အောက်တိုဘာ ၂၁၊ ၂၀၂၆။ ထားမြတ်/People’s Spring
ချင်းပြည်နယ်တောင်ပိုင်းနယ်မြေဒေသတွေ ထိန်းချုပ်နိုင်ဖို့ ထိုးစစ်ဆင်လာတဲ့ စစ်တပ်နဲ့ စစ်မျက်နှာ ၄ခုမှာတိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်အထိနာအောင် တိုက်ခိုက်ထားနိုင်ကြောင်း ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA) ခေါင်းဆောင်တဦးဖြစ်တဲ့ ဆလိုင်းယောမာန်က ပြောပါတယ်။
လက်ရှိ စစ်တပ်နဲ့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားနေမှုအခြေအနေအကျဉ်းကို ဆလိုင်းယောမာန်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်မှာ ဖော်ပြအသိပေးခဲ့ပြီး တော်လှန်ရေးမှာ ပြည်သူတွေ ဆက်လက်ပါဝင်ပံ့ပိုးပေးဖို့ တိုက်တွန်းခဲ့တာဖြစ်ပါတယ်။
CPU/CPA မဟာမိတ်ပူးပေါင်းတပ်နဲ့ စစ်ကောင်စီအကြား တိုက်ပွဲဖြစ်နေတဲ့ စစ်မျက်နှာတွေကတော့ ချင်းပြည်နယ် မင်းတပ်၊ ကန်ပက်လက်၊ ကျင်ဒွေးနဲ့ ချင်း-မကွေးအစပ် ထီးလင်းမြို့နယ် ရွှေအောင်သာ ဒေသ တွေဖြစ်တယ်လို့ ဆိုပါတယ်။

Public Service Announcement
“စစ်မျက်နှာ (၄) ခုမှာ ၂၀၂၆ မေလ (၁၆) ရက်နေ့ကစပြီး လက်ရှိအချိန်ထိ အကြမ်းဖက် စစ်ကော်မရှင်တပ်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတာ (၅) လ ဝန်းကျင်ရှိနေပါပြီ။ ဒီ (၅)လတာ တိုက်ပွဲမှာ ချင်းပြည်သူ့တပ်မတော်နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေရဲ့ မြေပြင်က ရဲဘော်တွေဟာ အကြမ်းဖက်စစ်ကော်မရှင်တပ်တွေ အထိနာအောင် အကြိမ်ပေါင်းများစွာ တွန်းလှန် တိုက်ခိုက်နိုင်ခဲ့ကြပြီး လက်ရှိအချိန်ထိ ချင်းပြည်နှင့် ချင်းပြည်သူလူထုကို အကောင်းဆုံး ကာကွယ်ခုခံ နေပါတယ်”လို့ ဆလိုင်းယောမာန်က ပြောပါတယ်။
စစ်တပ်ရဲ့ ထိခိုက်ကျဆုံးနဲ့ သိမ်းဆည်းရမိလက်နက်တွေ၊ ဖမ်းဆီးရမိ သုံ့ပန်းတွေ၊ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အခြေအနေတွေကို အခါအားလျော်စွာ သတင်းထုတ်ပြန်လျက်ရှိတယ်လို့ဆိုပါတယ်။
“ဒီနေ့အချိန်ထိ ရှေ့တန်းက ရဲဘော်များ ရန်သူ့ကို ကြံ့ကြံ့ခံနိုင်တာဟာ ပြည်သူတွေရဲ့ မေတ္တာ၊ စေတနာ၊ လုပ်အားနှင့် နိုင်ငံတကာက ပြည်သူတွေ့ရဲ့ ပါဝင်ပံ့ပိုးကူညီမှု ကြောင့်ပဲ ဖြစ်ပါတယ်။ကန်ပက်လက်ဖြစ်စေ၊ မင်းတပ်ဖြစ်စေ၊ ရွှေအောင်သာဖြစ်စေ… စစ်မျက်နှာတိုင်းမှာ အကြမ်းဖက်စစ်ကော်မရှင်တပ်တွေ ရည်ရွယ်ရင်းကို မရောက်ဘဲ အထိနာပြီး နောက်ဆုတ်သွားအောင် ကျနော်တို့ တော်လှန်ရေးအဖွဲ့တွေ တိုက်နိုင်ခဲ့ပါတယ်။ဒီတစ်ကြိမ် ကျင်ဒွေးစစ်မျက်နှာမှာလည်း… ပြည်သူတွေ ဆက်လက်ပါဝင်ကြရင် အရင်ကလိုပဲ ကျနော်တို့ စွမ်းဆောင်နိုင်မှာ သေချာပါတယ်” လို့ ဆလိုင်းယောမာန်က ပြောပါတယ်။
စစ်တပ်ဟာ မင်းတပ်နဲ့ ကန်ပက်လက်မြို့ကို စစ်အင်အားအလုံးအရင်းသုံးထိုးစစ်ဆင် သိမ်းယူဖို့ ကြိုးစားနေပေမဲ့ တော်လှန်ရေးအဖွဲ့တွေက မြို့ကို ကာကွယ်ထားနိုင်ဆဲဖြစ်တယ်လို့ ပြောပါတယ်။
မြို့တွေမသိမ်းနိုင်တဲ့ စစ်တပ်ဟာ အင်အားတွေ ထပ်ဖြည့်ပြီး ထိုးစစ်ဆင်လာတဲ့အပေါ် မဟာမိတ်ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့လို့ အထိနာနေပြီး ရှေ့မတိုးနိုင်လို့ စစ်အင်အားတွေ ထပ်ဖြည့်နေကြောင်း အသိပေးပါတယ်။ အဲဒီလို ထပ်ဖြည့် စစ်အင်အားတွေကိုလည်း PDF တပ်တွေက တိုက်ခိုက်ခဲ့ရာ စစ်တပ်အထိနာ တပ်လန်ပြန်ဆုတ်သွားတာတွေရှိတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ဆီကို ချီတက်လာတဲ့ စစ်တပ်နဲ့ စက်တင်ဘာ ၂၆ရက်ကတည်းက ယနေ့အထိ တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်တယ်လို့ ဆလိုင်းယောမာန်က ပြောပါတယ်။
“မြေပြင်က အောင်ပွဲများကို ဆက်လက်ထိန်းသိမ်းပြီး ရန်သူ့ထိုးစစ်ကို ရိုက်ချိုးနိုင်ဖို့ ပြည်တွင်း၊ ပြည်ပ နိုင်ငံတကာ မိဘပြည်သူများအနေဖြင့် မိမိတို့ တတ်နိုင်သမျှ အင်အားဖြင့် ပါဝင်ပံ့ပိုးပေးကြဖို့ လေးစားစွာ တိုက်တွန်းအပ်ပါတယ်”လို့လည်း ဆလိုင်းယောမာန်က ရေးသားထားပါတယ်။
စစ်တပ်ဟာ ချင်းတောင်ပိုင်းထိုးစစ်ကာလမှာ တိုက်ပွဲဖြစ်ပွားရာနေရာတွေသာမက အရပ်သား ပြည်သူနေထိုင်ရာတွေကိုပါ လေကြောင်းတိုက်ခိုက်တာတွေလုပ်ဆောင်နေလို့ ပြည်သူသေဆုံးထိခိုက်မှုတွေလည်း ရှိနေပါတယ်။
စစ်တပ်ဟာ ရှုံးမဲမဲပြီး အရပ်သားတွေကို တိုက်ခိုက်နေတာဖြစ်ကြောင်းလည်း ချင်းတပ် CPU/CPAက ထုတ်ပြန်ထားပြီး လေကြောင်းရန် ပိုသတိပြုဖို့ နှိုးဆော်ထားပါတယ်။




















































