Connect with us

Hi, what are you looking for?

ဆောင်းပါး

“သမ္မတရဲ့ နှစ်သစ်သတင်းစကား”

ယခုနှစ်သစ်မှာ နိုင်ငံနဲ့ လူထုတရပ်လုံးအတွက် တစ်နှစ်ထက်တစ်နှစ် ပိုမိုမြင့်မားတဲ့ တော်လှန်ရေးအောင်ပွဲတွေကို ဆက်လက်ရယူနိုင်လိမ့်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ တစ်ဖွဲ့လုံးက ယုံကြည်ထားကြောင်း ယာယီသမ္မတက အခိုင်အမာဆိုပါတယ်။

"သမ္မတရဲ့ နှစ်သစ်သတင်းစကား"
"သမ္မတရဲ့ နှစ်သစ်သတင်းစကား"

သော်မွန်/People’s Spring

စစ်အာဏာရှင်စနစ်ဆိုးကို ဖျက်သိမ်းဖို့အတွက် အကြမ်းဖက်စစ်ကောင်စီကို ဦးဆောင်နေတဲ့ မင်းအောင်လှိုင်နဲ့ စစ်အုပ်စုကို အမြစ်ပြတ်ဖြုတ်ချရေးဟာ တော်လှန်ရေးအင်အားစုအားလုံးရဲ့ ဗဟိုဦးတည်ချက်ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက နှစ်သစ်ကူးမိန့်ခွန်းမှာ ထည့်သွင်းပြောကြားပါတယ်။

၂၀၂၅ ခုနှစ်ရဲ့ ပထမဆုံးရက်မှာ ယာယီသမ္မတ ဒူဝါလရှီးလက မိနစ် ၂၀ နီးပါးကြာ နိုင်ငံတော်အခြေပြမိန့်ခွန်းပြောကြားခဲ့ပြီး NUG အစိုးရတရပ်လုံးဟာ ဘယ်သို့သော နိုင်ငံရေးလောကဓံတွေ ကြုံတွေ့သည်ဖြစ်စေ လူထုရဲ့အကျိုးစီးပွားကို ဖယ်ကြဥ်တဲ့ ဘယ်လိုလုပ်ရပ်ကိုမျှ လုပ်ဆောင်မှာမဟုတ်ဘူးလို့ ကတိပြုပါတယ်။ ယာယီသမ္မတရဲ့ မိန့်ခွန်းမှာ NUG အနေနဲ့ တော်လှန်ရေးကို တဆင့်ပြီးတဆင့်လုပ်ဖို့ စီမံချက်ချထားပြီး အနာဂတ်မှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ဖို့ အဆင့်ဆင့်လုပ်ဆောင်မယ်လို့ သတင်းစကားပါးပါတယ်။

ပထမဆုံးအဆင့်ကတော့ ယုတ်မာတဲ့စစ်ကောင်စီကို အမြစ်ပြတ်ဖယ်ရှားဖြေရှင်းဖို့၊ စစ်တပ်ဟာ မြန်မာ့နိုင်ငံရေးလောကမှာ ဘယ်တော့မှ မပါဝင်ဖို့ အရင်ဆုံးလုပ်ဆောင်ရမယ်လို့ ယာယီသမ္မတက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ယခုနှစ်သစ်မှာ နိုင်ငံနဲ့ လူထုတရပ်လုံးအတွက် တစ်နှစ်ထက်တစ်နှစ် ပိုမိုမြင့်မားတဲ့ တော်လှန်ရေးအောင်ပွဲတွေကို ဆက်လက်ရယူနိုင်လိမ့်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ တစ်ဖွဲ့လုံးက ယုံကြည်ထားကြောင်း ယာယီသမ္မတက အခိုင်အမာဆိုပါတယ်။

“အခုဆိုရင် နွေဦးတော်လှန်ရေးဟာ ၄နှစ်တာ ကာလကို မကြာမီရောက်လာတော့မှာ ဖြစ်ပါတယ်။ အခုဖြတ်သန်းလာတဲ့ နွေဦးတော်လှန်ရေးကာလအတွင်းမှာ ကျွန်တော်တို့တတွေဟာ တော်လှန်ရေးအောင်ပွဲတွေကိုလည်း ဆုပ်ကိုင်တက်လှမ်းနိုင်သလို နိုင်ငံရေးလောကဓံအမျိုးမျိုးလည်း ခံစားတွေ့ကြုံခဲ့ကြရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ ဘယ်လောက်ပဲ နိုင်ငံရေးလောကဓံ အခက်အခဲတွေနဲ့ တွေ့ကြုံခဲ့ရသည်ဖြစ်စေ၊ ပြည်သူလူထု တရပ်လုံး ခံစားပေးဆပ်ခဲ့တဲ့ ဒုက္ခတွေ၊ သွေး၊ ချွေးတွေနဲ့ နှိုင်းယှဥ်ရင် ဘာမှ မပြောပလောက်ဘူးလို့ ယူဆပါတယ်” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

ယာယီသမ္မတရဲ့ နှစ်သစ်ကူးမိန့်ခွန်းတခုလုံးကို ခြုံကြည့်ပါက အမျှော်အမြင်ရှိမှု၊ ဆောင်ရွက်မယ့်လုပ်ငန်းစဥ်ချပြနိုင်မှုနဲ့ အာဏာပိုင်စိုးမှု အခြေအနေများကို တွေ့မြင်ရတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ၊ ဆောင်းပါးရှင် မြင့်မာန်က မှတ်ချက်ပြုပါတယ်။

“NUG အနေနဲ့ ဆောင်ရွက်ရမယ့် လုပ်ငန်းစဥ်ထဲမှာ နိုင်ငံရေး၊ စစ်ရေး ပူးပေါင်းဆောင်ရွက်သွားဖို့ အားစိုက်မယ်။ နိုင်ငံရေးစစ်ရေး အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ အားစိုက်မယ်၊ မဟာမိတ်ဖြစ်ဖို့ ကြိုးစားမယ်ဆိုတဲ့ ကတိကဝတ်ဖြစ်တာမျိုး ပြောသွားတာမျိုးရှိတယ်” လို့ နိုင်ငံရေးအကဲခတ် မြင့်မာန်က ပြောပါတယ်။

ယာယီသမ္မတရဲ့ မိန့်ခွန်းထဲမှာ NUG အစိုးရအဖွဲ့ဝင်တွေရဲ့ ဦးဆောင်မှုလိုအပ်ချက်တွေကြောင့်လည်းကောင်း၊ စနစ်နဲ့ အကျင့်ဆိုး၊ စရိုက်ဆိုးတွေရဲ့ ဘေးထွက်ဆိုးကျိုးကြောင့်လည်းကောင်း ပြည်သူလူထုအပေါ် ထိခိုက်နစ်နာခဲ့မှုတွေ တစုံတရာ ရှိခဲ့တယ်ဆိုတာ တွေ့ရှိခဲ့ပြီးဖြစ်တယ်လို့ ဝန်ခံပါတယ်။ ဒါပေမဲ့ NUG အစိုးရဟာ မူနဲ့ စနစ်ကို အခြေခံပြီး တော်လှန်ရေးဦးတည်ချက်တွေကို ဖြောင့်ဖြောင့်လျှောက်လှမ်းနေတာလို့ ရှင်းပြပါတယ်။

“လူနဲ့ မူကို တသားတည်းဖြစ်အောင် တည်ဆောက်နေသလို မူကောင်းတွေနဲ့ လူကောင်းတွေ၊ လူမှန်၊ နေရာမှန် ဖြစ်ရေးကိုလည်း ဆက်လက်အကောင်အထည်ဖော်လုပ်ဆောင်နေတာဖြစ်ပါတယ်”လို့ ယာယီသမ္မတက ပြောပါတယ်။

ဒီဘက်နှစ်တွေအတွင်း ပြည်သူလူထုအကြား ဝေဖန်မှု အများဆုံးခံရတဲ့ ပ-သုံးလုံး(ပြည်သူ့ကာကွယ်ရေး၊ ပြည်သူ့အုပ်ချုပ်ရေးနဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့တွေ)နဲ့ပတ်သက်လို့ စွမ်းရည်နဲ့ အရည်အချင်းတွေမှာ အကန့်အသတ်ရှိတယ်ဆိုတာကို အစိုးရတစ်ဖွဲ့လုံးက သိနားလည်ထားပြီး အားနည်းချက်တွေကို ပြုပြင်ထိန်းကျောင်းတဲ့ လုပ်ငန်းစဥ်တွေကိုလည်း ဆက်လက်လုပ်ဆောင်နတယ်လို့ ယာယီသမ္မတက အသိပေးပါတယ်။

NUG အစိုးရအဖွဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ ပ-သုံးလုံးယန္တရားပြုပြင်ပြောင်းလဲရေးလုပ်ဆောင်မယ်လို့ ယာယီသမ္မတက သတင်းစကားပါးတာကို ကြိုဆိုပေမယ့် တဖက်မျာလည်း ဒါနဲ့အညီ အလုပ်တကယ်လုပ်ဖို့ လိုအပ်ကြောင်း၊ အလုပ်ဖြစ်မြောက်ဖို့ လိုအပ်ကြောင်း တက်ကြွလှုပ်ရှားသူ မအေးမြင့်အောင်အောင်က ထောက်ပြသည်။

ဆောင်းပါးရှင် မြင့်မာန်ကတော့ “အပြောင်းအလဲရဲ့ ပထမဆုံးအဆင့်ကတော့ ဖြစ်ပျက်နေတာတွေကို လက်ခံပြီးတော့ ပြုပြင်ပြောင်းလဲဖို့အတွက် ပွင့်ပွင့်လင်းလင်း လုပ်လာခြင်းလို့ နားလည်တယ်။ ဒါပေမဲ့ ဒုတိယအဆင့်အနေနဲ့ အကောင်အထည်ဖော်ရာမှာတော့ စိန်ခေါ်ချက်တွေ အများကြီး ရှိကောင်းရှိလိမ့်မယ်။ သမ္မတကြီးရဲ့ မိန့်ခွန်းထဲမှာ ပါတဲ့အတိုင်း ဘယ်လောက်အထိ အောင်မြင်အောင်လုပ်နိုင်မလဲဆိုတာ စောင့်ကြည့်ရမယ့် ကိစ္စဖြစ်တယ်။ ပ-သုံးလုံးကိစ္စကို ဘယ်လောက်လုပ်နိုင်မလဲဆိုတာ စောင့်ကြည့်ရမယ့်သဘောဖြစ်တယ်” လို့ မှတ်ချက်ပြုပါတယ်။

NUG လက်ရှိရင်ဆိုင်နေရတဲ့ ပြဿနာမှာ မဟာဗျူဟာ(strategy)အားနည်းမှုကြောင့်ဖြစ်ပြီး တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့များ(EROs)နဲ့လည်း ဟန်ချက်ညီမှု မရှိသေးကြောင်း ပြည်တွင်းရှိ နိုင်ငံရေးအကဲခတ်တစ်ဦးက ရှုမြင်ပါတယ်။

“အခုအချိန်မှာ ၂၀၂၅ အခင်းအကျင်းက အရမ်းအရေးကြီးလာတဲ့အတွက် သူ့ရဲ့လက်နက်ကိုင်တပ်တွေ အများကြီးပေါင်းပြီးတော့ အညာဒေသကို စိုးမိုးဖို့ ကြိုးစားနေတဲ့နည်းတူ တဖက်မှာလည်း ဝေဖန်မှုတွေကို လျှော့ချဖို့အတွက် ဒီစကားတွေ ပြောတယ်လို့တော့ မြင်တယ်” လို့ နိုင်ငံရေးအကဲခတ်က ပြောပါတယ်။

နွေဦးတော်လှန်ရေးတစ်ခုလုံးမှာ ညီညွတ်သောစုစည်းမှုအင်အားဟာ အင်မတန်အရေးကြီးတယ်လို့ ယာယီသမ္မတက ပြောပါတယ်။ နွေဦးတော်လှန်ရေးရဲ့ အဓိကမဏ္ဍိုင်ဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖျက်သိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ထူထောင်ရေးသာ ဖြစ်တယ်လို့ ယာယီသမ္မတက ဆက်ပြောပါတယ်။

ဒါ့အပြင် စစ်အာဏာရှင်စနစ်ဖြိုချရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရမှာ အပြည့်အဝတာဝန်ရှိသလို တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းအားလုံးမှာလည်း တာဝန်ရှိတယ်လို့ ယာယီသမ္မတက ပြောပါတယ်။

“လူမျိုးတမျိုးလွတ်မြောက်ရေး သက်သက်နဲ့တင်မဟုတ်ဘဲ တနိုင်ငံလုံး စစ်အာဏာရှင်စနစ်က လွတ်မြောက်ဖို့အထိ ကျယ်ကျယ်ပြန့်ပြန့် ချဲ့ထွင်လုပ်ဆောင်ရမှာဖြစ်ပါတယ်” လို့ NUG ယာယီသမ္မတက ဆိုပါတယ်။

၂၀၂၅ ခုနှစ်မှာ မင်းအောင်လှိုင်နဲ့ စစ်အုပ်စုကို အပြီးသတ်ဖြေရှင်းနိုင်ဖို့ တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းအားလုံးနဲ့ နိုင်ငံရေး အင်အားစုများအနေဖြင့် နိုင်ငံရေး စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုကို ယခုထက် ပိုပြီးလက်တွေ့ပြသဖို့ အချိန်တန်ပြီလို့ ရှုမြင်ကြောင်းနဲ့ NUG အနေနဲ့ မဟာမိတ်ရေးရာကဏ္ဍကို ယခုထက် ပိုပြီး အားစိုက်သွားမယ်လို့ အသိပေးပါတယ်။

NUG အစိုးရဟာ ရာထူး၊ ထိုင်ခုံ နေရာတွေကို ဖက်တွယ်နေတာ မဟုတ်သလို NUGရဲ့ အခန်းကဏ္ဍကိုလည်း တိုးချဲ့နေတာ မဟုတ်ဘူးလို့ ယာယီသမ္မတက ပြောပါတယ်။ အစိုးရအဖွဲ့ထဲမှာ လက်ရှိ တည်ဆဲအခြေအနေထက် ပိုမိုကျယ်ပြန့်စွာ ဦးဆောင်မယ့်သူတွေကို လိုအပ်နေကြောင်းနဲ့ အစားထိုးတာဝန်ယူနိုင်သူတွေရှိရင်လည်း ပုခုံးထမ်း လွှဲပြောင်းပေးအပ်ဖို့ အမြဲသင့်ရှိကြောင်း ဆက်ပြောပါတယ်။

“လူထုအတွက် တော်လှန်ရေးတာဝန်တွေကို စွမ်းစွမ်းတမံခေါင်းဆောင်နိုင်မယ့် ခေါင်းဆောင်တွေကို ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရက လှိုက်လှဲစွာကြိုဆိုနေပါတယ်” ဟု ဒူဝါလရှီးက ပြောပါတယ်။

ယာယီသမ္မတရဲ့ မိန်ခွန်းမှာ NUG အစိုးရအဖွဲ့ဝင်တွေကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ ပြင်ဆင်နေတယ်လို့ အသိပေးပါတယ်။ လက်ရှိပြည်တွင်းအခြေအနေတွေအရ မြေပြင်မှာ အင်အားတွေ လာရောက်စုစည်းရမယ့် လုပ်ငန်းစဥ်တွေကိုလည်း ဆက်လက်အကောင်အထည်ဖော်နေတယ်လို့ ယာယီသမ္မတက ပြောပါတယ်။

NUG အစိုးရအဖွဲ့တွင်းက ဝန်ကြီးအများစု အမေရိကန်နဲ့ ဥရောပနိုင်ငံတွေ ရောက်ရှိနေတာကြောင့် ပြည်တွင်းကို ပြန်လာပြီး အင်အားစုစည်းကြဖို့ မကြာသေးခင်က ယာယီသမ္မတက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ နှစ်သစ်ကူးမိန့်ခွန်းမှာလည်း တော်လှန်ရေးလုပ်ငန်းစဥ်တွေမှာ ခေါင်းဆောင်မှုနဲ့ မြေပြင်အကောင်အထည်ဖော်မှုတွေဟာ ကွာဟနေလို့ မရသလို အလှမ်းဝေးနေလို့လည်း မရဘူးလို့ ယူဆကြောင်း ထပ်ပြောပါတယ်။

ဒါပေမဲ့ ပြည်တွင်းမှာ ပြန်လည်အခြေတည်ရမယ့် ခေါင်းဆောင်တွေကို ပြည်တွင်းမှာ ဆက်လက်ဦးဆောင်မှု ပြုစေမှာဖြစ်ပြီး နိုင်ငံတကာဆက်ဆံရေးအတွက် လိုအပ်တဲ့ ဝန်ကြီးဌာနတွေကိုလည်း ပြည်ပမှာ ဆက်လက်ရှိနေစေဖို့ လုပ်ဆောင်နေကြောင်း ယာယီသမ္မတက အသိပေးပါတယ်။

ယာယီသမ္မတက မြန်မာ့တပ်မတော်နဲ့ အကြမ်းဖက်စစ်ကောင်စီဆိုတာဟာ ထပ်တူချလို့မရတဲ့ အချက်တွေ ရှိနေတယ်လို့ နှစ်သစ်ကူးမိန့်ခွန်းမှာ ပြောကြားပြီး ရာဇဝတ်သားမင်းအောင်လှိုင်နဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ သစ္စာခံအကြမ်းဖက်စစ်သားအဖြစ်မှ ဂုဏ်သိက္ခာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်သားများအဖြစ် ပြောင်းလဲချိန်တန်ပြီလို့ သတိပေးပါတယ်။

“တပ်မတော်သားများအနေဖြင့် ပြည်သူလူထုဘက်ရပ်တည်ခြင်းဖြင့် လက်ရှိတိုင်းပြည်တွင် ဖြစ်ပျက်နေတဲ့ ပဋိပက္ခများကို အမြန်ဆုံး ရပ်တန့်နိုင်ဖို့ အကောင်းဆုံးအချိန်အခါတရပ်လည်းဖြစ်နေပါတယ်” လို့ ယာယီသမ္မတက ဆိုပါတယ်။

၂၀၂၅ နှစ်ကူးမှာ NUG ယာယီသမ္မတလက်မှတ်ရေးထိုးကာ အကျဥ်းသား၊ အကျဥ်းသူ ၁၆၉ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းပေးခဲ့သလို တရုတ်နိုင်ငံသား ၁၂၉ဦးကိုလည်း တရုတ်နှစ်သစ်ကူးကာလမတိုင်မီ မိသားစုများနှင့်အတူ ပေါင်းစည်းနိုင်ရေးအတွက် ၎င်းတို့အိမ်ပြန်ခရီးကို လုံခြုံစိတ်ချစွာ NUG အစိုးရက စီမံဆောင်ရွက်ခဲ့ကြောင်း အသိပေးခဲ့ပါတယ်။ အဲဒီလုပ်ဆောင်မှုတွေဟာ NUG အနေနဲ့ သူ့ရဲ့ အာဏာပိုင်စိုးမှုနဲ့ တရားဝင်မှု legitimacy ကို ပြသတာဖြစ်တယ်လို့ နိုင်ငံရေးအကဲခတ် မြင့်မာန်က သုံးသပ်ပါတယ်။

ယာယီသမ္မတရဲ့ မိန့်ခွန်းအဆုံးပိုင်းမှာ နိုင်ငံတကာအသိုင်းအဝန်းနဲ့ ဒေသတွင်း အိမ်နီးချင်းနိုင်ငံတွေကို တိကျတဲ့သတင်းစကားပေးပါတယ်။ “လက်ရှိနွေဦးတော်လှန်ရေးမှာ ပြည်သူလူထုတရပ်လုံးဟာ အာဏာသိမ်းရာဇဝတ်သား မင်းအောင်လှိုင်နဲ့ အကြမ်းဖက်စစ်ကောင်စီကို လုံးဝအလိုမရှိဘူးဆိုတာ လုပ်ရပ်နဲ့ သက်သေပြထားပြီးဖြစ်ပါတယ်” လို့ ယာယီသမ္မတက ပြောပါတယ်။

ဒါ့အပြင် စစ်ရေးအရ ရှုံးနိမ့်နေတဲ့ အကြမ်းဖက်စစ်ကောင်စီကို ဒေသတွင်း နိုင်ငံတွေအနေနဲ့ မိမိတို့အကျိုးစီးပွားအတွက် ဆက်လက်အပံ့အပိုးပြုနေတာတွေကို ရပ်တန့်ဖို့ မေတ္တာရပ်ခံလိုကြောင်းနဲ့ အကြမ်းဖက်စစ်ကောင်စီကို သက်ဆိုးရှည်အောင် လုပ်ပြီး ပြည်သူလူထုတရပ်လုံးကို ဒုက္ခတွင်းနက်ထဲ တွန်းပို့တာမျိုး မဖြစ်စေဖို့ အနူးအညွတ်မေတ္တာရပ်ခံလိုကြောင်း ဒူဝါလရှီးလက ပြောပါတယ်။

“မြန်မာစစ်တပ်ဟာ နိုင်ငံရေးနဲ့ အုပ်ချုပ်ရေး နယ်ထဲက ထွက်ဖို့၊ မြန်မာနိုင်ငံမှာ အာဏာရှင်စနစ် သက်ဆိုးမရှည်ဖို့၊ ဒေသတွင်းနိုင်ငံတွေ အားလုံးက ဝိုင်းဝန်းကူညီပေးကြဖို့ ပြည်သူလူထုတရပ်လုံးကိုယ်စား ကျွန်တော်အနေနဲ့ တောင်းဆိုချင်ပါတယ်ခင်ဗျာ” လို့ ယာယီသမ္မတက ပြောပါတယ်။

ဆက်လက်ပြီး စစ်ကောင်စီနဲ့ မင်းအောင်လှိုင်မှ ခေါ်ယူပြုလုပ်မယ့် ရွေးကောက်ပွဲဟာ လက်ရှိတိုင်းပြည်ရဲ့ နိုင်ငံရေးပြဿနာများနဲ့ လက်ရှိပဋိပက္ခများကို ရပ်တန့်သွားစေမှာမဟုတ်ဘဲ တိုင်းပြည်မှာ သေကြေသတ်ဖြတ်မှု ပိုမိုတွန်းပို့စေမှာဖြစ်တဲ့အတွက် အိမ်နီးချင်းနိုင်ငံနဲ့ နိုင်ငံတကာအနေဖြင့် ထောက်ခံပူးပေါင်းဖို့ လုံးဝမပြုလုပ်ကြဖို့လည်း ယာယီသမ္မတက နိုင်ငံတကာအသိုင်းအဝန်းနဲ့ အိမ်နီးချင်းနိုင်ငံတွေကို မေတ္တာရပ်ခံပါတယ်။

ပြည်တွင်းရှိ နိုင်ငံရေးအကဲခတ်တစ်ဦးကလည်း စစ်ကောင်စီအနေနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတရပ်ကို ပြုလုပ်နိုင်မှာ မဟုတ်ဘဲ ၂၀၂၅ ခုနှစ်မှာ စစ်ရေး အလွန်အားကောင်းကာ မီးကုန်ယမ်းကုန်ချမယ့်နှစ်လို့ ယူဆကြောင်း အခုလိုပြောပါတယ်။

“စစ်ရေးအခင်းအကျင်းနဲ့အတူ နိုင်ငံရေးကို တွဲသွားဖို့ တိုက်ပွဲခေါ်တယ်၊ စည်းရုံးအရေး အားလုံးပူးပေါင်းကြဖို့ ဖိတ်ခေါ်တဲ့သဘော။ ၂၀၂၅ သည် ဒီဘက်(တော်လှန်ရေး)က အပြတ်ချမယ်ဆိုတဲ့ ပိုင်းဖြတ်ချက်၊ သန္နိဋ္ဌာန်ရော၊ မဟာဗျူဟာသဘာရော တွေ့ရတယ်” ။ ။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က နှစ် ပါတ်တကြိမ်ပြုလုပ်လျက်ရှိသော ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း အစီအစဉ်ကို တရုတ်၊ ဂျပန်၊ ထိုင်း နှင့် အိန္ဒိယဘာသာစကား ၄ မျိုးဖြင့်ပါ စမ်းသပ်ထုတ်လွှင့်​နေပြီဖြစ်ကြောင်း NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကပြောကြားသည်။

သတင်း

စစ်ကောင်စီတပ်ဖွဲ့ဝင် အလုံးအရင်း ပြည်သူ့ဘက်ပါဝင်လာရေး တွန်းတွန်းတိုက်တိုက် ကြိုးစားရန် လိုအပ်ဟု ပြော

သတင်း

စစ်ရေးပူးတွဲဆောင်ရွက်မှု ပိုမိုအားကောင်းလာမည်ဟု ဆို

သတင်း

နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေး ထိုင်းနှင့် တရုတ်အပါအဝင် အိမ်နီးချင်း ၅နိုင်ငံနှင့် အချက်အလက်မျှဝေလိုဟု တောင်းဆို