စက်တင်ဘာ၂၈၊၂၀၂၆။နေ့သစ်/People’s Spring
မန္တလေးမြို့က ကလေးဆေးရုံကြီးမှာ ဆေးရုံလာတက်တဲ့ ရွှေဘိုမြို့နယ်က ကလေးတွေရဲ့ဖခင် ဖြစ်သူ ၂ဦး ပေါ်တာဆွဲခံရလို့ ပျောက်ဆုံးနေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
စက်တင်ဘာ ၂၆ ရက် နံနက်၉နာရီမှာ မန္တလေးမြို့ ၆၆လမ်း၂၇လမ်းနဲ့၂၈လမ်းကြား ၊လမ်းအနောက်ဘက်က ကလေးဆေးရုံကြီး ဖျားနာဆောင်မှာ ဆေးကုသမှုခံယူနေတဲ့ ၈နှစ်အရွယ် ကလေးငယ်ရဲ့ ဖခင်ဖြစ်သူ (၃၃)နှစ်အရွယ် ကိုဇော်မျိုးဦးဟာ သမီးဖြစ်သူအတွက် ဆေးထွက်ဝယ်တဲ့အချိန်မှာ ပျောက်သွားတာလို့ သိရပါတယ်။
ဒါ့အပြင် အဲဒီနေ့မှာပဲ (၄)နှစ်အရွယ်ကလေးငယ်ရဲ့ဖခင်ဖြစ်သူ (၃၅)နှစ်အရွယ် ကိုလှိုင်တင် ဆိုသူလည်း ပျောက်ဆုံးခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement
“၂ယောက်လုံး ပေါ်တာဆွဲခံရတယ်ဆိုတာ။ ရဲတွေကိုယ်တိုင်က အတည်ပြုထားတာ။ပြီးတော့ဘယ်သူဆွဲလဲဆိုတာ သူတို့လည်း မသိသေးဘူး။ဒါပေမယ့် ဒီလူတွေကိုဆွဲထားတော့ ဘယ်ရောက်မှာလဲ။ပုံမှန်ဆို ထွေအုပ်၊နန်းတွင်းနောက်ထပ်ရောက်ရင်အလွန်ဆုံးက မတ္တရာထီးတော်မိုး တပ်ပဲ။အခုသတင်းထွက်တော့ တခြားနယ်မှာ ရောင်းစားဖို့ပိုများသွားတာပေါ့။နေ့ခင်းကြီး ဒီနေရာမှာ ဘယ်သူလုပ်ရဲမှာလဲ”လို့ စစ်တပ်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
အဲဒီကလေးဆေးရုံဟာ မန္တလေးမြို့လယ် လူစည်ကားရာမှာရှိတယ်လို့ မြို့ခံ တွေက ပြောပါတယ်။
ဆေးရုံရဲ့ရှေ့မှာ အိုးဝေသုံးဘီး တွေဂိတ်ရှိပြီး ဈေးသည်တချို့လည်းရှိတယ်လို့သိရပါတယ်။
ဒီဆေးရုံရဲ့ အရှေ့ဘက်မှာ ရဲအရာရှိသင်တန်းကျောင်း ရှိပြီး ၆၆လမ်း၊၂၈လမ်းမှာဆိုရင် ရဲအရာရှိအိမ်ယာက ရဲဂိတ် တွေလည်းရှိတယ်လို့ သိရပါတယ်။ အဲဒီရဲဂိတ်ဟာ ဆေးရုံထွက်ပေါက်နဲ့လှမ်းမြင်နိုင်တဲ့ အနေအထားမှာရှိတယ်လို့ သိရပါတယ်။
ရွေးကောက်ပွဲအပြီးမှာ ဒီဂိတ်ကို ရဲတွေမထိုင်ပေမယ့် တံတားဦး လေတပ်တိုက်ခိုက်ခံရမှုအပြီးမှာ ရဲ၂ဦး ပုံမှန်လုံခြုံရေး စောင့်လေ့ရှိတယ်လို့ သိရပါတယ်။
ကလေးဆေးရုံကိုလာသူအများစု ဝယ်ယူလေ့ရှိတဲ့ ဆေးဆိုင်တွေဟာ ၆၆လမ်းနဲ့၂၇လမ်း ထောင့်က ဆေးဆိုင်မှာ ဝယ်ယူကြပါတယ်။ နယ်ကနေ ဆေးရုံတက်လာသူအများစုဟာ ဆေးရုံကနေလမ်းကူးပြီး အဲဒီဆေးဆိုင်တွေကို သွားရောက်ဝယ်ယူသူများတယ်လို့ ဆေးဝန်ထမ်းတချို့က ပြောပါတယ်။
စက်တင်ဘာလအတွင်းမှာ စစ်အုပ်စုကစစ်မှုအတွက် ပေါ်တာဆွဲထားတဲ့၊အဓမ္မစစ်သားစုဆောင်းထားပြီးနန်းတွင်းထဲမှာ ဖမ်းဆီးထားတဲ့ လူငယ်တွေကို ပုသိမ်ကြီးမြို့နယ်က စစ်မှုထမ်းသင်တန်းတွေဆီပို့တာ ၃ ကြိမ်ရှိပြီ ဖြစ်ပါတယ် ။
စစ်တပ်နဲ့ ပျူစောထီးတွေပေါင်းပြီး လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးတာအများစုဖြစ်ပြီး စစ်သားစုဆောင်းရေးတပ်ကို တစ်ဦး ကျပ်သိန်း ၈၀ ကနေ သိန်းရာဂဏန်းနဲ့ ပြန်ရောင်းစားတာဖြစ်တယ်လို့ စစ်တပ်ခန့်အုပ်ချုပ်ရေးမှူးအချို့က ပြောပါတယ်။
စစ်တပ်က နိုင်ငံတစ်ဝန်းတိုက်ပွဲတွေမှာ အဓမ္မစုဆောင်းထားတဲ့စစ်သားသစ်တွေနဲ့အဓိကစေလွှတ်တိုက်ခိုက်နေပြီး သေဆုံးဒဏ်ရာရတာ ၊ ထွက်ပြေးတာ ၊တော်လှန်ရေးတပ်တွေထံအလင်းဝင်သွားတာတွေများနေသလို ၊စစ်သားသစ်စုဆောင်းဖို့ ပိုခက်ခဲလာတဲ့အတွက် နည်းမျိုးစုံနဲ့ ပေါ်တာဆွဲတာတွေကိုပိုလုပ်လာတာဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။ ဒါကြောင့် လူငယ်တွေ ၊ပြည်သူတွေအနေနဲ့ ပေါ်တာဆွဲမခံရအောင်ပါးနပ်စွာနေထိုင်ကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ယခု စက်တင်ဘာမှာ လုပ်မယ့် စစ်မှုထမ်းအပတ်စဥ်(၂၈)အတွက် စစ်မှုထမ်းဆင့် ခေါ်တာ၊ ပေါ်တာဆွဲတာတွေ ပြုလုပ်နေတာဖြစ်ပြီး သူတို့ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ အခုလပိုင်းအတွင်း ပေါ်တာဆွဲတာတွေကို ဆက်တိုက်လုပ်နေတာဖြစ်ပါတယ်။


















































