Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘုန်ကြီးကျောင်းငွေအလွဲသုံးမှုနဲ့အဖမ်းခံရတဲ့ထိုင်းဘုန်းကြီးနဲ့ အမျိုးသမီးကို ချုပ်ရက်ရမန်ယူ

ဘုန်းတော်ကြီးကျောင်း ရန်ပုံငွေ ဘတ်သန်း ၁၀၀ ကျော် အလွဲသုံးစား လုပ်ခဲ့ကြောင်း စွပ်စွဲခံထားရတဲ့ ကျောင်းထိုင် ဘုန်းကြီးနဲ့ အမျိုးသမီးကို ထိုင်းတရားရုံး တစ်ခု ရှေ့မှောက်ကို ပို့ဆောင်ပြီး ချုပ်ရက် ရမန်ယူခဲ့ပါတယ်။

ဓာတ်ပုံ - Bangkok Post

စက်တင်ဘာ – ၁၁ ၊ ၂၀၂၆

ဘုန်းတော်ကြီးကျောင်း ရန်ပုံငွေ ဘတ်သန်း ၁၀၀ ကျော် အလွဲသုံးစား လုပ်ခဲ့ကြောင်း စွပ်စွဲခံထားရတဲ့ ကျောင်းထိုင် ဘုန်းကြီးနဲ့ အမျိုးသမီးကို ထိုင်းတရားရုံး တစ်ခု ရှေ့မှောက်ကို ပို့ဆောင်ပြီး ချုပ်ရက် ရမန်ယူခဲ့ပါတယ်။

ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့မှာ အဆောင်လက်ဖွဲ့တွေ စီရင်ပေးမှုအတွက် နာမည်ကြီးတဲ့ ဝတ်ဖုထိုင်ဆာဝမ် ဘုန်းကြီးကျောင်းရဲ့ ကျောင်းထိုင် ဆရာတော် ဖရာဝမ် ချိုင်ရာယန်ကို စက်တင်ဘာ ၁၀ ရက်နေ့ မနက်ပိုင်းမှာ ရဲတပ်ဖွဲ့က ဝင်ရောက် ဖမ်းဆီးခဲ့ပါတယ်။

စစ်ဆေးမှုတွေအရ အဲဒီ ဘုန်းကြီးဟာ ဘုန်းကြီးကျောင်း ရန်ပုံငွေထဲက ဘတ်သန်း ၁၀၀ လောက်ကို လျှို့ဝှက်ထုတ်ယူပြီး ကိုယ်ကျိုးအတွက် အသုံးပြုခဲ့သလို အမျိုးသမီး တစ်ဦးဆီကိုလည်း လွှဲပြောင်းပေးခဲ့ကြောင်း တွေ့ရှိလာပါတယ်။ ပြီးတော့ အသက် ၆၆ နှစ်အရွယ် ကျောင်းထိုင်ဟာ အသက် ၄၇ နှစ်အရွယ်အမျိုးသမီး ပွန်ယာဗီ ရွန်ရောင်နဲ့ လိင်ပိုင်းဆိုင်ရာ ဆက်ဆံရေးတွေ ရှိနေကြောင်းလည်း ရဲတွေက စစ်ဆေး တွေ့ရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဘုန်းကြီးကျောင်းထဲက သစ်သားစားပွဲဝိုင်း တစ်ခုပေါ်မှာ အဲဒီနှစ်ယောက်ကြား မဖွယ်မရာ ဖြစ်နေတဲ့ လုံခြုံရေး ကင်မရာ မှတ်တမ်း ဗီဒီယိုကလည်း လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့လာပါတယ်။ ထိုင်းမှာသာ မကဘဲ ဒေသတွင်း နိုင်ငံတွေကပါ စိတ်ဝင်တစား စောင့်ကြည့်လာရတဲ့ အဲဒီ မှုခင်းအတွက် အဓိက သံသယရှိသူ နှစ်ဦးကို စက်တင်ဘာ ၁၀ ရက်နေ့ ညနေပိုင်းမှာပဲ အယုဒ္ဓယ တရားရုံး တစ်ခုမှာ ချုပ်ရက်ရမန် ယူစေခဲ့တာ ဖြစ်ပါတယ်။ ဖရာဝမ်ကိုတော့ လူဝတ်လဲစေပြီး ဖြစ်ပါတယ်။

ကျောင်းထိုင်ဟောင်းဟာ အလွဲသုံးစားမှု၊ ဥပဒေချိုးဖောက်ရာရောက်တဲ့ တာဝန်ပျက်ကွက်မှု၊ ငွေကြေးခဝါချမှု၊ ငွေကြေးခဝါချမှုမှာ ပူးပေါင်းကြံစည်မှုတွေနဲ့ စွဲချက်တင် ခံထားရပါတယ်။ ပွန်ယာဗီကတော့ အလွဲသုံးစားမှုမှာ ပူးပေါင်းကြံစည်မှု၊ ငွေကြေးခဝါချမှု၊ လူမှုစံနှုန်းတွေနဲ့ မညီတဲ့ အပြုအမူတွေ ကျူးလွန်မှုအတွက် စွဲချက်တင် ခံထားရပါတယ်။

သူတို့နှစ်ဦးစလုံးအတွက် စုံစမ်းစစ်ဆေးမှုတွေက မပြီးဆုံးသေးတာကြောင့် ရဲတွေက တရားရုံးမှာ ချုပ်ရက်ရမန်ရဖို့ လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။ နှစ်ယောက်စလုံးဟာ ထွက်ပြေးသွားနိုင်တာရော၊ သက်သေ အထောက်အထားတွေ ဖျောက်ဖျက်ဖို့ အားထုတ်နိုင်တာကြောင့်ပါ အာမခံလည်း ငြင်းပယ်ခြင်း ခံခဲ့ရပါတယ်။

ရဲတွေက အစောပိုင်းမှာ အလွဲသုံးစားမှု စုစုပေါင်း တန်ဖိုးကို ဘတ် ၉၂ သန်းလို့ ခန့်မှန်းခဲ့ပြီး နောက်တော့ ဘတ်သန်း ၁၀၀ ကျော်လိမ့်မယ်လို့ ပြင်ဆင် သတ်မှတ်ခဲ့ပါတယ်။ ဒါ့အပြင် စုံစမ်းစစ်ဆေးမှုတွေ ပြီးဆုံးရင် အဲဒီကိန်းဂဏန်းဟာ ဘတ်သန်း ၂၀၀ ကျော်လောက်ထိ မြင့်တက်လာတာမျိုး ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

သတင်းစာ ရှင်းလင်းပွဲမှာတော့ ရဲတပ်ဖွဲ့က ဘုန်းတော်ကြီးနဲ့ အမျိုးသမီးကြား မကြားဝံ့မနာသာ ဆက်ဆံရေးမျိုး ရှိနေကြောင်း ဇူလိုင် ၁၅ ရက်နေ့မှာ တစ်စုံတစ်ယောက်က တိုင်တန်းလာလို့ စုံစမ်းရင်း နောက်ဆက်တွဲ ငွေကြေး မသမာမှုတွေကို ခြေရာခံမိလာကြောင်း ပြောပါတယ်။ ပွန်ယာဗီဟာ အလုပ်အကိုင် မယ်မယ်ရရ မရှိပေမယ့် ငွေကြေး အများအပြား သုံးဖြုန်းနေနိုင်ခြင်းက ရဲတွေကို စပြီး သင်္ကာမကင်း ဖြစ်လာစေခဲ့ပါတယ်။

စုံစမ်းမှုတွေအရ ဖရာဝမ်ဟာ အမျိုးသမီးနဲ့ လိင်ပိုင်းဆိုင်ရာ ရှုပ်ထွေးမှု ရှိခဲ့တာ သေချာလို့ ဗုဒ္ဓသာသနာ စည်းမျဉ်း သတ်မှတ်ချက်တွေအရ ပါရာဇိကကျပြီး ရဟန်းဘဝကို ဆုံးရှုံးခဲ့ပြီး ဖြစ်တယ်လို့လည်း ရဲတွေက အတည်ပြုခဲ့ပါတယ်။

ရဲတွေက ပွန်ယာဗီရဲ့ ဘဏ်အကောင့်နဲ့ ငွေကြေး လွှဲပြောင်းမှုတွေကို စုံစမ်းကြည့်တဲ့အခါ လွန်ခဲ့တဲ့ ၂နှစ်အတွင်း ဝင်ငွေရပေါက်ရလမ်း မပြနိုင်ပေမယ့် တန်ဖိုးကြီး ပစ္စည်းတွေ ဝယ်ယူခဲ့တာကို တွေ့ရှိလာပါတယ်။

အဲဒီထဲမှာတော့ ဘတ် ၄ သန်းလောက်တန်တဲ့ အိမ် ၂ လုံးအပြင် Toyota Fortuner ကားတစ်စီးလည်း ပါဝင်ခဲ့ပါတယ်။ ပြီးတော့ ဘဏ်ထဲမှာလည်း ငွေသား ဘတ် ၅ သန်းလောက် သိမ်းဆည်းထားပါသေးတယ်။

ပြီးတော့ ပွန်ယာဗီဟာ တချို့ပိုင်ဆိုင်မှုတွေကို သမီးဖြစ်သူရဲ့ နာမည်နဲ့ မှတ်ပုံတင်ပြီး စာရင်းဖျောက် လှည့်စားဖို့ ကြိုးစားခဲ့ဟန်ရှိကြောင်း ရဲတွေက ပြောပါတယ်။ အမှုနဲ့ ဆက်စပ်ပြီး ပိုင်ဆိုင်မှုတွေ အားလုံးကို လိုက်လံ စစ်ဆေးကြည့်တဲ့အခါ ငွေသားတွေ၊ ရွှေချောင်းတွေ အပါအဝင် ဘတ် ၂၀၅.၂ သန်းဖိုးလောက်ထိ စာရင်းရထားပါတယ်။ အဲဒါတွေ အားလုံးဟာ အလွဲသုံးစားမှုနဲ့ ဆက်စပ်မှု ရှိမရှိ ဆိုတာကို ရဲတွေက ဆက်ပြီး စစ်ဆေးနေပါတယ်။

အမှုနဲ့ ပတ်သက်ပြီး လူမှုကွန်ရက် မီဒီယာတွေပေါ်မှာ အတော်လေး မျှဝေနေကြတဲ့ ကိစ္စတစ်ခုကတော့ ကျောင်းထိုင်ဟောင်းနဲ့ ကြံရာပါ အမျိုးသမီးတို့ လိင်ဆက်ဆံခဲ့ရာ သစ်သား စားပွဲဝိုင်းကြီးကို ရဲတွေက သယ်ထုတ်သွားတဲ့ ဓာတ်ပုံတွေပါပဲ။

အဲဒီ စားပွဲကြီးဟာ ဘုန်းကြီးကျောင်းထဲမှာ ဆက်ပြီး မရှိသင့် မရှိအပ်တော့ဘူးလို့ ယူဆတဲ့အတွက် ဘုရားကျောင်း ဂေါပက အဖွဲ့ရဲ့ မေတ္တာရပ်ခံချက်အရ မှုခင်းတိုက်ဖျက်ရေး ရဲအရာရှိတွေက သိမ်းယူသွားခဲ့တာပါ။ စားပွဲဝိုင်းကြီးကို ဖျက်ဆီးမလား၊ တစ်ခုခုအတွက် အသုံးချမလား ဆိုတာကိုတော့ လောလောဆယ် မသိရသေးပါဘူး။

ကိုးကား – Bangkok Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဘတ်ငွေ ၉၂ သန်းကျော် အလွဲသုံးစားပြုမှုနဲ့ ထိုင်းနိုင်ငံက ကျောင်းထိုင် ဘုန်းတော်ကြီးတစ်ပါးကို ရဲတွေက ဖမ်းဆီးထားလိုက်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားတွေရဲ့ ဩဇာ လွှမ်းမိုးမှုနဲ့ စီးပွားရေး လက်ဝါးကြီးအုပ်မှုတွေကို ဆန့်ကျင်ဖို့၊ အဲဒီကိစ္စအတွက် ထိုင်းအစိုးရက ပိုပြီး ထိထိရောက်ရောက် ကိုင်တွယ် ဆောင်ရွက်အောင် ဖိအားပေးဖို့အတွက် ‘ထိုင်းနိုင်ငံကို ပြန်ယူကြ’ (Take Back Our Thailand’ဆိုတဲ့ လှုပ်ရှားမှုကို အကောင်အထည် ဖော်သွားမယ်လို့ ဝါရင့်...

နိုင်ငံတကာ

ရေတပ်သားတွေ အပန်း‌ဖြေ အနားယူဖို့အတွက် ထိုင်းနိုင်ငံ၊ ပတ္တယားမြို့ဆီ ရောက်ရှိနေခဲ့တဲ့ အမေရိကန် လေယာဉ်တင် သင်္ဘောကြီး USS Abraham Lincolnဟာ အခုအခါ ဆိပ်ကမ်းကနေ ပြန်လည် ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ ကမ်းခြေမြို့ ပတ္တယားမှာ အပန်းဖြေ ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ အမေရိကန် တပ်ဖွဲ့ဝင် ၅၀၀၀ ကျော်လောက်ဟာ ၅ ရက်အတွင်း ဘတ်ငွေ သန်း ၁၀၀ (အမေရိကန်ဒေါ်လာ ၃ သန်းကျော်)လောက် သုံးစွဲမယ်လို့ မြို့ရဲ့ အာဏာပိုင်တွေက မျှော်လင့်ထားပါတယ်။