ကိုဗလရေးသားသည်။
အီရန်နဲ့အစ္စရေးစစ်ပွဲထဲကို အမေရိကန်ပါဝင်ခဲ့ပါပြီ။
အီရန်ရဲ့ နျူကလီးယားစက်ရုံတွေရှိနိုင်တယ်လို့ ခန့်မှန်းရတဲ့ ဖော်ဒို၊ နထန်ဇ် နဲ့ အက်စ်ဖာဟန်မြေအောက်နေရာတွေကိုအမေရိကန်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။
အမေရိကန်နဲ့ အီရန်ဟာခန့်မှန်းချေလေကြောင်းမိုင် ၆၅၀၀ ကျော်ကွာဝေးပြီး တိုက်ရိုက်လေယာဉ်ပျံသန်းချိန်ဟာ ၁၅ နာရီခန့်ကြာမြင့်ပါတယ်။

Public Service Announcement
ဒီလောက်ဝေးကွာတဲ့နေရာမှာရှိတဲ့ မြေအောက်ပေ ၂၀၀ လောက်ကပစ်မှတ်ကို ထိရောက်အောင် ကြဲချနိုင်ဖို့ အတွက်အမေရိကန်ဟာ B-2 မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကို အသုံးပြုခဲ့ပြီး ဖျက်အားအလွန်ကောင်းတဲ့ GBU(Guided Bomb Unit) အမျိုးအစား Bunker Buster Bomb(ဘန်ကာဖျက်ဗုံး)ကြဲချ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

B-2 ဗုံးကြဲလေယာဉ်နဲ့ အလွန်အားပြင်းတဲ့GBU (Guided Bomb Unit) အမျိုးအစား Bunker Buster Bomb(ဘန်ကာဖျက်ဗုံး)တွေ အကြောင်းပြောကြရအောင်ပါ။
B-2 ဗုံးကြဲလေယာဉ်ရဲ့ တရားဝင်အမည်က B-2 Spirit ဖြစ်ပါတယ်။ ၁၉၈၈ ခုမှာ အမေရိကန်စစ်တပ်ကတိုက်ခိုက်ရေးဗုံးကြဲလေယာဉ်အဖြစ်စတင်မိတ်ဆက်ပေးခဲ့တာပါ။
Operation Allied Force(ကိုဆိုဗို)၊ Operation Enduring Freedom(အာဖဂန်နစ္စတန်) နဲ့ Operation Iraqi Freedom(အီရတ်) စစ်ဆင်ရေးတွေမှာ အမေရိကန်က အသုံးပြုခဲ့ဖူးပါတယ်။
နျူကလီးယားဗုံးအမျိုးအစားတွေလို ဧရာမဗုံးကြီးတွေကို သယ်ဆောင်နိုင်ဖို့ ရည်ရွယ်ပြီး ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။မစ်ရှင်တခုဆင်နွှဲမယ်ဆိုရင် လေယာဉ်ပေါ်မှာလူနှစ်ဦးလိုက်ပါရပြီးတဦးက လေယာဥ်မောင်းသူဖြစ်ပြီး နောက်တဦးကတော့ မစ်ရှင်ကို ဦးစီးသူပါ။
လေယာဉ်ဟာ အရှည် ၆၉ ပေရှည်ပြီးတောင်ပံအကျယ် ၁၇၂ ပေ ရှိပါတယ်။ လေယာဉ်ရဲ့ သီးသန့်အလေးချိန်ဟာ ပေါင်တသိန်းခြောက်သောင်းကျော် ရှိပါတယ်။အဲ့ဒီအလးချိန်ဟာအရွယ်ရောက်ပြီး ဆင် ၁၃ ကောင်ရဲ့ အလေးချိန်နဲ့ ညီမျှပါတယ်။ B-2 ဗုံးကြဲလေယာဉ်တစီးတန်ဖိုးဟာ ဒေါ်လာ၂ဘီလီယံကျော်ရှိပါတယ်။ B-2 ဟာလေယာဉ်ဆီထပ်ဖြည့်စရာမလိုပဲ လေကြောင်းမိုင် ၆၀၀၀ ကျော်တဆက်တည်းမောင်းနှင်နိုင်ပါတယ်။

လေယာဉ်ဟာ ကြီးမာပေမယ့် ပါးလွှာတဲ့ဒီဇိုင်းနဲ့တည်ဆောက်ထားပြီးလျှို့ဝှက်နိုင်မှု အဆင့်မြင့်နည်းပညာတွေကို အသုံးချထားတာကြောင့် အပူလှိုင်း၊ အသံလှိုင်း၊ လျှပ်စစ်လှိုင်း၊ ရေဒါတွေကနေ ထောက်လှမ်းဖို့မလွယ်ကူသလိုလေကြောင်းကာကွယ်ရေးစနစ်တွေကိုလည်း ထိုးဖောက်ကျော်လွှား နိုင်ပါတယ်။ မြန်နှုန်းမြင့် ကိုယ်ပျောက်တိုက်လေယာဉ် ဖြစ်ပါတယ်။
အမေရိကန်ဟာB-2 တိုက်လေယာဉ်စုစုပေါင်း ၂၁ စီး တည်ဆောက်ခဲ့ပါတယ်။ ၂၀၀၈ ခုတုန်းက ဂူဟန်မှာ တစီးပျက်ကျခဲ့ပြီး ၂၀၂၂ ခုမှာ နောက်ထပ်တစီးဟာလည်း ကြီးမားစွာပျက်စီးခဲ့တာကြောင့် အခုအခါ ၁၉ စီးပဲကျန်ပါတော့တယ်။ အဲ့ဒီ ၁၉ စီးစလုံးဟာ မစ်ရှင်ထမ်းဆောင်ဖို့ အမြဲတမ်း အဆင်သင့် မဖြစ်ကြပါဘူး။ B-2 တိုက်လေယာဉ်တွေရဲ့ သက်တမ်းဟာ ကြာမြင့်လာတာမို့ အမေရိကန်ဟာ B-21 Raider အမျိုးအစား တိုက်လေယာဉ်တွေနဲ့ တဖြည်းဖြည်းအစားထိုးမှာ ဖြစ်ပါတယ်။
အမေရိကန်ဟာအီရန်ကို GBU(Guided Bomb Unit) အမျိုးအစား Bunker Buster Bomb(ဘန်ကာဖျက်ဗုံး)နဲ့ တိုက်ခိုက်ခဲ့တာပါ။ GBU ဆိုတာ ပစ်မှတ်ကို တိတိကျကျပစ်နိုင်အောင် GPS နဲ့လေဆာတပ်ဆင်ထားတဲ့ ဗုံးအမျိုးအစားဖြစ်ပြီး Bunker Buster Bomb(ဘန်ကာဖျက်ဗုံး) ဆိုတာ မြေအောက်နက်တဲ့ပစ်မှတ် နေရာတွေအထိ ထိုးဖောက်ဝင်ရောက်ကာ အောက်ရောက်မှ ပြင်းထန်စွာပေါက်ကွဲစေတဲ့ ဗုံးပါ။
အမေရိကန်ဟာ အီရန်ကို GBU အမျိုးအစား ပေါင်သုံးသောင်းလေးတဲ့ ဗန်ကာဖျက်ဗုံးနဲ့ တိုက်ခိုက်ခဲ့တာပါ။ GBU အမျိုးအစား ဗုံး ၃၀ ကျော်ရှိပြီး ဗုံးတွေရဲ့ အလေးချိန်၊ ပေါက်ကွဲအား၊ပစ်မှတ်ကို ညွှန်ကြားတဲ့စနစ်၊ သယ်ဆောင်နိုင်တဲ့ လေယာဉ်အမျိုးအစားတွေဟာ တခုနဲ့တခု မတူညီကြပါဘူး။

နမူနာ အနေနဲ့ GBU-28 ဗုံးအမျိုးအစားဟာ ပေါင်ငါးထောင်လေးပါတယ်။ Laser Guided ဘန်ကာဖျက် ဗုံးပါ။ပေ ၂၀ အနက်ထိ ထိုးဖောက်ပေါက်ကွဲနိုင်ပြီး F-15Eနဲ့ B-52 လေယာဉ်တွေနဲ့ သယ်ဆောင်လို့ရပါတယ်။ အမေရိကန်ဟာ အီရတ်ကို တိုက်ခိုက်ခဲ့တုန်းက GBU-28 ဗုံးအမျိုးအစားကို အသုံးပြုခဲ့ပါတယ်။
အခု အီရန်ကိုကြဲချခဲ့တဲ့ ဗုံးအမျိုးအစားကတော့ GBU-57 A/B ဖြစ်ပြီး ပေါင်သုံးသောင်းလေးပါတယ်။ GBU-57 ကို (MOP) Massive Ordnance Penetrator လို့လည်းခေါ်ပါတယ်။ အမေရိကန်စစ်တပ်ရဲ့ ဖျက်အားအပြင်းထန်ဆုံး ဗုံးပါ။ ဒီဗုံးကို B-2 ဗုံးကြဲလေယာဉ်တမျိုးထဲပဲ သယ်ဆောင်နိုင်ပါတယ်။
ပေ ၂၀၀ အနက်လောက်ထိ ထိုးဖောက်ဝင်ရောက် ပေါက်ကွဲနိုင်ပြီးဗုံးအလျားဟာ ပေ ၂၀ ကျော်နဲ့ အချင်း ၃၁ လက်မ ကျော်ရှိပါတယ်။ GPS/INS(Inertial Navigation System) Guided ဗုံးအမျိုးစားဖြစ်တာမို့ ပစ်မှတ်ကို မီတာ အနည်းငယ်ပဲ လွဲချော်နိုင်ပါတယ်။
အမေရိကန်ဟာအီရန်ရဲ့မြေအောက်ပစ်မှတ်သုံး နေရာကို GBU-57 ဘန်ကာဖျက်ဗုံး ၃ လုံးနဲ့ တပြိုင်နက်ထဲ တိုက်ခိုက်ခဲ့ပါတယ်။ GBU-57 A/B ဗုံးအရေအတွက် ၂၀နဲ့ ၃၀ ကြား အမေရိကန်ပိုင်ဆိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ။


















































