-အေးခိုင်ဦး ရေးသားသည်။
ရာသီဥတုပြောင်းလဲမှုကို ကြားလိုက်ရင် အပူချိန်တက်လာတယ်။ကာဗွန်ဒိုင်အောက်ဆိုဒ်များလာတယ်။ရေခဲတောင်တွေအရည်ပျော်တယ် လို့ပဲတွေးမိတတ်ကြပါတယ်။ဒါပေမယ့် ရာသီဥတုပြောင်းလဲမှုရဲ့ တကယ့်အကျိုးဆက်က လူတွေရဲ့ နေ့စဉ်ဘဝကို ပြောင်းလဲစေတာ ဖြစ်ပါတယ်။
ညသန်းခေါင်ကျော်တဲ့အချိန်။ အပြင်မှာ မိုးက သည်းသည်းမည်းမည်းရွာနေတယ်။မိုးသံက ပို ပို ကျယ်လာတယ်။ အရင်လို ရွာနေကျမိုးလိုပဲလို့ ထင်ခဲ့ကြတာ။ဒါပေမယ့် မဟုတ်ခဲ့ဘူး။ ရေကအိမ်ထဲမှာဒူးကိုရောက်လာတယ်။ နာရီဝက်နေတော့ ခါးကိုရောက်လာတယ်။ ခဏနေတော့ ကလေးနှစ်ယောက်ကို ခေါ်ပြီး အိမ်ထဲက ပြေးထွက်ခဲ့ရတဲ့ အဲဒီညဟာ မြန်မာနိုင်ငံရဲ့ လူဦးရေ ထက်ဝက်ကျော်လောက်ရှိတဲ့ ပါကစ္စတန်နိုင်ငံက မိသားစုသန်းပေါင်းများစွာအတွက် ဘဝတစ်ခုလုံး ပြောင်းလဲသွားတဲ့ ညဖြစ်ခဲ့တယ်။
Noorullahဟာအသက် ၉ နှစ် အရွယ် ကလေးတစ်ယောက်ဖြစ်ပြီး ပါကစ္စတန်နိုင်ငံ Sindh ပြည်နယ် မှာ မိသားစုနဲ့အတူ နေထိုင်ပါတယ်။ သူတို့မိသားစုဟာ ချမ်းသာတဲ့ မိသားစုမဟုတ်ဘဲ သာမန်ကျေးလက်မိသားစု တစ်စု ဖြစ်ပါတယ်။ ရေဘေးမတိုင်ခင် ၂၀၂၂ ခုနှစ် ဩဂုတ်လမှာ မိုးကရက်ပေါင်းများစွာ ဆက်တိုက်ရွာနေခဲ့ပါတယ်။ ဒါပေမယ့် Noorullah တို့မိသားစုက “နှစ်တိုင်း မိုးရွာတတ်တာပဲ” လို့ပဲ တခြားသူတွေလိုပဲ ထင်နေခဲ့ပါတယ်။

Public Service Announcement
တစ်နေ့မနက်မှာ မိသားစုက မနက်စာစားနေချိန် အဖေ့မိတ်ဆွေတစ်ယောက်ကအရေးပေါ်ဖုန်းဆက်ပြီး “မြစ်ရေ တက်လာနေပြီ။ အခုချက်ချင်း ထွက်ပြေးတော့!” လို့ သတိပေးခဲ့ပါတယ်။ ဒီဖုန်းခေါ်သံက သူတို့မိသားစုရဲ့ အသက်ကို ကယ်တင်ခဲ့တယ်လို့ ပြောနိုင်ပါတယ်။ ဖုန်းရပြီးတာနဲ့ အဝတ်အစားတချို့၊ အရေးကြီးပစ္စည်းတချို့ယူပြီး ချက်ချင်း ထွက်ပြေးခဲ့ရပါတယ်။ သူတို့ ထွက်သွားပြီးမကြာခင်မှာပဲ မြစ်ရေက အရှိန်ပြင်းပြင်းနဲ့ ဝင်လာခဲ့ပါတယ်။ ရေကျပြီး နောက်ပိုင်း အိမ်ပြန်ရောက်တဲ့အခါသူတို့အိမ်ဟာအခန်းနှစ်ခန်းလောက်သာကျန်တော့တယ်လို့ Noorullah က ပြောပါတယ်။
နှစ်ပေါင်းများစွာ နေခဲ့တဲ့အိမ်က ပျက်စီးသွားတာကို မြင်ရတာ သူ့အတွက် အရမ်းခက်ခဲခဲ့ပါတယ်။ “အိမ်ပြန်ရောက်တော့ ဘာမှ မကျန်တော့တာကို မြင်ရတာ အရမ်းနာကျင်တယ်” ဆိုတဲ့ သူ့စကားကို UNICEF နဲ့ မျှဝေထားပါတယ်။
Noorullahတို့မိသားစုဟာဆွေမျိုးအိမ်မှာ၃လခန့်သွားနေခဲ့ရပါတယ်။အဲဒီအချိန်မှာ ကိုယ့်အိမ် မရှိတော့ဘူး။ကျောင်းတက်ဖို့လည်း ခက်ခဲတယ်။နေ့စဉ်ဘဝကို အစကနေ ပြန်တည်ဆောက်ရတယ်။ UNICEF ကသူ့အကြောင်း မှတ်တမ်းတင်ထားတဲ့အခါ Noorullah က သူ့အိမ်ကို ပြန်ဆောက်ပြီး ပုံမှန်ဘဝကို ပြန်ရချင်တယ်လို့ ပြောခဲ့ပါတယ်။ ဒါက ကလေးတစ်ယောက်ရဲ့ ရိုးရှင်းတဲ့ ဆန္ဒပေမယ့် ရေဘေးကြောင့် အချိန်အတော်ကြာ မဖြစ်နိုင်သေးတဲ့ အခြေအနေ ဖြစ်ခဲ့ပါတယ်။
၂၀၂၂ ဇွန်လမှာစပြီး ပါကစ္စတန်မှာ မုတ်သုန်မိုးအားကောင်းလာတယ်။ပုံမှန်မုတ်သုန်မိုးထက် အများကြီးပိုတဲ့မိုးတွေရွာခဲ့တယ်။ တချို့ဒေသတွေမှာ တစ်နှစ်ပုံမှန်ရွာတဲ့ မိုးပမာဏထက် ၂ ဆကနေ ၇ ဆအထိ ရွာသွန်းခဲ့ပါတယ်။ အဲဒီမတိုင်ခင်ကလည်း မြောက်ပိုင်းဒေသတွေမှာ အပူချိန် အလွန်မြင့်တက်ပြီး ရေခဲမြစ်တွေ အရည်ပျော်နှုန်း မြန်လာခဲ့ပါတယ်။ ရေခဲမြစ်ရေတွေက မြစ်ထဲကို စီးဝင်တယ်။မိုးကြီးတာရယ် ရေခဲမြစ်အရေပျော်တာရယ် ပေါင်းပြီးတော့ မြစ်တွေ ရေလျှံလာတယ်။ ဆည်တချို့က ရေမထိန်းနိုင်တော့ဘူး။ နောက်ဆုံးပါကစ္စတန်ရဲ့ အဓိကမြစ်ဖြစ်တဲ့ Indus မြစ်ထဲကိုစီးဝင်ပြီးတနိုင်ငံလုံး ရေလွှမ်းသွားခဲ့ရတယ်။ဇူလိုင်လမှာရေကြီးတာဆိုးရွားလာတယ်။ဩဂုတ်လမှာတော့ အဆိုးဆုံးအဆင့်ကိုရောက်ခဲ့တယ်။ “နှစ်တိုင်းဒီလိုပဲဖြစ်နေကြပါ” လို့လူတိုင်းကထင်ခဲ့ကြပေမယ့် နိုင်ငံတစ်ဝန်းလုံးကို အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။ နောက်ဆုံးတော့ အဲဒီရေက လူ ၃၃သန်းရဲ့ ဘဝကို ပြောင်းလဲသွားစေခဲ့တယ်။
Jacobabad ဟာ Sindh ပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ မြို့တစ်မြို့ဖြစ်ပြီး လူဦးရေ ၂ သိန်းကျော် နေထိုင်ပါတယ်။ ၂၀၂၂ ရေကြီးမှု မတိုင်ခင်ကကမ္ဘာ့အပူဆုံးမြို့တွေထဲကမြို့တမြို့အဖြစ် ကမ္ဘာကျော်ခဲ့တဲ့မြို့ဖြစ်ပါတယ်။ နွေရာသီဆိုရင်အပူချိန် ၅၀°C အထိရောက်တတ်တဲ့မြို့။အပြင်မှာ မိနစ်အနည်းငယ် ရပ်နေရုံနဲ့ အန္တရာယ်ရှိနိုင်တယ်။ လမ်းအလုပ်သမားတွေ၊ လယ်သမားတွေက အလုပ်ချိန်ကို ပြောင်းရတယ်။ ကလေးတွေလည်း နေ့လယ်ပိုင်းမှာ ကျောင်းတက်ဖို့ အခက်အခဲရှိတယ်။
ဒါပေမယ့် ၂၀၂၂ မှာပဲ မြို့ထဲကလမ်းမကြီးတွေ၊ စာသင်ကျောင်းတွေ၊ ဈေးတွေရေမြုပ်သွားပါတယ်။ မြို့ရဲ့အများစုအပိုင်းက ရေအောက်ရောက်သွားခဲ့တယ်။ လူထောင်ပေါင်းများစွာဟာ စာသင်ကျောင်းတွေ၊ ယာယီတဲစခန်းတွေကို ပြောင်းရွှေ့ခဲ့ရပါတယ်။ ရေကျသွားပြီးတဲ့နောက်မှာတောင် ခြင်အလွန်များလာတယ်။ ငှက်ဖျားရောဂါ တိုးလာတယ်။ သောက်ရေ ညစ်ညမ်းသွားတယ်။ကလေးတွေ ဝမ်းပျက်ဝမ်းလျှော ဖြစ်လာတယ်။UNICEF ရဲ့ ကလေးကျန်းမာရေးအစီအစဉ်တွေက အဲဒီဒေသမှာ အရေးပေါ် ဆောင်ရွက်ခဲ့ရပါတယ်။ အပူလှိုင်းပြီး မကြာခင် ရေကြီးမှုကြုံရတာက ရာသီဥတု ပြောင်းလဲမှုအကြောင်း ဆွေးနွေးရာမှာ မကြာခဏ ဥပမာအဖြစ် အသုံးပြုခံရပါတယ်။
ဒါပေမယ့်အဆိုးဆုံးခံစားခဲ့ရတာက Noorullahတို့နေရာလိုမျိုး Sindh ပြည်နယ်က ကျေးရွာတွေ၊ Balochistan ပြည်နယ်က မြေပြန့်ဒေသတွေ၊ Indus မြစ်တစ်လျှောက်က ရွာတွေပါပဲ။ အဲဒီနေရာတွေမှာအိမ်တွေ ရေမြုပ်တယ်။ စိုက်ခင်းတွေ ပင်လယ်လို ဖြစ်သွားတယ်။ လပေါင်းများစွာ ရေမကျဘဲ တင်ကျန်နေခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် ဩဂုတ်လနှောင်းပိုင်းက ဂြိုဟ်တုဓာတ်ပုံတွေ မှာ ပါကစ္စတန်တောင်ပိုင်းဟာ ပင်လယ်အသစ်တစ်စင်းလို မြင်ရတဲ့အထိ ရေဖုံးလွှမ်းနေခဲ့ပါတယ်။ Sindh လို မြေပြန့်ဒေသတွေမှာ ရေထွက်ပေါက်နည်းလို့ ရေကျနှေးခဲ့တယ်။အဲဒီရေတွေကို သဘာဝအတိုင်း ပြန်လည်စီးဆင်းဖို့ လပေါင်းများစွာ အချိန်ယူခဲ့ရပါတယ်။ တချို့က ၃ လ က နေ ၆ လ ကြာမှ အိမ်ပြန်နိုင်ခဲ့တယ်။ တချို့က အိမ်လုံးဝ ပျက်စီးသွားလို့ တစ်နှစ်ကျော် ယာယီတဲစခန်းတွေမှာ နေထိုင်ခဲ့ရပါတယ်။
အိမ်ပျက်သွားတာက ပစ္စည်းဆုံးရှုံးမှုတင် မဟုတ်ပါဘူး။လူအများစုဟာ မိသားစုဝင်တွေ ဆုံးရှုံးခဲ့ရတယ်။နှစ်ပေါင်းများစွာ စုဆောင်းထားတဲ့ ပစ္စည်းတွေ ပျောက်ကုန်တယ်။ “နောက်ထပ် မိုးရွာရင် ထပ်ရေကြီးမှာလား” ဆိုတဲ့ စိုးရိမ်စိတ်နဲ့ အသက်ရှင်ခဲ့ကြရပါတယ်။
ဒါကြောင့် ၂၀၂၂ ပါကစ္စတန်ရေကြီးမှု ကို “ရက်ပိုင်းအတွင်း ပြီးဆုံးသွားတဲ့ ရေဘေး” မဟုတ်ဘဲ လပေါင်းများစွာ ဆက်လက်သက်ရောက်ခဲ့တဲ့ သမိုင်းမှာမကြုံဖူးတဲ့လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ်အခြေအနေ အဖြစ်သတ်မှတ်ခဲ့တယ်။ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Ban Ki-moon ကတောင် “အရင်က ဒီလောက်ကြီးမားတဲ့ သဘာဝဘေးကို မတွေ့ဖူးဘူး”လို့ ပြောခဲ့တယ်။
ပါကစ္စတန် ၂၀၂၂ ရေကြီးမှုကတော့ ရာသီဥတုပြောင်းလဲမှုကြောင့် အလွန်ကြီးမားတဲ့ ရေဘေးတွေ ပိုမိုမကြာခဏ ဖြစ်လာနိုင်တယ် ဆိုတာကို ကမ္ဘာကို သတိပေးခဲ့တဲ့ ဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။ ကျွမ်းကျင်သူတချို့က ပါကစ္စတန်ရဲ့ ၂၀၁၀ ရေကြီးမှုကိုရာစုနှစ်အတွင်း အဆိုးဆုံး ရေကြီးမှုလို့ သတ်မှတ်ခဲ့ကြပါတယ်။ ဒါပေမယ့် ၂၀၂၂ ကတော့လူပိုထိခိုက်တယ်။ ရာသီဥတုပြောင်းလဲမှုရဲ့ သက်ရောက်မှု ပိုထင်ရှားတယ်။ ရေက ပိုကြာကြာ မကျဘူး။ ဒါကြောင့် ၂၀၂၂ ဟာ ရာသီဥတုပြောင်းလဲမှုရဲ့ ရေကြီးတာ (Climate Change Flood) ရဲ့ အထင်ရှားဆုံး ဥပမာတစ်ခုအဖြစ် ကမ္ဘာက ပိုပြီး လေ့လာခဲ့ပါတယ်။
ပါကစ္စတန်ဟာ ကမ္ဘာ့ဖန်လုံအိမ်ဓာတ်ငွေ့ (CO2) ထုတ်လွှတ်မှုမှာ အချိုးအစားနည်းတဲ့နိုင်ငံဖြစ်ပေမယ့်၊ ရာသီဥတုပြောင်းလဲမှုရဲ့ အကျိုးဆက်ကို အပြင်းထန်ဆုံး ခံစားရတဲ့နိုင်ငံတွေထဲက တစ်နိုင်ငံ ဖြစ်နေပါတယ်။ လွန်ခဲ့တဲ့ နှစ်ရာကျော်က စ ပြီး စက်မှု ဖွံ့ဖြိုးတဲ့ အမေရိကန်၊ UK၊ ဂျာမဏီ၊ မကြာသေးခင် တရုတ်တို့လိုနိုင်ငံတွေက ကျောက်မီးသွေး၊ရေနံ၊ သဘာဝဓာတ်ငွေ့ကိုအများကြီး အသုံးပြုပြီး စက်ရုံတွေ တည်ဆောက်ခဲ့ပါတယ်။ အဲဒီကြောင့် CO₂ အများကြီး ထုတ်လွှတ်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီနိုင်ငံတွေက စီးပွားရေးချမ်းသာလာတယ်။အခြေခံအဆောက်အအုံတွေ ခိုင်မာလာတယ်။ရေဘေး၊ မုန်တိုင်းဘေး ကာကွယ်နိုင်တဲ့ နည်းပညာတွေ ပိုရှိလာတယ်။ ပါကစ္စတန်က ကမ္ဘာ့ CO₂ ထုတ်လွှတ်မှုမှာ အချိုးအစား နည်းပါတယ်။ ဒါပေမယ့်ရေကြီးမှု၊ အပူလှိုင်း၊ မိုးသည်းထန်မှုတွေကို အပြင်းအထန် ခံစားနေရပါတယ်။
ဘာကြောင့်ဒီလိုဖြစ်တာလဲ။ရေတားတမံ နည်းတယ်။ ရေဆင်းစနစ် မကောင်းဘူး။ လမ်းတွေ အလွယ်တကူ ပျက်တယ်။ စိုက်ပျိုးရေးကို ပိုမှီခိုတယ်။ မိုးမရွာရင်လည်း ဒုက္ခ။မိုးများလွန်းရင်လည်း ဒုက္ခ။ အာမခံစနစ် မရှိဘူး။ အိမ်ပျက်ရင် ကိုယ့်ပိုက်ဆံနဲ့ ပြန်ဆောက်ရတယ်။ အစိုးရအကူအညီ ကလည်း အကန့်အသတ်ရှိတတ်တယ်။ ကယ်ဆယ်ရေးစနစ် အားနည်းတယ်။ချမ်းသာတဲ့နိုင်ငံတွေလို၊ ကြိုတင်သတိပေးစနစ်ကောင်းကောင်းမရှိဘူး။ ရဟတ်ယာဉ်ကယ်ဆယ်ရေး၊ အရေးပေါ်ရန်ပုံငွေတွေ မလုံလောက်နိုင်ပါဘူး။ပြန်လည်ထူထောင်ဖို့ ခက်ခဲတယ်။ ရေဘေးပြီးရင်အိမ်ပြန်ဆောက်ဖို့၊ ကျောင်းပြန်ဖွင့်ဖို့၊ ဆေးရုံပြန်ပြင်ဖို့အချိန်နဲ့ ငွေ အများကြီးလိုပါတယ်။
ချမ်းသာတဲ့နိုင်ငံတွေမှာလည်း ဒီလိုမျိုး ဘေးအန္တရာယ်တွေကို ကြုံတွေ့ရတာပေမယ့် ခံစားရမှု မရှိတာမဟုတ်ဘဲ၊ ပြန်လည်ရင်ဆိုင်နိုင်တဲ့ စွမ်းရည်မတူတာပါပဲ။ အဲဒီနိုင်ငံတွေရဲ့ ပြန်လည် ထူထောင်နိုင်စွမ်းအားက ပိုမြင့်နေတာပဲဖြစ်ပါတယ်။
ရေကြီးမှုမှာ လူတွေဟာ ရေကို ကြောက်ရတယ်။ မိုးခေါင်မှုမှာတော့ ရေမရှိခြင်းကို ကြောက်ရတယ်။ ဒါပေမယ့် အဆုံးမှာတော့ နှစ်မျိုးစလုံးက လူတွေကို ကိုယ့်အိမ်ကို စွန့်ခွာစေပြီး ဘဝကို ပြောင်းလဲစေတယ်။ ဒါကိုအရှေ့အာဖရိကဒေသ(အာဖရိကဦးချိုဒေသ) ရဲ့ မိုးခေါင်ခြင်းကနေ တွေ့ရပါတယ်။ ၂၀၂၀ ကနေ ၂၀၂၃ အတွင်း အဲဒီဒေသမှာ မိုးရာသီ ၅ ကြိမ်ဆက်တိုက် မိုးမလုံလောက် ခဲ့ပါဘူး။ ဒါဟာ နှစ်ပေါင်း ၄၀ ကျော်အတွင်း အဆိုးရွားဆုံး မိုးခေါင်မှုတွေထဲက တစ်ခုလို့ သတ်မှတ်ခံခဲ့ ရပါတယ်။ မိုးမရွာလို့ ရေတွင်းတွေ ခြောက်သွားတယ်။ မြစ်တွေခန်းခြောက်သွားတယ်။တိရစ္ဆာန်တွေ သေဆုံးတယ်။ လယ်ယာလုပ်ငန်းတွေ ပျက်စီးတယ်။ အဲဒီကြောင့် မိသားစုအများအပြားဟာ အစာနဲ့ရေ ရှာဖို့ အိုးအိမ်စွန့်ခွာပြီး ရွှေ့ပြောင်းခဲ့ရပါတယ်။
ဆိုမာလီယာက အထိခိုက်ဆုံးနိုင်ငံတွေထဲက တခုပါ။ Fatuma ဟာဆိုမာလီယာနိုင်ငံ Jubaland ဒေသ၊ Jamame ဆိုတဲ့ နေရာက အမျိုးသမီးတစ်ဦးပါ။ သူမတို့မိသားစုရဲ့ ဘဝဟာ အရင်က လယ်ယာစိုက်ပျိုးရေးနဲ့ မွေးမြူရေးပေါ်မှာအခြေခံထားပါတယ်။သူတို့အတွက် မြေကွက်နဲ့ တိရစ္ဆာန်တွေဟာ ပိုင်ဆိုင်မှုတင်မဟုတ်ပါဘူး။စားစရာရတဲ့နေရာကလေးတွေကို ကျွေးမွေးနိုင်တဲ့ အခြေခံ၊ မိသားစုရဲ့ အနာဂတ်အားလုံး ဖြစ်ပါတယ်။ နှစ်တွေကြာတဲ့ထိ ရေခန်းခြောက်သွားတဲ့အခါ Fatuma ဟာ ကလေး ၆ ယောက်ကိုခေါ်ပြီး ဒုက္ခသည်စခန်းဆီ ရက်ပေါင်းများစွာ လမ်းလျှောက် ခဲ့ရပါတယ်။ Luglow မှာရှိတဲ့ ရွှေ့ပြောင်းနေထိုင်သူများအခြေချနေရာမှာ ဘဝအသစ်ကို စတင်ခဲ့ရတယ်။ သူတို့ရောက်တဲ့နေရာမှာလည်းရေရှာရခက်တယ်။သန့်ရှင်းတဲ့ သောက်ရေ မလုံလောက်ဘူး။ အစားအစာရဖို့ ခက်ခဲတယ်။ မသန့်ရှင်းတဲ့ရေကိုပဲ သောက်ခဲ့ရတယ်။
Fatuma တို့လို မိသားစုတွေအတွက် ပြဿနာက “မိုးခေါင်လို့ ရေမရှိတော့တာ” တစ်ခုတည်း မဟုတ်ပါဘူး။ အဲဒီနောက်မှာ အိမ်မရှိတော့ခြင််း၊အလုပ်အကိုင်ပျောက်ဆုံးခြင်း၊ ကလေးတွေရဲ့ပညာရေးထိခိုက်ခြင်း၊အနာဂတ်မသေချာတော့ခြင်းတွေ ဆက်တိုက် ဖြစ်လာတာပဲဖြစ်ပါတယ်။
နောက်ပိုင်း မိုးပြန်ရတဲ့ဒေသတွေ ရှိပေမယ့် သေဆုံးသွားတဲ့ တိရစ္ဆာန်တွေ၊ ပျက်စီးသွားတဲ့ စီးပွားရေးကို ချက်ချင်းပြန်မရနိုင်ပါဘူး။
Noorullah တို့က ရေများလွန်းလို့ အိမ်ကို စွန့်ခွာရတယ်။အာဖရိကဦးချိုဒေသ (Horn of Africa) က မိသားစုတွေက ရေမရှိလို့ အိမ်ကို စွန့်ခွာရတယ်။ တစ်ဖက်မှာ ရေက ဖျက်ဆီးခဲ့ပြီး၊ တစ်ဖက်မှာ ရေမရှိခြင်းက ဖျက်ဆီးခဲ့သည်။ သူတို့တွေရဲ့ဇာတ်လမ်းက ဆန့်ကျင်ဖက်လို့ထင်ရပေမယ့် အဆုံးသတ်ကတော့ အတူတူပါပဲ။ ရာသီဥတုဒုက္ခသည် (Climate Refugees) ဆိုတဲ့စကားဟာ နှစ်ဖက်လုံးမှာပါ။
ကမ္ဘာကြီးကို ပိုအပူပေးတဲ့ နိုင်ငံတွေကဖန်လုံအိမ်ဓာတ်ငွေ့ကို ပိုလျှော့ချသင့်သလို၊ ရာသီဥတု ဘေးဒဏ်ကို ပိုခံစားနေရတဲ့ နိုင်ငံတွေကိုလည်း ငွေကြေး၊ နည်းပညာနဲ့ အခြားအကူအညီတွေ ပိုမိုပံ့ပိုးသင့်တယ်” ဆိုတဲ့ အယူအဆက အဓိကဖြစ်လာပါတယ်။ ဒါကြောင့် ကုလသမဂ္ဂရဲ့ ရာသီဥတုညီလာခံတွေမှာ “Loss and Damage Fund” လို့ခေါ်တဲ့ ရာသီဥတုဘေးဒဏ်ခံရတဲ့ နိုင်ငံတွေကို ကူညီဖို့ ရန်ပုံငွေအကြောင်း ဆွေးနွေးမှုတွေ အရေးကြီးလာခဲ့ပါတယ်။
ရာသီဥတုပြောင်းလဲမှုဟာအနာဂတ်မှာ ဖြစ်လာမယ့် ပြဿနာတစ်ခု မဟုတ်တော့ပဲ တချို့လူတွေ အတွက်တော့ အဲဒါဟာ ဒီနေ့ပဲ ဆုံးရှုံးနေရတဲ့ အိမ်၊ အလုပ်နဲ့ ဘဝတစ်ခု ဖြစ်နေပါပြီ။ မြန်မာနိုင်ငံဟာလည်း ရာသီဥတုပြောင်းလဲမှုရဲ့ အန္တရာယ်ကို ရင်ဆိုင်နေရတဲ့ နိုင်ငံတွေထဲမှာ ပါဝင်တယ်။ အခုရက်ပိုင်း ရန်ကုန် အပါအဝင်နဲ့ တခြားနေရာတွေမှာ မြင်နေရတဲ့ ရေကြီးမှုကို ပေါ့ပေါ့ဆဆ မမြင်ဘဲ၊ မြို့ပြစီမံကိန်း၊ ရေဆင်းစနစ်နဲ့ ရာသီဥတုပြောင်းလဲမှုကို ဘယ်လို ရင်ဆိုင်မလဲဆိုတာ အတူတကွ စဉ်းစားဖို့ အရေးတကြီးလိုအပ်နေပါပြီ။

















































