ကဖေး/People’s Spring
နယ်စပ်ဒေသတွေကို ပြန်ထိန်းချုပ်နိုင်ဖို့ မဲမဲမြင်ရာ ရန်ရှာနေတဲ့ စစ်တပ်ဟာ မြန်မာ-ထိုင်းနယ်စပ်က ထားဝယ်အထူးစီးပွားရေးဇုန် (DSEZ) ဧရိယာထဲမှာ အရပ်ဘက်အရေးဆောင်ရွက်နေတဲ့ LGBT လူငယ်သုံးဦးအပါအဝင် အရပ်သား လေးဦးကို ဖမ်းဆီးပြီးရက်ရက်စက်စက်သတ်ဖြတ်လိုက်ပြန်ပါတယ်။
ထားဝယ်အထူးစီးပွားရေးဇုန်နဲ့ ရေနက်ဆိပ်ကမ်း ပြန်လည်အကောင်အထည်ဖော်ဖို့ အားခဲနေတဲ့ စစ်တပ်ကတနင်္သာရီတိုင်း၊ရေဖြူမြို့နယ်က စစ်ဘေးရှောင်ပြည်သူတွေကိုကူညီပေးနေတဲ့ The Ants (Humanitarian Aids Team-Tanintharyi ) အဖွဲ့က အဖွဲ့တာဝန်ခံ ကိုအယ်သာ၊ ဘဏ္ဍာရေးမှူး ကိုလီယွန်၊ စီမံကိန်း ညှိနှိုင်းရေးမှူး ကိုသားငယ်နဲ့ အမျိုးသားတစ်ဦးကိုဇူလိုင်လ ၉ ရက်မှာ ဖမ်းဆီးသွားပြီး သတ်ဖြတ်တာလို့ ဖြစ်စဉ်ကို သိရှိသူတွေက ပြောပါတယ်။
” ဖမ်းသွားပြီး တော်တော်ကြာမှ အသတ်ခံရတာကို သိတာ။ လူငယ်လေးတွေLGBT တွေပါ။လက်နက်ကိုင်ထားသူတွေမဟုတ်ဘူး။ ဘယ်လောက်တောင် ရက်စက်ရတာလဲ” လို့ သတ်ဖြတ်ခံရသူတွေရဲ့ သူငယ်ချင်းတစ်ဦးက ပြောပါတယ်။

Public Service Announcement



ကိုအယ်သာနဲ့ ကိုလီယွန်က အသက် ၂၄နှစ်စီနဲ့ ကိုသားငယ်က ၁၉နှစ်အရွယ် လူငယ်တွေဖြစ်ပါတယ်။ သူတို့သုံးဦးအပါအဝင် ဒေသခံ ၃၀ခန့်ဟာ ဇူလိုင်လဆန်းတုန်းက ရေဖြူမြို့နယ်ထဲကို ဝင်လာတဲ့ စစ်ကြောင်းရန်ကနေ လွတ်အောင် တိမ်းရှောင်ရင်းကနေ ဖမ်းဆီးခံရတာပါ။စစ်တပ်က ရေဖြူမြို့နယ်မှာရှ်ိတဲ့ ထားဝယ်အထူးစီးပွားရေးဇုန် (DSEZ)ထဲက ကျေးရွာတွေကို စစ်ကြောင်းထိုးနေတာပါ။
ဖမ်းဆီးသွားပြီး ၁၁ရက်အကြာ ဇူလိုင်လ ၂၀ ရက် ညနေမှာ ရေဖြူမြို့၊ ခမောင်းချောင်းရွာမြောက်ဘက် တစ်မိုင်အကွာ ဧကနိရွာအနီးမှာ ရုပ်အလောင်းတွေကို စွန့်ပစ်ထားတာလို့ သိရပါတယ်။
” အလောင်းတွေကို စွန့်ပစ်သွားတာ။ ခိုးကြောင်ခိုးဝှက် စွန့်တာမဟုတ်ဘူး။ သူတို့သတ်တာဆိုတာကို ပေါ်တင်သိအောင် မှတ်ပုံတင်တွေပါ ထားပစ်ခဲ့တာ။ ဒါက စစ်ရာဇဝတ်မှုဖြစ်တယ်”လို့ ရေဖြူမြို့ခံ လူငယ်တစ်ဦးကပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ နှစ်ပေါင်းများစွာ ကြိုးပမ်းနေပေမယ့် မအောင်မြင်တဲ့ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို ရုရှရဲ့ အကူအညီနဲ့ အကောင်အထည်ဖော်ဖို့ ကြိုးပမ်းနေပါတယ်။ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း (Dawei Special Economic Zone) ကို အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက် ၂၀၀၈ ခုနှစ် မှာ မြန်မာနဲ့ထိုင်းနိုင်ငံအခြေစိုက် Italian-Thai Development (ITD) ကုမ္ပဏီ လက်မှတ်ရေးထိုးခဲ့ဝာာပါ။ ပြဿနာမျိုးစုံရှိနေတဲ့ ဒီစီမံကိန်းကနေ ITD က နောက်ဆုတ်သွားခဲ့လို့ နှစ်ပေါင်းများစွာအကောင်အထည်မဖော်နိုင်ခဲ့ပါဘူး။ လက်ရှိမှာ စီမံကိန်းနယ်မြေ တချို့ကို တော်လှန်ရေးအင်အားစုတွေကထိန်းချုပ်ထားနိုင်ပါတယ်။
ဒီစီမံကိန်းကိုပြန်စတင်ဖို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ အာဏာသိမ်းစစ်တပ်က ရုရှားနိုင်ငံနဲ့ ထပ်မံသဘောတူခဲ့ပြန်ပါတယ်။
အာဏာရှင် ဗလာဒီမာပူတင်ရဲ့ ရုရှားစစ်တပ်က မင်းအောင်လှိုင်ကို သက်ဆိုးရှည်အောင် ကူညီခဲ့တဲ့အတွက် နိုင်ငံ့အရင်းအမြစ်ကို အာဏာရှင်နိုင်ငံဆီ ထိုးအပ်တဲ့စီမံကိန်းဖြစ်ပါတယ်။ ယူကရိန်းနိုင်ငံကို ကျုးကျော်စစ်ဆင်နွှဲပြီး နိုင်ငံသားသန်းချီသေဆုံးစေခဲ့တဲ့ အာဏာရှင်ပူတင်အတွက် ဒီစီမံကိန်းလုပ်ဖြစ်ခဲ့ရင် အရှေ့တောင်အာရှမှာ ရုရှားရဲ့အကြီးဆုံးစီမံကိန်း ဖြစ်လာဖွယ်ရှိပါတယ်။
ဇွန်လ ၂၄ ရက်မှာ စစ်တပ် ဒုတပ်ချုပ် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက တနင်္သာရီတိုင်း မြိတ်တပ်နယ်နဲ့ ကျွန်းစုမြို့ နယ်မြေခံတပ်ရင်းတွေဆီ သွားခဲ့ပြီးထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း အပါအဝင် ရေး- ထားဝယ်- မြိတ်- ဘုတ်ပြင်း- ကော့သောင်းလမ်းတစ်လျှောက်က တော်လှန်ရေးအင်အားစုတွေကို ရှင်းလင်းမယ်လို့ခြိမ်းခြောက်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းစစ်ကြောင်းတွေထိုးလာပြီး အရပ်သားပစ်မှတ်တွေကိုပါ တိုက်ခိုက်နေတာဖြစ်ပါတယ်။
အင်အား ၇၀၀ခန့်နဲ့ စစ်ကြောင်းထိုးနေသလို လေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့် ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းမှာရှိတဲ့ ဝက်ချောင်း၊ ခမောင်းချောင်း၊ ဧကနိရွာအပါအဝင် ကျေးရွာ ဆယ်ရွာထက်မနည်းကဒေသခံ ၅၀၀၀ နီးပါး စစ်ဘေးရှောင်နေကြရပါတယ်။
စစ်တပ်ဟာ ထားဝယ်အထူးစီးပွားရေးဇုန် (DSEZ) ဧရိယာထဲမှာ စစ်ရေးပစ်မှတ်နဲ့အရပ်သားပစ်မှတ်ကိုခွဲခြားခြင်းမရှိဘဲ အကြမ်းဖက်နေတယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့ဒေသခံတွေက ပြောပါတယ်။ ကိုအယ်သာတို့သုံးဦး သတ်ဖြတ်ခံရမှုဟာ လက်ရှိအချိန်အထိ နောက်ဆုံးဖြစ်သွားခဲ့တဲ့အကြမ်းဖက်သတ်ဖြတ်မှုဖြစ်ပြီး ယင်းမတိုင်ခင်ကလည်း လေကြောင်းတိုက်ခိုက်မှု၊ စစ်ကြောင်းထိုးမှုတွေနဲ့အတူ ဇွန်လနဲ့ ဇူလိုင်လအတွင်း ဖမ်းဆီးသတ်ဖြတ်ခံရတဲ့အရပ်သား ၁၀ဦးထက်မနည်းရှိခဲ့တယ်လို့ တော်လှန်ရေးအင်အားစု တွေကပြောပါတယ်။
ကိုအယ်သာ၊ ကိုမြတ်သူနဲ့ကိုလီယွန်တို့သုံးဦး သတ်ဖြတ်ခံရမှုအတွက် ဝမ်းနည်းကြောင်းကို တနင်္သာရီတိုင်းအခြေစိုက် အရပ်ဖက်နဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ထုတ်ပြန်ထားကြပါတယ်။ သူတို့ သုံးဦးဟာ ထားဝယ်ဒေသအတွင်း ကြားကာလ ပညာရေး၊ စစ်ဘေးရှောင်အရေးနဲ့ ရပ်ရွာ အရေးပေါ်တုန့်ပြန်ဆောင်ရွက်ရေး ကိစ္စတွေမှာ တက်ကြွစွာ တစိုက်မတ်မတ်ဆောင်ရွက်နေကြတဲ့ အလားအလာရှိသော လူငယ်ခေါင်းဆောင်တွေဖြစ်တယ်လို့ အရပ်ဖက်အရေးဆောင်ရွက်တဲ့ MAGGA Initiative(MI)က ထုတ်ပြန်ပါတယ်။
သူတို့သုံးဦးဟာ ရိုးသားနှိမ့်ချပြီး တော်လှန်ရေးတာဝန်တွေကို အသက်နဲ့ခန္ဓာကိုပေးဆပ်တဲ့အထိ ကျေပွန်စွာထမ်းဆောင်ခဲ့ကြတယ်လို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ်ဗဟိုကော်မတီက ထုတ်ပြန်ပြီး ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)ကလည်း သူတို့သုံးဦးဟာ ဒေသလိုအပ်ချက်ဖြစ်တဲ့ စစ်ရှောင်အရေး၊ ပညာရေးလုပ်ငန်းတွေကို အစဥ်တစိုက် ဆောင်ရွက်ခဲ့ကြပြီး တစ်ဖက်မှာလည်း ဘဝတက်လမ်းအတွက် ပညာသင်ကြားခွင့်ရရေး အားသွန်ခွန်စိုက် ကြိုးပမ်းနေ ကြတဲ့ လူငယ်များဖြစ်တဲ့အတွက် ယခုကဲ့သို့ သတ်ဖြတ်ခံရမှုအပေါ် လွန်စွာ ယူကြုံးမရဖြစ်ရတယ်လို့ ထုတ်ပြန်ပါတယ်။
ကိုအယ်သာရဲ့ သူငယ်ချင်းတစ်ဦးကတော့ ” လူမဆန်ဆုံး အဆိုးယုတ်ဆုံးအာဏာရူးတွေနဲ့ လက်ပါးစေတွေရှိတဲ့နိုင်ငံကနေ လွတ်မြောက်ပြီး အလုံခြုံဆုံး နေရာမှာ ပြန်လည်ရှင်သန်နိုင်တော့မှာပေါ့လေ”လို့ ဝမ်းနည်းကြောင်းရင်ဖွင့်ထားပါတယ်။


















































