တော်လှန်​ရေးအင်အားစု​တွေက​ပြောပါသည်။

ဒီဇင်ဘာ လဆန်းတွင် အပါတ်စဥ်(၇)သင်တန်းမှာစ​သော်လည်း စစ်သားပြုန်းတီးမှုများ​နေ​သောစစ်အုပ်စုက အပါတ်စဥ်(၈)အတွက် လူသစ်စုဆောင်းမှုကိုအပြင်းအထန်လုပ်နေသည်။

နောင်ချိုမြို့နယ်၊တောင်ခမ်းတိုက်ပွဲမှာ ပြည်သူ့စစ်အများအပြားသုံးခဲ့သလို ၊ မတ္တရာတိုက်ပွဲတွင် ညောင်ဦးမြို့နယ်နဲ့ တံတားဦးမြို့နယ်တို့မှ ​ပေါ်တာဆွဲခံရပြီး စစ်သင်တန်းအပါတ်စဥ် (၁) တက်ခဲ့ရပြီး​ရှေ့တန်းထွက်ရာမှ သေဆုံးသူများလည်းရှိခဲ့သည်။

ပြီးခဲ့တဲ့နိုဝင်ဘာလကကရင်နီပြည် ၊လွိုင်​ကော်မြို့ တိုက်ပွဲအတွင်းဖမ်းမိခဲ့သည့်စစ်သုံ့ပန်းတွေထဲတွင်မန္တလေးမြို့ကနေစစ်မှုထမ်းအပတ်စဥ်(၂)မှာ ပါဝင်ခဲ့​သော အသက်၂၆နှစ်အရွယ်အမျိုးသားကို တော်လှန်ရေးတပ်တွေကဖမ်းမိခဲ့သည်။

စစ်သားသစ် အဓမ္မစု​​ဆောင်းမှုကို အ​ခြေပြု၍ ​ဈေးကွက်လည်းဖြစ်​ပေါ်လာသည်။စစ်မှုမထမ်းလိုပါက ငွေကျပ်သိန်း၁၀၀အထိပိုက်ဆံပေးရသည်မှာ စျေးကွက်တခုလိုဖြစ်လာ​ကြောင်း CDM ဗိုလ်ကြီးဇင်ယော်ကမှတ်ချက်ပြုသည်။သို့​သော်​ငွေ​ပေး​သောနည်းမှာ​ရေတိုသာ အဆင်​ပြေမည်ဟုလည်း သူကဆိုသည်။ အချို့​ဒေသတွင် စစ်သားသစ်စု​ဆောင်းသူများက လူအဆွဲမခံရလိုလျင်​တောင်း​သော​ငွေမှာထိုထက်ပင်များ​ သည်။

လူကြည့်၍အမျိုးမျိုး​တောင်း​လေ့ရှိ​ကြောင်း​ပြည်သူများက​ပြောသည်။

“တဖြည်းဖြည်းချင်းနဲ့ ကိုယ့်အလှည့်ရောက်လာမှာပဲ။အရင်တုန်းကဆိုရှောင်လွှဲလို့ရတယ်။အခုကဘာဖြစ်ဖြစ်လူဖြစ်ရင်ဆွဲစိတာ။အသက်၃၅နှစ်ကျော်ရင်တောင်မှပဲ သူတို့သဘောအရစစ်တပ်ကိုပြန်ပြီး ကင်းစောင့်ခိုင်းမယ့်အကြမ်းဖက်တိုက်ဖျက်ရေးဆိုတဲ့မူကရှိနေတယ်။အဲ့တော့တတိုင်းပြည်လုံးကဝိုင်းပြီး စစ်တက်မပျက်အောင်ကာဗာယူသွားမယ့်သဘောပေါ့နော်။အပြီးရှောင်လွှဲလို့လည်းမရဘူးဗျ။ဒီစစ်တပ်ပျက်သွားမှပဲရမယ်။အဲတော့စစ်တပ်ပျက်သွားအောင်တိုက်ဖို့ ကိုယ်စွမ်းနိုင်သလောက်နည်းနဲ့ဆောင်ရွက်ပါလို့ပဲပြောချင်တယ် “ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြည်သူများကိုအကြံပြုသည်။

တော်လှန်ရေးတပ်များကလည်း ထိုကိစ္စတွေကို ထိန်းချုပ်နိုင်ရန် စစ်တပ်၏ တပ်ရင်း၊တပ်ဖွဲ့များကို မြန်မြန်တိုက်ပြီး ​ချေမှုန်းနိုင်မှသာလျင် လူငယ်လူရွယ်များသေဆုံးဘဝပျက်မှု ရပ်တန့်မည်ဟု သူကဆက်ပြောသည်။

စစ်​ကောင်စီက အဓမ္မစစ်သားသစ်စု​ဆောင်းမှုများနှင့်ပတ်သက်၍ လူ့အခွင့်အရေးလှုပ်ရှားသူ အမျိုးသမီးတဦးကလည်း “လူ့အခွင့်မရေးချိုးဖောက်တာပဲလေ။ လူ့အခွင့်အရေးချိုးဖောက်တယ်။ ကလေးတွေ အနာဂတ်ကို ရိုက်ချိုးတယ်။လူငယ်တွေရဲ့ တတ်လမ်းကို အကုန်လုံးပိတ်လိုက်တဲ့ သဘောပါပဲ။”ဟု မှတ်ချက်ပြုသည်။

CDM ဗိုလ်ကြီးလင်းထက်အောင်ကလည်း စစ်တပ်အနေဖြင့် တပ်မများ၊တိုင်းစစ်ဌာနချုပ်များအလိုက် ပျက်စီးမှုများနေ​သော​ကြောင့် ဆုံးရှုံးခဲ့ပြီးသားစစ်အင်အားကို ကာရန် အဓမ္မဖမ်းဆီးခေါ်ဆောင်မှုများကိုပိုလုပ်လာနိုင်ကြောင်းသုံးသပ်သည်။

“အကောင်းဆုံးကတော့ ဒီစစ်ကို နိုင်အောက်တိုက်မှဖြစ်မယ်။ မြန်မြန်နိုင်အောင်တိုက်မှ ကျွန်တော်တို့နိုင်ငံရဲ့လူငယ်တွေဆုံးရှုံးမှုတွေ လျော့ပါးစေမှာဖြစ်တယ်။ ဒီတော်လှန်ရေးကို မြန်မြန်အ‌ဆုံးသတ်မှ ရမယ်။ ဒါကအရေးကြီးဆုံးအချက်လို့ မြင်တယ်”ဟုCDM ဗိုလ်ကြီးလင်းထက်အောင်ကပြောသည်။

လတ်တ​လောကာလတွင်ပေါ်တာဆွဲခံရခြင်းကို​ရှောင်လွှဲနိုင်ရန် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအပါအဝင် တော်လှန်ရေးတပ်များက လူငယ်များကို ပိုမိုကူညီ​ပေးရန် ၊လူငယ်များကလည်းတော်လှန်ရေးတပ်များနှင့် ဆက်သွယ်၍ အကြံဥာဏ်​တောင်းခံတာ၊ နည်းလမ်းရှာတာတွေပြုလုပ်သင့်​ကြောင်း သူက ဆက်ပြောသည်။

ဒီဇင်ဘာလဆန်းပိုင်းမှာပင် စစ်တပ်၏ အကြီးမားဆုံး ဆုံးရှုံးမှုအဖြစ် မောင်တောမြို့၊နခခ(၅) ကျရှုံးမှု ၊ အမ်းမြို့နှင့် စစ်တပ်စခန်းများ သိမ်းပိုက်ခံရမှူ ၊နောင်ချိုမြို့နယ် ဘန့်ဘွေးတွင် စစ်တပ်အားထားရသည့် တပ်မ(၈၈) နှင့်တပ်မ(၃၃)လက်အောက်ခံစစ်သားများ အများအပြားဆုံးရှုံးထားသည်။

အလားတူ ကချင်ပြည်နယ်၊ဗန်းမော်မြို့တွင် KIA ၏ မြို့သိမ်းတိုက်ပွဲ ၊ ချင်းပူး​ပေါင်းတပ်များ၏ မင်းတပ် ၊ဖလမ်းမြို့သိမ်းတိုက်ပွဲ ၊စစ်ကိုင်းတိုင်းမှ အင်း​တော်မြို့သိမ်းတိုက်ပွဲ ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အနီး မတ္တရာမြို့နယ်တွင်လည်းတစ်​ကျော့ပြန်တိုက်ပွဲ စ​သောနိုင်ငံတစ်ဝန်းတိုက်ပွဲများစွာကို အာဏာသိမ်းစစ်တပ် ရင်ဆိုင်နေရသည်။

တိုက်ပွဲအများစုတွင်လည်း စစ်ရှုံး​နေ​သောစစ်အုပ်စုသည် ၎င်းတို့အာဏာ လက်မလွတ်ရ​ရေးအတွက် ကို​အောင်ခန့်ကဲ့သို့​သော လူငယ်များကို ရသမျှ ဆွဲ၍ ​ရှေ့မှ အ​သေခံခိုင်း​နေမည်ဖြစ်သည်ဟုပြည်သူအချို့က​ပြောသည်။

စစ်သားသစ်စု​ဆောင်းခံရသူများ စစ်တပ်မှ စွန့်ခွာလိုပါကကူညီဆောင်ရွက်ပေးမည်ဟု ပြည်သူ့ရင်ခွင် – People’s Embrace က ဒီဇင်ဘာလ ၁၂ ရက်တွင်ကြေညာပါသည်။စစ်သားသစ်အဖြစ် အဓမ္မစုဆောင်းခံရသူများသည် ကိုယ်တိုင်ဖြစ်စေ၊ မိသားစုဝင်များမှတဆင့် ဖြစ်စေ၊ ရင်းနှီးသူမိတ်ဆွေများမှ တဆင့်ဖြစ်စေ ပြည်သူ့ရင်ခွင်သို့ လာရောက်ဆက်သွယ် တိုင်ပင်နိုင်ပြီး စစ်ကောင်စီတပ်အား လက်နက်ဖြင့်၊လက်နက်မဲ့ စွန့်ခွာနိုင်ရေး ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြည်သူ့ရင်ခွင် – People’s Embrace က https://www.facebook.com/share/p/1CX8HyrJd2 အသိပေးထားသည်။

ကိုအောင်ခန့်လည်း ညနေ၄နာရီခွဲတော့ အိမ်ပြန်ဖို့ပြင်ရသည်။လမ်းအခြေအနေကိုဖုန်းဆက်ကြည့်တော့ ပေါ်တာဆွဲတဲ့အဖွဲ့က တံတားဦးလေယာဥ်ကွင်းပတ်အဝိုင်းအနီးကတံတားပေါ်ရောက်နေပြီဟုသိရသည်။ အနီးနားက အသိ​တွေဆီ ဖုန်းဆက်ကာရှောင်လမ်းတွေသွားဖို့သူပြင်ဆင်ရသည်။

“PDFတွေဒီဘက်မလာနိုင်တော့ ဒီဘက်ကဖြစ်ချင်တိုင်းကိုဖြစ်နေတာ”လို့ကိုအောင်ခန့်ကရင်ဖွင့်ပါသည်။ ။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ကောင်စီသည် ပုံမှန်အားဖြင့် လွတ်လပ်ရေးနေ့နှင့် မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့တို့တွင် အကျဉ်းသားများအား လွတ်ငြိမ်းခွင့်ပေးလေ့ရှိသည်။

သတင်း

ကျူးလွန်နေသော အကြမ်းဖက်စစ်အုပ်စု၊ ရာဇဝတ်ကောင်များကို အပြစ်ပေး အရေးယူနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။

သတင်း

ဝန်ထမ်းတွေရဲ့ပြောကြားချက်အရ စက်ရုံအလုပ်ရုံတိုင်းကို စစ်တပ်ကစာရင်းတောင်းတာမို့ လုပ်ငန်းရှင်တွေအားလုံးက ပေးထားရတာလို့ ဆိုပါတယ်။

သတင်း

တော်လှန်ရေးရဲဘော်၂ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့၍ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း မြိုင်ပကဖတာဝန်ရှိသူက ပြောသည်။