Connect with us

Hi, what are you looking for?

ဆောင်းပါး

တော်လှန်ဒေသရောက် ဘဏ်အကောင့် ရောင်းဝယ်ကြသူများ

မုံရွာမြို့နယ်မှာ ကျွတ်ကျွတ်မြည်အောင်ပူနေတဲ့ နွေနေ့လယ်ခင်းရဲ့အပူရှိန်ကိုတောင် မမှုနိုင်ဘဲ ဆိုက်တွဲတစ်စီးပေါ်မှာ လူတွေအစုလိုက် အပြုံလိုက် တက်စီးပြီး လိုက်ပါလာကြတယ်။ ဆိုက်တွဲပေါ်က လူတွေရဲ့လက်ထဲမှာလည်း မှတ်ပုံတင်နဲ့ ဖုန်းကိုယ်စီ ကိုင်ဆောင်ထားကြတယ်။

Kpayကြေညာတစ်ခုအားတွေ့ရစဥ်။ ဓာတ်ပုံ-KBZ

ဟာနာဆန်/People’s Spring

မုံရွာမြို့နယ်မှာ ကျွတ်ကျွတ်မြည်အောင်ပူနေတဲ့ နွေနေ့လယ်ခင်းရဲ့အပူရှိန်ကိုတောင် မမှုနိုင်ဘဲ ဆိုက်တွဲတစ်စီးပေါ်မှာ လူတွေအစုလိုက် အပြုံလိုက် တက်စီးပြီး လိုက်ပါလာကြတယ်။ ဆိုက်တွဲပေါ်က လူတွေရဲ့လက်ထဲမှာလည်း မှတ်ပုံတင်နဲ့ ဖုန်းကိုယ်စီ ကိုင်ဆောင်ထားကြတယ်။

သူတို့တတွေဟာ ကျောက္ကာ ညောင်ပင်ရွာမကြီးမှာ KPAY နဲ့ Wave Money အကောင့်တွေဖွင့်ပြီး တခါတည်း ဝယ်ယူနေတယ်ဆိုလို့ အုပ်လိုက်ကြီး လာရောင်းကြတာပါ။ မှတ်ပုံတင်လေးတစ်ခု ခဏပြလိုက်ရုံနဲ့ ငွေငါးသောင်းခြောက်သောင်း အသာလေး ရမယ်ဆိုလို့ လိုက်ပါလာကြတာပါ။

“လာလုပ်ကြတာ‌ကတော့ တစ်ရက်တစ်ရာကျော်လောက်လာလုပ်နေကြတာ”လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဆိုပါ ဝယ်ယူသူတွေဟာ ကျေးရွာနေပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ ဖုန်းနံပါတ်တွေကို အသုံးပြုကာ ငွေလွှဲအကောင့်သစ်တွေ ဖွင့်ခိုင်းပြီး ဝယ်ယူနေခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောပါတယ်။

အဲဒီအကောင့်တွေကို မူရင်းဝယ်ယူသူတွေဟာ အကောင့်တစ်ခုကို တစ်သိန်းကနေ တစ်သိန်းသုံးသောင်းကျပ်အထိ စျေးပေးဝယ်ယူနေတာဖြစ်
ကြောင်း သိရပါတယ်။ တဆင့်ဝယ်ယူသူတွေကတော့ ပြည်သူတွေကို အကောင့်တစ်ခု သုံးသောင်းကျပ်ကနေ ငါးသောင်းကျပ်အထိ စျေးပေးတယ်လို့ ဆိုပါတယ်။

“လူခေါ်လာပေးရင် ၅၀၀၀ ပေးတယ် ။ ဆိုက်တွဲနဲ့ ခေါ်လာရင် ၁၀၀၀၀ ပေးတယ် ပြောတယ်။”လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

အကောင့်ဝယ်ယူသူတွေဟာ ဝိုင်ဖိုင်အင်တာနက်စက်တွေပါယူဆောင်လာပြီးတခါတည်းအကောင့်ဖွင့်ပေးကာ ဝယ်ယူနေတာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

“ညောင်ပင်ရွာမက ပထမ စတာ။ရွာတွေက လက်
မခံတော့ ရွာအပြင်မှာသူတို့ကခေါ်တာ။ကျန်တော််
တို့ သိသလောက် မုံရွာမြို့နယ် အရှေ့မြောက်ပိုင်းနဲ့ မုံရွာအရှေ့တောင်ခြမ်းရွာတွေမှာရောင်းဝယ်နေကြသလို မုံရွာမြို့ထဲမှလည်း လာရောက် ရောင်းချကြတယ်လို့ သိရပါတယ်။”လို့ ကင်းထောက်ရဲဘော်တစ်ဦးက ပြောပါတယ်။

အဆိုပါ Kpay၊ Wave Money အကောင့်တွေ ဝယ်ယူတာဟာ ကျားဖြန့်ငွေလိမ်လည်တဲ့လုပ်ငန်းတွေနဲ့ ဆက်စပ်မှုရှိနိုင်တာကြောင့် ဗဟိုဘဏ်ကပါ စာထုတ်တားမြစ်ခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်းကလည်း မန္တလေးမြို့နဲ့အနီးတဝိုက်မှာ “ကျားဖျန့်” ခေါ် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေက ယခုလိုပဲ အကောင့်ဝယ်ယူမှုတွေ ပြုလုပ်ခဲ့ဖူးပါတယ်။ ပုသိမ်ကြီး၊ အမရပူရ စတဲ့ မြို့နယ်တွေက ကျေးရွာတွေ၊ ရပ်ကွက်တွေမှာ လူတွေကို လိုက်ထရပ်ကားနဲ့လာခေါ်ပြီး ဘဏ်တွေခေါ်ကာ ဘဏ်စာအုပ်နဲ့ Kpay အကောင့်တွေ ဖွင့်ခိုင်းပါတယ်။ ပြီးနောက် ငွေကျပ် သုံးသောင်းဝန်းကျင်ကနေ ငါးသောင်းအထိပေးပြီး ဝယ်ယူခဲ့ပါတယ်။

အဲဒီလိုအကောင့်တွေ ရောင်းချခဲ့မိတဲ့ ပုသိမ်ကြီးမြို့နယ်က ကျေးရွာတစ်ရွာမှာတော့ ရွာသူရွာသားအများအပြားကို ကျားဖြန့်ငွေလိမ်ဂိုဏ်းနဲ့ ပတ်
သက်တယ်ဆိုပြီး ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် မန္တလေးတိုင်းထဲက မိတ္ထီလာမြို့နယ်နဲ့ နွားထိုးကြီးမြို့နယ်တွေဘက်မှာလည်း ယခုလို အကောင့်ဝယ်ယူတာတွေရှိခဲ့ကြောင်း သိရပါတယ်။

အဲဒီနောက်မှာတော့ အကောင့်ဝယ်ယူသူတွေဟာ စစ်ဘေးသင့်ဒေသကိုပါ ရောက်ရှိလာပြီး ဝယ်ယူလာတာဖြစ်ပါတယ်။

အကောင့်ဝယ်ယူသွားသူတွေဟာ အဆိုပါအကောင့်ကို အသုံးပြုပြီး ငွေလိမ်လည်တာ၊ အွန်လိုင်းလောင်းကစားပြုလုပ်တာ သို့မဟုတ် တရားမဝင်ငွေကြေးတွေ စီးဆင်းတာတွေ ရှိပါက အကောင့်ပိုင်ရှင် (မှတ်ပုံတင်ပိုင်ရှင်)ဟာ ပထမဆုံး တရား
ခံအဖြစ် ဖမ်းဆီးအရေးယူခံရမှာဖြစ်ကြောင်း၊ ယခုလို မုံရွာမြို့နယ်အတွင်းက ရွာတွေမှာ ဘဏ်အကောင့်တွေဝယ်ယူတာဟာ အွန်လိုင်းလောင်း
ကစားနဲ့ ငွေလိမ်ဂိုဏ်းတွေက ငွေကြေးခဝါချဖို့အတွက် အသုံးပြုဖို့ ဖြစ်နိုင်ခြေရှိကြောင်း နည်းပညာကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

သို့ပေမဲ့ မုံရွာမြို့နယ်က ပြည်သူတွေကတော့ အာဏာသိမ်းကာလ ၎င်းတို့ဒေသမှာ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ရတာ၊ ရွာမီးရှို့ဖျက်ဆီးခံရတာ၊ ကုန်စျေးနှူန်းကြီးမြင့်တာတွေကြောင့် လက်တလောအဆင်ပြေဖို့အရေး Kpay အကောင့်တွေကို ရောင်းကာ ဝမ်းရေးဖြေရှင်းခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။

လိုက်ဝယ်တဲ့သူတွေဟာ အဝေးကမျက်နှာစိမ်းတွေအပြင် ရပ်ရွာခံပွဲစားတွေလည်း ပါဝင်နေတယ်လို့ သိရပါတယ်။

မုံရွာမြို့နယ်အတွင်း ဘဏ်အကောင့်ဝယ်ရောင်းတာတွေ လုပ်နေတဲ့ဖြစ်စဥ်နဲ့ပတ်သက်ပြီး မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ကို ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူကိုအာကူးက “ကျွန်တော်တို့ အဲဒါတွေ(အကောင့်ရောင်းတာတွေ)ကို ပညာပေးအစီအစဥ်လုပ်ဖို့တော့ စီစဥ်နေပါတယ်။”လို့ ဖြေကြားပါတယ်။

ယခုအခါ မုံရွာမြို့နယ်အတွင်း လယ်ဇင်ကျေးရွာ၊ သက္ကယ်ကျင်းကျေးရွာနဲ့ ညောင်ပင်ရွာအပါအဝင်ကျေးရွာ ၁၅ ရွာထက်မနည်းအကောင့်တွေ ရောင်းချနေကြကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။

“ပြည်သူကတော့ ရတော့ အကုန်သွားနေကြတာ။ ခံရမဲ့ဟာတွေ သူတို့မသိကြဘူး။ မြန်မြန်တားရင်တား မဟုတ်ရင်မလွယ်ဘူး”လို့ အကောင့်ဝယ်သူတွေ ရောက်ရှိနေတဲ့ကျေးရွာတစ်ရွာက ဒေသခံတစ်ဦးက ပြောလိုက်ပါတယ်။ ။

ဆက်စပ်သတင်းများ

သတင်း

​သုံးစွဲသူအများဆုံးဖြစ်တဲ့ KBZ Pay (K Pay) မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းဟာ ဒီကနေ့ ဇွန်လ ၉ရက် နေ့လယ်ပိုင်းကစပြီး သုံးလို့မရတော့တာကြောင့် အဆင်မပြေမှုတွေ ကြုံတွေ့နေရပြီး စိုးရိမ်မှုတွေပါ ဖြစ်ပေါ်ခဲ့ပါတယ်။

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

သတင်း

အညာဒေသမှာ KPayအကောင့် ဝယ်ယူနေတာတွေဟာ ကျားဖြန့်လုပ်ငန်းတွေနဲ့ ဆက်စပ်နေတယ်လို့ CDM ဘဏ်ဝန်ထမ်းဟောင်း ရဲဘော်တစ်ဦးက ပြောပါတယ်။

သတင်း

မုံရွာမြို့နယ်အတွင်းက လယ်ဇင်ကျေးရွာနဲ့ သက္ကယ်ကျင်းကျေးရွာတွေမှာ လူတစုက Kpay နဲ့ Wavepay အကောင့်တွေကို တစ်ခု ကျပ် ၅၀,၀၀၀ ကနေ ၆၀,၀၀၀ ခန့်အထိပေးကာ လိုက်လံဝယ်ယူသူတွေရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။