Connect with us

Hi, what are you looking for?

ဆောင်းပါး

မြေပဲခင်းတွေအတွက် စိတ်မချနိုင်ကြတဲ့ စစ်ရှောင်တောင်သူများ

စိုက်ပျိုးရေးနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ အာဏာသိမ်းကာလအတွင်း စိုက်ပျိုးရေးလုပ်ကြတဲ့ဒေသတွေမှာပါ စစ်တပ်က စစ်ကြောင်းထိုး မီးရှို့တာ၊ ဖမ်းဆီးသတ်ဖြတ်တာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတာတွေ ပြုလုပ်ခဲ့သလို စစ်တပ်​လုပ်မယ်ဆိုတဲ့ရွေး​ကောက်ပွဲနီးလာချိန်မှာလည်းလုပ်နေဆဲပါ။

Scorpio/People’s Spring

စိုက်ပျိုးရေးနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ အာဏာသိမ်းကာလအတွင်း စိုက်ပျိုးရေးလုပ်ကြတဲ့ဒေသတွေမှာပါ စစ်တပ်က စစ်ကြောင်းထိုး မီးရှို့တာ၊ ဖမ်းဆီးသတ်ဖြတ်တာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတာတွေ ပြုလုပ်ခဲ့သလို စစ်တပ်​လုပ်မယ်ဆိုတဲ့ရွေး​ကောက်ပွဲနီးလာချိန်မှာလည်းလုပ်နေဆဲပါ။

အဲဒီအခြေအနေကြားကပဲ တောင်သူတွေဟာ အသက်နဲ့ရင်းပြီး စိုက်ပျိုးရေး လုပ်ခဲ့ကြပါတယ်။ အခုဆောင်းပါးမှာ မကွေးတိုင်း၊ မြိုင်မြို့နယ်က မြေပဲစိုက်တောင်သူတွေ အသက်နဲ့ဘယ်လိုရင်းပြီး ဘယ်လိုအလုပ်လုပ်နေကြတယ်ဆိုတာ ပြောပြပေးမှာပါ။

မကွေးတိုင်း၊ မြိုင်မြို့နယ်က မြေပဲစိုက်တောင်သူတွေဟာ နိုဝင်ဘာလ ဒုတိယပတ်ထဲမှာ မြေပဲဖော်ကြပါပြီ။ တောင်သူတွေဟာ ဖော်သာဖော်ရတယ်။ အထက်ကြောက်ရ၊ အောက်ကြောက်ရ၊ ဘေးကြောက်ရနဲ့ပါ။ အထက်ကတော့ လေကြောင်းဖြစ်ပြီး အောက်ကတော့ မြေပြင်စစ်ကြောင်းပါ။ ဘေးကတော့ ဘေးရွာပျူရွာတွေက လက်နက်ကြီးနဲ့ထုတဲ့ အန္တရာယ်ပါ။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်နဲ့ ပျူရွာတွေကနေ မြေပဲဖော်နေတဲ့တောင်သူတွေဆီ လက်နက်ကြီးတွေနဲ့လည်း ထုတတ်လို့ ပြီးခဲ့တဲ့နှစ်တွေက မြေပဲဖော်တဲ့တောင်သူတွေ ထိခိုက်သေဆုံးတာတောင် ရှိခဲ့ဖူးတယ်။

အဲဒီအကြောက်တရားတွေရှိနေပေမဲ့ စိုက်ထားတဲ့ မြေပဲတွေ သွားမသိမ်းလို့လည်း မရတော့ဘူး။ မြေပဲသိမ်းချိန်ရောက်ရင် မြေပဲတောင့်တွေ ရင့်မှည့်ပြီး အချိန်မှီမဖော်နိုင်ဘူးဆိုရင် ဆုံးရှုံးလေလွင့်တာတွေ များတတ်တယ်။ မြေပဲတောင့်တွေဟာ မြေကြီးထဲ ရှိနေတာကြောင့် အားလုံးဖော်ပြီး သိမ်းဖို့ဆိုတာ ခက်တယ်။ လက်ဝင်တယ်။ စနစ်တကျ သိမ်းမှ ဆုံးရှုံးမှုနည်းတာပါ။

ဖော်ချိန်စောရင်လည်း အစေ့အဆံနုပြီး နောက်ကျရင်တော့ မြေပဲတောင့်တွေ မြေကြီးထဲကျန်ရစ်တတ်တယ်။ ဒါကြောင့် မြေပဲတောင့်ရင့်မှည့်ချိန်သိမ်းမှ ဆီကြိတ်ရာတွင်ဆီထွက်ကောင်းတယ်။ ထားသိုရာမှာ ကြာရှည်ခံတယ်လို့ မြေပဲစိုက်တောင်သူတွေက ပြောပြတယ်။

ဒါ့ကြောင့် ကြောက်ကြောက်နဲ့ပဲ တောင်သူတွေဟာ မြေပဲသွားဖော်ခဲ့ကြတယ်။ မြေပဲဖော်တဲ့အချိန်မှာပဲ စစ်ကောင်စီစစ်ကြောင်းက မြိုင်နယ်ထဲက ရွာတွေကို တိုက်တိုက်ဆိုင်ဆိုင် စစ်ကြောင်းထိုးခဲ့တယ်။ အဲဒီအချိန် ပြည်သူ ၈ ဦးထက်မနည်း ဖမ်းဆီးခံရပြီး နိုဝင်ဘာ ၁၂ ရက်က အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သတ်ဖြတ်ခံလိုက်ရပါတယ်။ အသတ်ခံရသူတွေနဲ့ဖမ်းဆီးခံရသူတွေထဲမှာ မြေပဲစိုက်တောင်သူတွေလည်း ပါဝင်ကြောင်း ဒေသခံတွေက ပြောတယ်။

“အဖမ်းခံရတဲ့ထဲ မြေပဲဖော်တဲ့တောင်သူတွေလည်း ပါတယ်။ မြေပဲဖော်နေတဲ့အခါမှ ထပြေးရင်းနဲ့။ သူတို့ဖော်ထားတဲ့ မြေပဲတွေကို ပျူစောထီးတွေ စစ်ကောင်စီတပ်တွေက ယူသွားကြတယ်”အညာမြေတပ်ပေါင်းစုက ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။

“စစ်ကြောင်းကြောက်လို့ ဒါတွေလည်း မသိမ်းဆည်းနိုင်ဘူး။ ထားခဲ့ပြီး ထွက်ပြေးကြတဲ့အချိန်မှာ စိတ်ခံစားမှုက တော်တော်မကောင်းဘူး။ စစ်ကြောင်းကိုလည်း ကြောက်တယ်။ပဲတွေကိုလည်း သိမ်းချင်တယ်။”လို့ အခြားဒေသခံတဦးကလည်း ပြောပြတယ်။

တောင်သူတွေဟာ စစ်အာဏာသိမ်းကာလအတွင်းမှာ အခက်အခဲတွေကြားကနေ လုပ်ကိုင်ခဲ့ရတာဖြစ်ကြောင်း မြိုင်နယ်က အညာမြေတပ်ပေါင်းစုက ကိုဘိုဘိုသန့်ဇင်က ပြောပြတယ်။ “ဒီကာလထဲ တောင်သူလုပ်ရတာ အခက်အခဲတွေက အများကြီးပဲ။ စစ်ရေးဇုန်ထဲမှာရောက်နေတာ အကြီးမားဆုံး ပြဿနာ။ နူတ်ချိန်တန် မနူတ်ရ၊ စိုက်ချိန်တန်မစိုက်ရ။ ဒီတောင်သူ ဆိုတာက စိုက်တဲ့ရက်တွေ နှုတ်တဲ့ရက်တွေက ကွက်တိတွေဖြစ်နေမှ ရသင့်ရထိုက်တာတွေ ရတာမျိုးဆိုတော့။ အဲဒါကတော့ နံပါတ်တစ် အကြီးမားဆုံး ပြဿနာကြီးပေါ့။”လို့ သူက ရှင်းပြတယ်။

နောက်ထပ်ပြဿနာတွေကတော့ ရာသီဥတုမမှန်တာကြောင့် ရသင့်ရထိုက်တာတွေမရဘဲ ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ကြုံရတယ်လို့ သူကဆိုတယ်။ နောက်ပြီး စိုက်ပျိုးစရိတ်နဲ့ ရိတ်သိမ်းစရိတ်တွေ တအားစျေးကြီးတာ၊ ထုတ်ကုန်တွေက ရာသီပေါ်တဲ့အခါ စျေးတွေထိုးကျသွားတာမျိုးတွေလည်း ကြုံနေရတယ်လို့ ကိုဘိုဘိုသန့်ဇင်ကပြောပြတယ်။

“အခက်အခဲတွေကတော့ အများကြီးပဲ။ ကိုယ့်ယာကလေးရှိနေလို့ ချစ်ခင်တဲ့စိတ်နဲ့ စိုက်ပျိုးကြပေမဲ့လေ နှစ်စဥ် ပုံမှန်လိုလိုကတော့ မိုင်းနပ်(အနုတ်လက္ခဏာ) ပြတာပါပဲ။”လို့ သူက ပြောပါတယ်။

ဒီဆောင်းပါးရေးနေရင်းမှာပဲ မနေ့က နိုဝင်ဘာ ၁၉ ရက် ည သန်းခေါင်မှာ မြိုင်မြို့နယ်၊ ကံကြီးရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့ပြန်ပါတယ်။ ရင်တထိတ်ထိတ်နဲ့ အိပ်ရာဝင်ခဲ့ကြရတဲ့ တောင်သူတွေထဲက ၅ဦး သေဆုံးပြီး ၃၀ ကျော်ဒဏ်ရာ တွေရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကြောင်းရန်ကြောင့် ထွက်ပြေးရတဲ့ ရွာကလည်း ၁ဝ ရွာကျော်ရှိနေတယ်။ ပြေးရင်းလွှားရင်း ဆောင်းရာသီအအေးဒဏ်ကြောင့် အအေးမိလို့ ဘိုးဘွား ၃ ဦးလည်း သေဆုံးခဲ့ရတယ်။ ဒါ လက်ရှိ မြိုင်နယ်ရဲ့ အခြေအနေပါပဲ။

အခုတော့ တောင်သူတွေဟာ အိုးပစ်အိမ်ပစ် မြေပဲခင်းတွေပါ ပစ်ပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်။ သူတို့ခက်ခက်ခဲခဲ စိုက်ခဲ့ပျိုးခဲ့တဲ့ မြေပဲခင်းတွေကိုလည်း စိတ်ကမချဘူး။

“တချို့က အခင်းထဲကနေ အိမ်ကိုမသိမ်းရသေးဘူး။ တချို့ကတော့ ဖော်နေရင်းတန်းလန်း။ အဲဒါတွေကို ပစ်ခဲ့ပြီး ထားခဲ့ရတာ။”လို့ စစ်ရှောင်တောင်သူတဦးက ပြောလိုက်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၆)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေတဲ့ စစ်မျက်နှာတွေအနက် ချင်းပြည်နဲ့ မကွေးတိုင်းတို့ရဲ့ စစ်ရေးမျက်နှာစာ ချိတ်ဆက် ဆက်စပ်နေမှုဟာ စိတ်ဝင်စားဖွယ် မဟာဗျူဟာ အလှည့်အပြောင်းကို ဖော်ဆောင်နေပါတယ်။