နောင်နောင် ရေးသားသည်။
ဩဂုတ်၂၆ ရက်၊မနက်ပိုင်းမှာနီပေါ-တရုတ်နယ်စပ်အနီး ဟိမဝန္တာတောင်တန်းပေါ်က ဖြစ်ရပ်တစ်ခုကလူတွေကိုအံ့အားသင့်စေခဲ့ပါတယ်။လက်ရှိရရှိထားတဲ့ ဘူမိဗေဒနဲ့ ဂြိုဟ်တုအချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာချက်အရ လန်တန်လီရုန်(Langtang Lirung)တောင်အနီးမြင့်မားတဲ့နေရာမှာရေခဲနဲ့ကျောက်သားတွေအစုလိုက်အပြုံလိုက်ပြိုကျခဲ့ပြီး တောင်ကြားထဲကိုအရှိန်ပြင်းပြင်းဆင်းလာခဲ့ပါတယ်။
အဲဒီနောက်ရေ၊ရွှံ့မြေ၊ကျောက်နဲ့အပျက်အစီးတွေရောနှောစီးဆင်းတဲ့မြေစီးဖြစ်စဉ်ဖြစ်ပေါ်ကာနောက်ဆုံးရုတ်တရက်ရေကြီးမှုဖြစ်ပွားခဲ့တာပါ။တရုတ်သိပ္ပံပညာရှင်တွေရဲ့ အဆိုအရ ဒီအစုလိုက်ပြိုကျဆင်းမှုဟာ ခန့်မှန်းခြေ ၂၂ ကီလိုမီတာအထိ ရောက်ရှိခဲ့ပြီး ကျီလုံ နယ်စပ်ကုန်သွယ်ရေးဂိတ်အထိ ထိခိုက်ခဲ့ပါတယ်။
ဒီဖြစ်ရပ်ကဟိမဝန္တာဒေသမှာရာသီဥတုပူနွေးလာမှုနဲ့အတူရေခဲမြစ်တွေရဲ့မတည်ငြိမ်မှုနဲ့ ဆက်စပ်တဲ့သဘာဝဘေးအန္တရာယ်တွေဘယ်လောက်မြန်မြန်တစ်ဆင့်ပြီးတစ်ဆင့်ဖြစ်ပေါ်လာနိုင်တယ်ဆိုတာ ပြသခဲ့ပါတယ်။အထူးသဖြင့် တောင်ကြားကျဉ်းပြီး တောင်စောင်းတွေမတ်စောက်တဲ့ဒေသတွေမှာရေ၊ကျောက်နဲ့မြေသားတွေအစုလိုက်အပြုံလိုက်ဆင်းလာရင်ကြိုတင်သတိပေးပြီးလူတွေကိုရွှေ့ပြောင်းဖို့အချိန်အလွန်နည်းနိုင်ပါတယ်။တရုတ်ဘက်ကလည်းဒီဖြစ်ရပ်မှာမြေစီးရဲ့အရှိန်ဟာတစ်စက္ကန့်ကို ၅၀မီတာခန့်အထိရှိနိုင်ခဲ့တာကြောင့်တုံ့ပြန်ဖို့ အချိန်အလွန်နည်းခဲ့တယ်လို့ ပြောထားပါတယ်။

Public Service Announcement
ရေ၊ ရွှံ့နဲ့ ကျောက်တုံးတွေဟာ ဘိုးတေးကိုရှီ (Bhote Koshi) မြစ်စနစ်ထဲကို ဆက်လက်ဝင်ရောက်သွားပြီးလူနေအိမ်တွေ၊လမ်းတွေ၊ တံတားတွေနဲ့ အခြေခံအဆောက်အအုံတွေကို ဖျက်ဆီးခဲ့ပါတယ်။နိပေါ အစိုးရဘက်ကလည်း ရေဘေးသင့်ဒေသတွေမှာ လူသေဆုံးမှုနဲ့ ပျောက်ဆုံးသူအရေအတွက် အလွန်မြင့်မားနေကြောင်း ထုတ်ပြန်ထားပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ တိဘက် ဘက်မှာလည်း အခြေအနေက မကောင်းပါဘူး။
အခု ရေဘေးမဖြစ်ခင် သုံးလခန့်အလို၊မေလ ၂၇ ရက်တုန်းက နိပေါ နဲ့ တရုတ်တာဝန်ရှိသူတွေတွေ့ဆုံပြီးရေခဲမြစ်နဲ့ဆက်စပ်တဲ့သဘာဝဘေးအန္တရာယ်တွေ၊ရေကြီးမှုနဲ့ အရေးပေါ် သတိပေးစနစ်တွေပိုကောင်းလာအောင် ဘယ်လိုပူးပေါင်းမလဲဆိုတာ ဆွေးနွေး ခဲ့ကြပါတယ်။ Reuters ရဲ့ ဖော်ပြချက်အရ နိပေါ ဘက်က ရေခဲမြစ်တွေရဲ့ရွေ့လျားမှုနဲ့ မြစ်ရေမျက်နှာပြင်အမြင့်ပြောင်းလဲမှုဆိုင်ရာအချက်အလက်တွေကိုအချိန်နှင့်တပြေးညီ ပိုမိုရရှိချင်တယ်လို့တောင်းဆိုခဲ့ပါတယ်။တရုတ်ဘက်ကတော့ မိုးရာသီခန့်မှန်းချက်နဲ့ ရေကန်စောင့်ကြည့်မှုဆိုင်ရာ အချက်အလက်တွေကို မျှဝေခဲ့တယ်လို့ ဆိုပါတယ်။
ဒီဖြစ်ရပ်ကိုကြည့်ပြီးဟိမဝန္တာတောင်တန်းရဲ့ ရေကို ဘယ်သူက ထိန်းချုပ်မှာလဲဆိုတာက အရေးကြီးလာပါတယ်။အဲဒါကနိပေါမှာဖြစ်ခဲ့တဲ့ရေဘေးတခုတည်းအတွက်မဟုတ်ပါဘူး။တိဘက်ကုန်းပြင်မြင့်မှာတရုတ်က တည်ဆောက်နေတဲ့ အလွန်ကြီးမားတဲ့ရေအားလျှပ်စစ်စီမံကိန်း၊ အဲဒီအပေါ် အိန္ဒိယက တန်ပြန်ပြီး စီစဉ်နေတဲ့ဆည်စီမံကိန်းတွေနဲ့နောက်ဆုံးမှာအဲဒီမြစ်တွေကို မှီခိုနေရတဲ့ ဘင်္ဂလားဒေ့ရှ်အထိဆက်စပ်နေတဲ့အရေးကိစ္စပဲဖြစ်ပါတယ်။နိပေါဖြစ်ရပ်ကပိုကြီးမားတဲ့ ပြဿနာတစ်ခုကိုရှင်းရှင်းလင်းလင်းပြလိုက်ပါတယ်။ ဟိမဝန္တာရဲ့သဘာဝရေစနစ်ဟာနိုင်ငံနယ်နိမိတ်ကိုမသိပါဘူး။တောင်ပေါ်မှာဖြစ်တဲ့ ရေခဲမြစ်ပေါ်က ရေခဲထုကြီး ပြိုကျမှု တစ်ခုဟာ တစ်နိုင်ငံထဲမှာပဲ ရပ်မနေဘဲ မြစ်ကြောင်းအတိုင်း အောက်ဘက်ကို ဆက်ပြီး သက်ရောက်နိုင်ပါတယ်။
ဒါကြောင့် ဒီနေ့ ဟိမဝန္တာအတွက်အရေးကြီးတာက “အန္တရာယ်ကို ဘယ်လောက်စောစော သိနိုင်မလဲ၊ သိလာတဲ့သတင်းကို မြစ်အောက်ပိုင်းနိုင်ငံတွေဆီကိုဘယ်လောက်မြန်မြန်ပေးနိုင်မလဲ”ဆိုတာဖြစ်လာပါတယ်။ရေကို ထိန်းချုပ်နိုင်တဲ့နိုင်ငံထက်ရေအန္တရာယ်နဲ့ပတ်သက်တဲ့ အချက်အလက်ကိုဘယ်သူကပိုကောင်းကောင်းထိန်းချုပ်ထားသလဲ။ဒါကအနာဂတ်မှာပို ပိုပြီး အရေးကြီးလာနိုင်ပါတယ်။
တိဘက်ဒေသမှာယာ လွန်းဆန်ပိုး(Yarlung Tsangpo)လို့ခေါ်တဲ့မြစ်ဟာအိန္ဒိယနိုင်ငံအာရုဏာချယ်လ် ပရာဒေ့ရှ် (Arunachal Pradesh) ပြည်နယ်ထဲကို ဝင်ရောက်ပြီးနောက်ပိုင်းမှာ စီယန်း/ဒီဟန်မြစ်(Siang/Dihang)လို့ခေါ်ဆိုပြီးနောက်ပိုင်းမှာဗြဟ္မပုတ္တရ(Brahmaputra)မြစ်ဖြစ်လာပါတယ်။အဲဒီမြစ်ဟာတိဘက်အရှေ့တောင်ပိုင်း၊နမ်ချာဘာဝါ(Namcha Barwa)တောင်ပတ်လည်မှာမြင်းခွာပုံစံနီးပါး အကြီးအကျယ်မဟာအကွေ့ကြီး(Great Bend) ကွေ့သွားပါတယ်။ မြစ်က အဲဒီအကွေ့ကြီး အနီး ယာလွန်း ဆန်ပိုးလျှို ကို ဖြတ်သန်းရာမှာ ကီလိုမီတာ ၅၀ ခန့်အတွင်းအမြင့်မီတာ ၂,၀၀၀ ခန့် ကျဆင်းသွားပါတယ်။ ဒီလို ရေစီးနှုန်းနဲ့ အမြင့်ကွာခြားမှု ကြီးမားတဲ့ အခြေအနေဟာ ရေအားလျှပ်စစ် ထုတ်လုပ်ရေးအတွက် အလွန်ကောင်းမွန်တဲ့ သဘာဝအခြေအနေတစ်ခု ဖြစ်ပါတယ်။ အဲဒီအခြေအနေကို အသုံးချဖို့ တရုတ်နိုင်ငံဟာ ယာလွန်းဆန်ပိုးရဲ့မြစ်အောက်ပိုင်းမဟာအကွေကြီးအနီးကတိဘက်ဒေသမှာ ကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ်စီမံကိန်းတွေထဲက တစ်ခုဖြစ်လာမယ့် မဟာရေအားလျှပ်စစ်စီမံကိန်းကို၂၀၂၅ခုနှစ် ဇူလိုင်လမှာစတင်တည်ဆောက်ခဲ့ပါတယ်။
အဲဒီနေရာဟာ အိန္ဒိယရဲ့အာရုဏာချယ်လ် ပရာဒေ့ရှ် ပြည်နယ်နဲ့ အလွန်နီးပါတယ်။ အချို့သတင်းတွေမှာဆည်တည်မယ့်နေရာကနယ်စပ်နဲ့ ၅၀ km ဝန်းကျင် လောက်သာရှိတယ်လို့ ဖော်ပြပါတယ်။ပြီးတော့ဆည်တည်မယ့်နေရာအောက်မှာ ပိုင်ကျန် ပြတ်ရွေ့ကြောင်း (Paizhen Fault)ဆိုတဲ့တက်ကြွနေတဲ့ပြတ်ရွေ့ကြောင်းရှိနိုင်တယ်ဆိုတဲ့စိုးရိမ်ချက်လည်းရှိပါတယ်။ ဒီနေရာက ငလျင်လှုပ်ရှားမှုများတဲ့ ဟိမဝန္တာဒေသဖြစ်လို့ဆည်ရဲ့ခိုင်ခန့်လုံခြုံရေးကအခုနောက်ပိုင်းမှာပိုပြီးဆွေးနွေးလာတဲ့ အကြောင်းအရာ ဖြစ်ပါတယ်။
မဟာဆည်ကလျှိုသုံးခုရေကာတာ(Three Gorges Dam)လိုတစ်နေရာတည်းမှာနံရံကြီးတစ်ခုတည်းပိတ်ပြီးဆောက်တာမျိုးမဟုတ်ပါဘူး။ ဒီ စီမံကိန်း က ရေအားလျှပ်စစ်စက်ရုံ ၅ ခုကို အဆင့်ဆင့် ပုံစံနဲ့ ဆောက်မှာဖြစ်ပြီး၊ နမ်ချာ ဘာဝါ တောင်တန်းအတွင်းက အလွန်ရှည်လျားတဲ့ ရေပြောင်းဥမင်တွေ အသုံးပြုပြီး မြစ်ရဲ့ အမြင့်ကျဆင်းမှုကို လျှပ်စစ်ထုတ်ဖို့အသုံးချမယ့်ဒီဇိုင်းပါ။မြစ်ရေ၊ရေဝင်ပေါက်၊တောင်ထဲကရေပြောင်းဥမင်၊ရေအားလျှပ်စစ်စက်ရုံ၊ မြစ်ထဲ ပြန်ဝင် ဆိုတဲ့ အဆင့်ဆင့်ပုံစံမျိုးဖြစ်ပါတယ်။မြစ်ကြောင်းတစ်လျှောက်ရေအားလျှပ်စစ်စက်ရုံ၅ခုကို အပေါ်ကနေ အောက်ဘက်အထိ အဆင့်ဆင့်တည်ဆောက်ပြီးရေစီးအားကိုတစ်နေရာပြီးတစ်နေရာဆက်လက်အသုံးချမယ့်စီမံကိန်းဖြစ်ပါတယ်။စီမံကိန်းရဲ့ လျှပ်စစ်ထုတ်လုပ်နိုင်စွမ်းက ၆၀,၀၀၀ MW ဝန်းကျင် ရှိမယ်လို့ ဖော်ပြထားပါတယ်။ ဒါကို အခု လက်ရှိအကြီးဆုံး လျှိုသုံးခုဆည် နဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် လျှိုသုံးခုဆည် ရဲ့ ၂၂,၅၀၀ MW ထက် အကြမ်းဖျင်း ၂.၇ ဆလောက် ရှိပါတယ်။
တရုတ်အတွက် ဒီစီမံကိန်းဟာ တိဘက်ဒေသ ဖွံ့ဖြိုးရေး၊ ပြန်လည်ပြည့်ဖြိုးနိုင်သော စွမ်းအင် ထုတ်လုပ်မှု တိုးချဲ့ရေးနဲ့ တရုတ်ပြည်အတွင်း လျှပ်စစ်လိုအပ်ချက် ဖြည့်ဆည်းရေးတို့နဲ့လည်း ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် တိဘက်အရေး လှုပ်ရှားသူတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေ အတွက်တော့မတူပါဘူး။ ဒေသခံတွေရဲ့ သဘောတူညီမှု၊ မြေတွေ၊ ရွာတွေ၊ ယဉ်ကျေးမှုနေရာတွေ၊ ဘာသာရေးအဆောက်အအုံတွေနဲ့ရိုးရာအသက်မွေးဝမ်းကျောင်းတွေ ထိခိုက်လာမယ့်ဆုံးရှုံးမှု၊ တိဘက်အတွက် အရေးကြီးတာဟာ ဆည်ကြီးကနေ လျှပ်စစ်ဘယ်လောက်ထုတ်နိုင်မလဲဆိုတာတင်မဟုတ်ဘဲ၊အဲဒီစီမံကိန်းကြောင့်ဖြစ်လာမယ့် အကျိုးကျေးဇူးတွေကို ဒေသခံတွေ ဘယ်လောက်အထိ ခံစားရမလဲနဲ့ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုဘဝအပေါ် ထိခိုက်မှုတွေကို ဘယ်လို လျှော့ချမလဲ ဆိုတာလည်း ဖြစ်ပါတယ်။
တိဘက်ဒေသအတွင်းအခြားရေအားလျှပ်စစ် စီမံကိန်းတွေနဲ့ ပတ်သက်ပြီးရွာတွေရွှေ့ပြောင်းရတာ၊ဘာသာရေးနဲ့ ယဉ်ကျေးမှုနေရာတွေ ထိခိုက်တာတွေအပေါ် ဆန့်ကျင်မှုတွေ ရှိခဲ့ပါတယ်။၂၀၂၄ ခုနှစ်မှာ တိဘက်၊ ဒဲဂေး (Dege/Kamtok) ဒေသရှိ ရေအားလျှပ်စစ်စီမံကိန်းတွေကြောင့် ရွာတွေ ရွှေ့ပြောင်းရနိုင်မှု၊ ဘာသာရေးနဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေ ထိခိုက်နိုင်မှုအပေါ် ဒေသခံတွေက ဆန္ဒပြကန့်ကွက်ခဲ့ကြပါတယ်။ဒါကြောင့်ယာလွန်း ဆန်ပိုး မြစ်ပေါ်က ဧရာမ ရေအားလျှပ် စစ်စီမံကိန်းကြီးကိုဆွေးနွေးတဲ့အခါလျှပ်စစ်ဘယ်လောက်ထုတ်မလဲ ဆိုတာတစ်ခုတည်း ကြည့်လို့မရပါဘူး။ ဒေသခံတွေအတွက် လူမှုရေးကုန်ကျစရိတ် ဘယ်လောက်ရှိမလဲ ဆိုတာကိုလည်းထည့်စဉ်းစားဖို့လိုပါတယ်။
တရုတ်အစိုးရဘက်ကဒီလိုအခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေးစီမံကိန်း တွေကို ဖွံ့ဖြိုးရေး၊ သန့်ရှင်းသော စွမ်းအင် (clean energy) နဲ့ ဒေသစီးပွားရေးအတွက် အရေးကြီးတယ်လို့ မြင်ပါတယ်။ ဒါပေမယ့် မြစ်အောက်ပိုင်းနိုင်ငံတွေအတွက်တော့ သက်ရောက်ပုံခြင်းကမတူပါဘူး။ဒီလောက်ကြီးမားတဲ့ စီမံကိန်းကြီးတစ်ခု တည်ဆောက်တဲ့အခါ မြစ်အောက်ပိုင်းနိုင်ငံတွေ ဘယ်လောက်သိခွင့်ရှိပြီး ဘာတွေသက်ရောက်နိုင်သလဲဆိုတဲ့စိုးရိမ်စိတ်တွေပါပဲ။
တရုတ်က အထက်ပိုင်းမှာ ရေအရင်းအမြစ်ကို ပိုမိုထိန်းချုပ်လာနိုင်တဲ့အခြေအနေမှာ အိန္ဒိယကလည်းကိုယ့်ဘက်မှာရေသိုလှောင်နိုင်စွမ်း၊ရေစီးကြောင်းစီမံခန့်ခွဲမှုနဲ့ ရေအားလျှပ်စစ်ထုတ်လုပ်နိုင်စွမ်းကိုမြှင့်တင်ပြီး မဟာဗျူဟာအရ တန်ပြန်ဖို့ ကြိုးစားလာပါတယ်။အဓိကစီမံကိန်းကစီယန်မြစ်အထက်ပိုင်းဘက်စုံသုံးစီမံကိန်းပါ။လက်ရှိအဆိုပြုချက်တွေအရဒီစီမံကိန်းရဲ့လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်စွမ်းက ၁၁,၀၀၀ ကနေ ၁၁,၂၀၀ MW ဝန်းကျင် ရှိနိုင်ပြီး အကြီးစားရေလှောင်ကန် ပါဝင်မယ့် စီမံကိန်း ဖြစ်ပါတယ်။ အိန္ဒိယမှာရှိတဲ့ ရေအားလျှပ်စစ်ထုတ်လုပ်ရေးရဲ့ အကြီးဆုံးဆည် ဖြစ်လာမှာပါ။ အိန္ဒိယအစိုးရနဲ့ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းရှိ အာရုဏာချယ်လ်ပရာဒေ့ရှ် ပြည်နယ်အစိုးရဘက်ကလည်းတရုတ်ရဲ့ယာလွန်းဆန်ပိုးစီမံကိန်းကြောင့်ဖြစ်လာနိုင်တဲ့ ရေအန္တရာယ်တွေအတွက် မဟာဗျူဟာအရ အရေးကြီးတယ်လို့ မြင်ထားပါတယ်။
ဒါပေမယ့်အိန္ဒိယရဲ့ဆည်ကိုလည်း ဒေသခံတွေက ကန့်ကွက်နေကြပါတယ်။ဒေသခံတွေရဲ့ ဆန့်ကျင်မှုရှိနေတယ်။ စီယန်မြစ်အထက်ပိုင်းဒေသခံတွေအတွက်တော့တရုတ်ကို တန်ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်တစ်ခုတည်းနဲ့ သူတို့ရဲ့ မြေတွေ၊ ရွာတွေကို ရေအောက်ထည့်ဖို့ လက်ခံဖို့ မလွယ်ပါဘူး။ ၂၀၂၆ ဧပြီလမှာဖြစ်ရပ်မှန် စုံစမ်းဖော်ထုတ်ရေးအဖွဲ့ တစ်ခုက စီမံကိန်းကြောင့် ရွာ ၂၀ ကျော် အပြည့်အဝ ရေအောက်ရောက်နိုင်ပြီး ရွာ ၅၀ ကျော် တိုက်ရိုက်၊ သွယ်ဝိုက် ထိခိုက်နိုင်တယ်လို့ ဒေသခံတွေရဲ့ စိုးရိမ်ချက်တွေကို ဖော်ပြခဲ့ပါတယ်။
ဇွန်လမှာတော့ စီမံကိန်း အတွက် အကောင်အထည် ဖော်နိုင်မနိုင် ပဏာမလေ့လာဆန်းစစ်မှုကို ထောက်ခံတဲ့ MoU လက်မှတ်ရေးထိုးထားတဲ့ အိမ်ထောင်စုတွေနဲ့စီမံကိန်း ဆန့်ကျင်သူတွေကြား တင်းမာမှုတွေ ဖြစ်လာပြီး အိမ်အများအပြား ဖျက်ဆီးခံရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်က အရေးကြီးတဲ့ အချက်တစ်ခုကို ပြနေပါတယ်။ တရုတ်ကို တန်ပြန်ဖို့ အိန္ဒိယက ဆည်ဆောက်ချင်တယ်။ဒါပေမယ့် အိန္ဒိယပြည်တွင်းက ဒေသခံတချို့ကလည်း “ကျွန်တော်တို့ရဲ့ မြေကို မစတေးချင်ဘူး” လို့ ပြန်ပြောနေကြတယ်။
နောက်ဆုံးမှာ ဘင်္ဂလားဒေ့ရှ် ရောက်လာပါတယ်။မြစ်ရဲ့ ခရီးကို အပေါ်ကနေ အောက်ကို ကြည့်မယ်ဆိုရင် တိဘက်၊ အာရုဏာချယ်လ် ပရာဒေ့ရှ်၊ အာသံ (Assam)၊ ဘင်္ဂလားဒေ့ခ်ျ ဆိုတဲ့လမ်းကြောင်းကိုတွေ့ရပါတယ်။ တရုတ်ကအထက်ပိုင်းမှာရေကိုစီမံပါတယ်။အိန္ဒိယက အလယ်ပိုင်းမှာ ရေကို စီမံပါတယ်။ နောက်ဆုံး ဘင်္ဂလားဒေ့ရှ်က အောက်ပိုင်းမှာ အဲဒီဆုံးဖြတ်ချက်တွေရဲ့ ရလဒ်ကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် ဘင်္ဂလားဒေ့ရှ်အတွက် က အထက်ပိုင်းနိုင်ငံတွေမှာ ရေကို အသုံးချခွင့်ရှိသလို အောက်ပိုင်းနိုင်ငံတွေရဲ့ ရေအခွင့်အရေးကို ကာကွယ်ရမယ် ဆိုတာပါပဲ။ ရေစီးနှုန်း၊အနည်အနှစ်၊ ရေလွှတ်မှု၊ ရေကြီးမှုနဲ့ ခြောက်သွေ့ရာသီ ရေရှားပါးမှုတွေဟာ နယ်စပ်တစ်ခုမှာ ရပ်မနေပါဘူး။
ဒီလို ဧရာမဆည်ကြီးတစ်ခုပျက်စီးမှုကြီးများ ဖြစ်ခဲ့မယ်ဆိုရင်လည်းအထိခိုက်ဆုံးနေရာက ဆည်တည်ဆောက်ထားတဲ့တိဘက်ဒေသ ဖြစ်လာနိုင်ပါတယ်။ ဆည်အတွင်း စုဆောင်းထားတဲ့ ရေထုကြီး ရုတ်တရက် လွတ်ထွက်လာနိုင်တာကြောင့် အောက်ပိုင်းဒေသတွေမှာ ရုတ်တရက်ရေကြီးမှု၊ မြေပြိုမှုနဲ့ မြေသား၊ ကျောက်သား၊ အပျက်အစီးတွေ အစုလိုက်စီးဆင်းမှု ဖြစ်လာနိုင်ပါတယ်။ မြစ်ကမ်းနားက ကျေးရွာတွေ၊ လမ်းတွေ၊ တံတားတွေနဲ့ အခြေခံအဆောက်အအုံတွေ ထိခိုက်ပျက်စီးနိုင်ပြီး လူအသေအပျောက်နဲ့ နေရာရွှေ့ပြောင်းရမှုတွေ ဖြစ်လာနိုင်ပါတယ်။
ရေစီးကြောင်းဟာယာလွန်းဆန်ပိုးမြစ်အတိုင်း အောက်ဘက်ကို ဆက်လက်စီးဆင်းပြီး အိန္ဒိယနိုင်ငံ အာရုဏာချယ်လ် ပရာဒေ့ရှ် ထဲကိုရောက်ရှိလာနိုင်ပါတယ်။ အဲဒီမှာလည်း ရေကြီးမှုနဲ့ မြေပြိုမှုတွေကြောင့်လူနေအိမ်၊ လမ်း၊တံတားနဲ့လျှပ်စစ်ဆိုင်ရာအခြေခံအဆောက်အအုံတွေအကြီးအကျယ်ထိခိုက်နိုင်ပါတယ်။ အဲဒီနောက် အာသံဒေသကို ဖြတ်သန်းတဲ့ ဗြဟ္မပုတ္တရမြစ်ဝှမ်းမှာ ရေကြီးရေလွှမ်းမှု ပိုမိုပြင်းထန်လာနိုင်ပြီး စိုက်ပျိုးမြေတွေနဲ့ လူနေထူထပ်တဲ့ ဒေသတွေကို ထိခိုက် နိုင်ပါတယ်။ရေစီးကြောင်းကဆက်လက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုရောက်ရှိလာနိုင်တာကြောင့်အဲဒီဒေသတွေမှာလည်းရေကြီးရေလွှမ်းမှုနဲ့လူမှုစီးပွားရေးထိခိုက်မှုတွေဖြစ်လာနိုင်ပါတယ်။
အနာဂတ်အန္တရာယ်က ဆည်ပျက်တာတစ်ခုတည်း မဟုတ်ပါဘူး။ ယာလွန်း ဆန်ပိုး မဟာဆည် ကို ပြောတိုင်းလူတွေအများဆုံးစဉ်းစားမိတာက“ဆည်ကြီးပျက်သွားရင် ဘာဖြစ်မလဲ” ဆိုတာပါ။ ဒါပေမယ့် ပိုပြီး လက်တွေ့ကျတာတွေ ရှိပါတယ်။ ဆည်ပုံမှန်လည်ပတ်နေတဲ့အချိန်မှာ ရေစီးပုံ ပြောင်းလဲသွားမှာ၊ မိုးရာသီမှာ ရေများလွန်းလာရင် စီမံနိုင်ဖို့၊ ခြောက်သွေ့ရာသီမှာ အောက်ပိုင်းရေစီးနှုန်း အခြေအနေ၊ အနည်အနှစ် စီးဆင်းမှုပြောင်းလဲသွားမှာ၊ ငလျင်၊ မြေပြိုမှု နဲ့ ရေခဲမြစ်ဆိုင်ရာ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ရင် ဘယ်သူက ဘယ်သူ့ကို ဘယ်လောက်စောစော သတိပေးမလဲ။ ဒါတွေကပိုပြီးလက်တွေ့ကျပါတယ်။
အခု နိပေါရေဘေးမှာအဓိကအကြောင်းရင်းဟာ ဆည်မဟုတ်ဘဲ သဘာဝဘေး တစ်ဆင့်ပြီးတစ်ဆင့် ဆက်တိုက်ဖြစ်ပေါ်ခြင်း ပါ။ ဒါပေမယ့် အဲဒီသဘာဝဘေးက တစ်ချိန်တည်းမှာပဲ နောက်ထပ် အရေးကြီးတဲ့ အားနည်းချက်တစ်ခုကိုလည်း ပြလိုက်ပါတယ်။ အဲဒါကတော့ နိုင်ငံဖြတ်ကျော် ကြိုတင်သတိပေးစနစ်ပါ။ နိပေါကတောင်အမြင့်ပိုင်းမှာဖြစ်ပေါ်နေတဲ့ အန္တရာယ်ကိုအချိန်မီသိနိုင်ဖို့ တရုတ်ဘက်က အချိန်နဲ့တပြေးညီ အချက်အလက် ပိုမိုရရှိချင်တယ်လို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့်သဘာဝဘေးက ရုတ်တရက်တကယ် ဖြစ်လာတဲ့အခါ နိုင်ငံတစ်နိုင်ငံရဲ့ သတိပေးစနစ် တစ်ခုတည်းနဲ့ မလုံလောက်နိုင်ပါဘူး။
ရေကိုထိန်းချုပ်ဖို့ဆည်တွေချည်းလိုတာမဟုတ်ပါဘူး။ အန္တရာယ်ကို အတူတကွ စောင့်ကြည့်ဖို့စနစ်တစ်ခုလည်းလိုပါတယ်။ တရုတ်နဲ့ အိန္ဒိယ ကြားမှာ ဗြဟ္မပုတ္တရ/ယာလွန်း ဆန်ပိုး အပေါ် ရေမဟာဗျူဟာပြိုင်ဆိုင်မှုကလည်း ရှိလာနိုင်ပါတယ်။ ဒါပေမယ့် ဒီကိစ္စကို “ရေစစ်ပွဲ” လို့ပဲ မြင်လိုက်ရင် ပြဿနာရဲ့ တစ်ဝက်ကိုပဲမြင်ရပါလိမ့်မယ်။“ရေစစ်ပွဲထက်ရေအရင်းအမြစ်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုက ပိုအရေးကြီးလာပါပြီ။
တကယ်လိုအပ်တာကတော့ အချိန်နှင့်တပြေးညီ ရေအခြေအနေဆိုင်ရာ အချက်အလက်တွေကို မျှဝေခြင်း၊ ရေခဲမြစ်တွေရဲ့ အခြေအနေကို စောင့်ကြည့်၊ရရှိတဲ့ အချက်အလက်တွေကို မျှဝေခြင်း၊သဘာဝဘေးအန္တရာယ် ကြိုတင်သတိပေးစနစ်တွေကို အချင်းချင်း ချိတ်ဆက်ခြင်း၊ ဆည်တွေရဲ့ ရေထိန်းချုပ်လည်ပတ်မှုဆိုင်ရာ အချက်အလက်တွေကို ပိုမိုပွင့်လင်းစွာ မျှဝေခြင်း၊ ငလျင်နဲ့ မြေပြိုမှုအန္တရာယ်တွေကို ကြိုတင်အကဲဖြတ်ခြင်း၊ မြစ်အောက်ပိုင်းမှာ နေထိုင်တဲ့ ဒေသခံလူထုတွေကို ဆုံးဖြတ်ချက်ချမှတ်တဲ့ လုပ်ငန်းစဉ်တွေမှာ ပါဝင်ခွင့်ပေးခြင်း၊ စီမံကိန်းကြောင့် ထိခိုက်နစ်နာရတဲ့ ဒေသခံတွေအတွက် ထိရောက်တဲ့ နစ်နာကြေးပေးခြင်းနဲ့ နေရာပြန်လည်ချထားပေးခြင်း၊ နိုင်ငံနယ်နိမိတ်ဖြတ်ကျော် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုဆိုင်ရာ ပူးတွဲအကဲဖြတ်မှုတွေ ပြုလုပ်ခြင်းတို့ ဖြစ်ပါတယ်။ဒီအရာတွေမရှိဘဲဆည်ကြီးတွေတည်ဆောက်လာမယ်ဆိုရင်လျှပ်စစ်ပိုရနိုင်ပေမယ့်ယုံကြည်မှုက ပိုနည်းလာနိုင်ပါတယ်။
ဟိမဝန္တာဟာ တစ်နိုင်ငံတည်းပိုင်တဲ့ တောင်တန်းမဟုတ်ပါဘူး။ တောင်ပေါ်မှာ ရေခဲကျတာက တစ်နိုင်ငံရဲ့ ပြဿနာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အဲဒီရေက မြစ်ကြောင်းအတိုင်း အောက်ကို ဆင်းလာပြီဆိုရင် နိုင်ငံအများအပြားရဲ့ ပြဿနာ ဖြစ်လာပါတယ်။ တိဘက်မှာ တရုတ်က ဆုံးဖြတ်ပါတယ်။အာရုဏာချယ်လ် ပရာဒေ့ရှ် မှာ အိန္ဒိယက ဆုံးဖြတ်ပါတယ်။အောက်ပိုင်းမှာဘင်္ဂလားဒေ့ရှ်ကခံစားရပါတယ်။
နိပေါ ရေဘေးကနေ နောက်ထပ် မြင်နိုင်ခဲ့တာတခုကတော့ သဘာဝဘေးက နယ်စပ်ကို မသိသလို ရေကလည်း နိုင်ငံရေးနယ်နိမိတ်ကို မလိုက်ပါဘူး။ ဒါကြောင့် အနာဂတ် ဟိမဝန္တာအတွက် အရေးကြီးဆုံးက “ဟိမဝန္တာရဲ့ ရေကို ဘယ်သူပိုင်တယ်” ဆိုတာ မဟုတ်တော့ဘဲ “ဟိမဝန္တာရဲ့ ရေကို ဘယ်သူတွေ အတူတကွ စီမံနိုင်မလဲ”ဆိုတာဖြစ်လာနေပါပြီ။
နိပေါ ရေဘေးက လူထောင်ဂဏန်း သေဆုံး၊ ထောင်နဲ့ချီ ပျောက်ဆုံးနေတဲ့ အဖြစ်ဆိုးတစ်ခုတည်း မဟုတ်ပါဘူး။ ရာသီဥတုပြောင်းလဲမှု၊ ရေခဲမြစ်တွေရဲ့ မတည်ငြိမ်မှုနဲ့ ဧရာမဆည်ကြီးတွေ တည်ဆောက်ဖော်ဆောင်မှု၊ ဒေသခံအခွင့်အရေးနဲ့ နိုင်ငံဖြတ်ကျော်ရေစီမံခန့်ခွဲမှုတွေ တစ်နေရာတည်းမှာ ဆုံလာပြီဆိုတဲ့ သတိပေးချက်တစ်ခုလည်း ဖြစ်ပါတယ်။ ဟိမဝန္တာရဲ့ ရေကတော့ အောက်ကို ဆက်စီးနေဦးမှာပါ။ အဲဒီရေနောက်ကို လူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကပါ လိုက်နိုင်မလားဆိုတာပဲ ဖြစ်ပါတယ်။
ကိုးကား – Reuters၊ Xinhua၊ The Indian Express၊ Government of China / State Council — Yarlung Zangbo hydropower project groundbreaking, July 19, 2025.

















































