စက်တင်ဘာ ၁၅၊ ၂၀၂၆။ ခိုင်မြတ်/People’s Spring
ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်မှာ အောင်သုခရွာမှ မောင်ပေါက်စချေဟာ အိမ်နီးချင်းဖြစ်တဲ့ မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်၊ အလောင်းဖျောက်ခဲ့တာဖြစ်ပြီး အဲဒီအမှုကို ငါးလဝန်းကျင်ကြာ စစ်ဆေးပြီးနောက် စက်တင်ဘာ ၄ ရက်မှာ အခုလို ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။
အဲဒီအမှုမှာ တရားလိုပြသက်သေ ၇ ဦးနဲ့ တရားခံဘက်က ခံပြသက်သေ ၄ ဦးတို့ကို စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ မောင်ပေါက်စချေဟာ သက်ငယ်မုဒိမ်းမှု၊ ပစ္စည်းလုယက်မှု၊ လူသတ်မှု၊ အလောင်းဖျောက်မှုတို့နဲ့ တရားစွဲ ဆိုခံခဲ့ရတာဖြစ်ပေမယ့် တရားရုံးကတော့ လူသတ်မှုနဲ့ မုဒိမ်းမှုတို့အတွက်သာ ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

Public Service Announcement
အဲဒီလိုပြစ်မှုကျူးလွန်တဲ့ မောင်ပေါက်စချေဟာ အသက် ၁၆ သာရှိသေးပြီး အသက်မပြည့်သေးတာကြောင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေပြဌာန်းချက်တွေအရ အရွယ်ရောက်ပြီးသူတွေအပေါ် ချမှတ်နိုင်တဲ့ ပြစ်ဒဏ်တွေအတိုင်း ချမှတ်နိုင်ခြင်းမရှိဘဲ ထောင်ဒဏ် ၁၀ နှစ်သာ ချမှတ်တာလို့ သိရပါတယ်။
အဓမ္မပြုကျင့်၊ သတ်ဖြတ်ပြီးနောက် အလောင်းဖျောက်ဖျက်ရာမှာ ကြံရာပါအဖြစ် ပူးပေါင်းပါဝင်ခဲ့တယ်လို့ ဒေသခံတွေနဲ့ မိသားစုဝင်တွေပြောထားတဲ့ မောင်ပေါက်စချေရဲ့ မိခင်ကိုတော့ ရဲစခန်းကရော တရားရုံးကပါ ပြန်လွှတ်ပေးခဲ့ပါတယ်။
အမှုဖွင့်စမှာတော့ မောင်ပေါက်စချေနဲ့ သူ့မိခင်ဖြစ်သူတို့ကိုပါ ဖမ်းဆီးထားခဲ့ပေမယ့် တလကျော်အကြာမှာ မိခင်ဖြစ်သူကို ရဲက ပြန်လွှတ်ပေးခဲ့တာပါ။
အဲဒီလို ရဲက လွှတ်ပေးလိုက်တဲ့အတွက် အဓမ္မပြုကျင့်ခံရသူကလေးငယ်ရဲ့ မိသားစုဖြစ်တဲ့ တရားလိုဘက်က မကျေနပ်တာကြောင့် တရားရုံးမှာ ထပ်တိုးသက်သေ ၆ ဦး တင်သွင်းပြီး ထပ်မံစစ်ဆေးဖို့ တောင်းဆိုခဲ့ကာ ထပ်မံစစ်ဆေးရာမှာလည်း အလောင်းဖျောက်ကြောင်း ခိုင်လုံတဲ့အထောက်အထားမရှိလို့ဆိုကာ ထပ်လွှတ်ပေးခဲ့ပါတယ်။
“ကောင်လေးက အသက်မပြည့်သေးလို့ ပြစ်ဒဏ်အပြည့်မကျတာက နားလည်လို့ရသေးတယ်။ အလိုတူအလိုပါဖြစ်တဲ့ သူ့အမေကိုတော့ အရေးယူဖို့လိုတယ်”လို့ အဲဒီအမှုအကြောင်း သိထားပြီး မိသားစုနဲ့ နီးစပ်တဲ့ မောင်တောဒေသခံတစ်ဦးက ပြောပါတယ်။
အဲဒီလိုကျူးလွန်သူရဲ့မိခင်ကို ပြန်လွှတ်ပေးလိုက်တဲ့အပေါ် အဆင့်မြင့်တရားရေးဌာနကို ဆက်လက်တိုင်ကြားသွားမယ်လို့ တရားလိုမိသားစုဝင်တွေနဲ့ နီးစပ်သူတွေက ပြောကြပါတယ်။ မောင်ပေါက်စချေနဲ့ မိခင်တို့ဟာ အဓမ္မပြုကျင့်၊ သတ်ဖြတ်ထားတဲ့ ကလေးငယ်ကို အိတ်နဲ့ထုတ်ပိုးကာ အလောင်းဖျောက်ခဲ့တာလို့ မိသားစုဝင်တွေက ဆိုထားပါတယ်။
အခုလို ထောင်ဒဏ် ၁၀ နှစ် ချမှတ်တဲ့အပေါ်မှာ ရခိုင်ဒေသခံလူငယ်အမျိုးသမီးတဦးက “အဓမ္မပြုကျင့်ခံရတဲ့ ကလေးက တအားလည်းငယ်သေးတယ်၊ ကြားရတာတောင် ရင်ထဲဆို့ပါတယ်။ တရားခံကို ထောင် ၁၀နှစ်ဆိုတာက ကျွန်မအနေနဲ့ ပြောရင်တော့ မကျေနပ်ဘူး ၊ဒီထက် ပိုကြီးတဲ့အပြစ်ပေးစေချင်တယ်၊ နောက်လူတွေလည်း မကျုးလွန်ရဲအောင်”လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်က ပုဏ္ဏားကျွန်းမြို့နယ်မှာ အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံရတဲ့ အမှုမှာတော့ စစ်တွေ ခရိုင်တရားရုံးက ကျူးလွန်သူကို သေဒဏ်ချမှတ်ခဲ့ပြီး ပူးပေါင်းကြံစည်ခဲ့သူနှစ်ဦးကို ထောင်ဒဏ် နှစ် ၂၀ စီ ချမှတ်ခဲ့ပါတယ်။ ဒါ့အပြင် ကျောက်တော်မြို့နယ်အတွင်းက ၁၄ နှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့သူကိုလည်း ထောင်ဒဏ် နှစ် ၃၀ ချမှတ်ခဲ့ပါတယ်။

















































