နိုက်ဂျီးရီးယား နိုင်ငံမှာ လောင်စာပိုက်လိုင်း တစ်ခုကနေ ဆီခိုးဖို့ ကြိုးစားရာက အဆိပ်အတောက် ဓာတ်ငွေ့တွေ ရှူမိပြီး လူ ၄၀ နီးပါး သေဆုံးခဲ့ပါတယ်။
ရေးဗားစ် ပြည်နယ်ထဲက ဆီသွယ်တန်းထားတဲ့ ပိုက်လိုင်းတစ်ခုကနေ ညအချိန် ဆီခိုးထုတ်ဖို့ ကြိုးစားသူ ၃၇ ဦး သေဆုံးပြီး ပျောက်ဆုံးနေသူတွေလည်း ရှိတယ်လို့ အာဏာပိုင်တွေက ကြေညာခဲ့ပါတယ်။ စက်တင်ဘာ ၃ ရက် မနက်အစောပိုင်း အရုဏ် မတက်ခင် မှောင်ကြီးမည်းကြီး အချိန် အော့ကရီကာ မြို့က အိုကာရီ ဆိပ်ကမ်းနားမှာ လူပေါင်း ၁၀၀ လောက်ဟာ လှေငယ်တွေကို အသုံးပြုပြီး လောင်စာဆီ ပိုက်လိုင်းကို ချဉ်းကပ်ခဲ့ပါတယ်။ အဲဒီပိုက်လိုင်းဟာ ဘွန်နီမြစ်ကို ဖြတ်ပြီး သွယ်တန်းထားတာပါ။
အဲဒီနောက် သူတို့ဟာ တွန်းအားပြင်းပြင်းနဲ့ ပို့လွှတ်နေတဲ့ လောင်စာဆီတွေကို လှေတွေပေါ် ပြောင်းသယ်ရင်း အဆိပ်အတောက် အငွေ့တွေ ရှူမိကုန်တာလို့ ဒေသခံ လူမှုကူညီရေး အသင်းတစ်သင်းဖြစ်တဲ့ လူငယ်နဲ့ သဘာဝ ပတ်ဝန်းကျင် စောင့်ရှောက်ရေးစင်တာ (YEAC)က ထုတ်ပြန်ပါတယ်။
အဲဒီဖြစ်စဉ်အတွင်း လူပေါင်း ၃၇ ဦး သေဆုံးပြီး အရေအတွက် အတိအကျ မသိရတဲ့ လူတွေလည်း မြစ်ထဲကို ပြုတ်ကျပြီး ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။ ကယ်ဆယ်ရေးတွေက မူးဝေအော့အန်နေသူတွေကို ဆေးရုံပို့ဆောင်ခဲ့သလို ပျောက်ဆုံးသူ ဘယ်လောက်များသလဲ ဆိုတာကို အတိအကျ သိနိုင်ဖို့လည်း ကြိုးစားနေပါတယ်။

Public Service Announcement
အာဖရိကတိုက်ရဲ့ ရေနံအထွက် အကြွယ်ဝဆုံး နိုင်ငံတစ်ခုဖြစ်တဲ့ နိုက်ဂျီးရီးယားမှာတော့ ဆီခိုးမှုတွေဟာ ဆယ်စုနှစ်တွေနဲ့ချီ ဖြေရှင်းလို့ မရဘဲ တည်တံ့နေခဲ့တဲ့ ပြဿနာ တစ်ခုပါ။ ရေးဗားစ်ဟာ နိုက်ဂျီးရီးယား တောင်ပိုင်းက ရေနံနဲ့ သဘာဝ ဓာတ်ငွေ့သိုက်တွေ ကြွယ်ကြွယ်ဝဝ ပျံ့နှံ့တည်ရှိတဲ့ ပြည်နယ်တွေထဲမှာ ပါဝင်ပါတယ်။
ဘွန်နီမြစ်ထဲမှာ ဆီခိုးဖို့ ကြိုးစားရင်း ကိုယ်ကျိုးနည်းခဲ့သူတွေကတော့ PMSလို့ ခေါ်ဝေါ်တဲ့ ချက်လုပ်ပြီးဆီ တစ်မျိုးရဲ့ အဆိပ်အတောက်ပါတဲ့ အငွေ့တွေကို အလုံးအရင်း ရှူရှိုက်ခဲ့မိတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
နိုက်ဂျီးရီးယား လုံခြုံရေးနဲ့ ပြည်သူ့ကာကွယ်ရေးဌာန (NSCDC)ကတော့ ပြည်သူလူထု အနေနဲ့ ကိုယ်တိုင် ဘေးအန္တရာယ် ကျရောက်နိုင်တဲ့ ဆီခိုးယူမှုတွေ မလုပ်ကြဖို့ သတိပေး တိုက်တွန်းခဲ့ပါတယ်။
နိုက်ဂျီးရီးယား အစိုးရဟာ ၂၀၃၀ ပြည့်နှစ်မှာ တစ်နေ့ကို ရေနံစည်ပေါင်း ၃ သန်းထိ ထုတ်လုပ်နိုင်ဖို့ မျှော်လင့်နေပါတယ်။ ဒါပေမဲ့ အဲဒီ ရည်မှန်းချက် ပြည့်မြောက်လာအောင် ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်ဖို့ အတွက်ကတော့ ပြည်တွင်းက လုံခြုံရေး အခြေအနေတွေ တိုးတက်လာဖို့နဲ့ စည်းမျဉ်းတွေ ပြုပြင်ပြောင်းလဲဖို့ အရင်ဆုံး လိုအပ်နိုင်ကြောင်း ပညာရှင်တွေက ပြောကြားထားပါတယ်။
ကိုးကား: BBC

















































