ဥဂ္ဂါ ရေးသားသည်။
“မင်းတို့ သားသမီးတွေကို အရည်အသွေးတစ်ခုခု ပေးနိုင်မယ်ဆိုရင် ဘာကို ရွေးမလဲ။”
ဉာဏ်ကောင်းတာလား၊ ကရုဏာစိတ်ရှိတာလား၊မိဘကိုအရမ်းရိုသေတာလား၊ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် စည်းကမ်းတကျ ထိန်းသိမ်းနိုင်တဲ့ အရည်အသွေးလား။
ဆစ်ဒနီတက္ကသိုလ်က စီးပွားရေးပညာရှင်ဒက်ဘိုရာကော့ဘ်ကလတ် (Deborah Cobb-Clark)ကတော့တခြားအဖြေတစ်ခု ပေးထားပါတယ်။အဲဒါကတော့ “Internal Locus of Control” လို့ခေါ်တဲ့ “မိမိဘဝနဲ့ ကံကြမ္မာကို မိမိကိုယ်တိုင် ပုံဖော်နိုင်တယ်၊ ကိုယ့်ရွေးချယ်မှုနဲ့ ကိုယ့်လုပ်ရပ်တွေက ကိုယ့်ဘဝကို အဓိက သက်ရောက်စေတယ်”လို့ယုံကြည်တဲ့ စိတ်ဓာတ်ပါပဲ။ ဒီသဘောတရားကို ၁၉၆၀ ပြည့်နှစ်တွေမှာ စိတ်ပညာရှင်ဂျူလီယမ်ရော်တာ (Julian Rotter) က စတင်ဖော်ထုတ်ခဲ့ပြီး၊ အခုခေတ်မှာ ပြောလေ့ရှိတဲ့”ကိုယ်တိုင် ဆုံးဖြတ်လုပ်ကိုင်နိုင်စွမ်း” နဲ့လည်းနီးနီးကပ်ကပ် ဆက်စပ်နေပါတယ်။

Public Service Announcement
ဒီစိတ်ဓာတ်ရှိတဲ့သူတွေကကိုယ့်ဘဝရဲ့ ရလဒ်အများစုဟာ ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ့်ကြိုးစားမှုအပေါ် မူတည်တယ်လို့ ယုံကြည်ကြပါတယ်။ အဲဒီလိုမဟုတ်သူတွေ ပြင်ပအင်အားများက မိမိဘဝကို ဆုံးဖြတ်ပေးနေသည်ဟု ယုံကြည်သည့်စိတ် (External Locus of Control)ရှိသူတွေကတော့ကံတရား၊ရေစက်၊
အခြေအနေတွေ၊ ဒါမှမဟုတ်တခြားလူတွေကပဲ သူတို့ဘဝကို ဆုံးဖြတ်ပေးနေတယ်လို့ ပိုယုံကြည်တတ်ကြပါတယ်။
ဒီလို “ကိုယ့်ဘဝကို ကိုယ်တိုင် ပြောင်းလဲနိုင်တယ်” လို့ ယုံကြည်တဲ့စိတ်ဟာ အလွန်အသုံးဝင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကြိုးစားချင်စိတ်ကို ပိုဖြစ်စေလို့ပါ။
ကော့ဘ်ကလတ်ရဲ့ သုတေသနမှာ ဂျာမနီက အလုပ်လက်မဲ့ ဖြစ်သွားသူတွေကို လေ့လာကြည့်တဲ့အခါ ကံတရားကိုသာ အပြစ်ပုံချတတ်သူတွေဟာ ကိုယ့်အားကိုယ်ကိုးစိတ်ရှိသူတွေလောက် အလုပ်မရှာ ကြတာကို တွေ့ရပါတယ်။ ကိုယ့်လုပ်ရပ်နဲ့ ရလဒ်ဟာ မဆိုင်ဘူးလို့ ယုံကြည်နေမယ်ဆိုရင် “ဘာလို့ အချိန်ကုန်ခံပြီး အလုပ်လိုက်ရှာရဦးမှာလဲ” လို့ တွေးပြီး ကံ သို့မဟုတ် တယောက်ယောက်ရဲ့ အကူအညီကိုသာ ထိုင် စောင့်နေကြလို့ပါပဲ။
ဒါ့အပြင် ဒီလိုစိတ်ဓာတ်ဟာ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်းနဲ့ပါ ဆက်စပ်နေပါတယ်။ ကိုယ့်အားကိုယ်ကိုး စိတ်ဓာတ်ရှိတဲ့ အိမ်ထောင်စုတွေဟာ စုဆောင်းငွေ ပိုများကြပါတယ်။
ရည်ရွယ်ချက်တွေကိုလည်းလက်တွေ့အကောင်အထည် ဖော်နိုင်ကြပြီး စီးပွားရေးစတင်ဖို့ စိတ်ကူးရှိသူ တွေကိုလည်း လက်တွေ့ ရင်းနှီးမြှုပ်နှံသူတွေ ဖြစ်လာစေပါတယ်။ ဒီစိတ်ဓာတ်က ကိုယ့်ရဲ့ နောင်လာနောက်သားတွေ အထိတောင် အကျိုးသက်ရောက်ပါတယ်။
စပိန်နိုင်ငံကသုတေသနတစ်ခုအရကိုယ့်အားကိုယ်ကိုးစိတ်ရှိတဲ့ မိခင်တွေဟာ ကလေးကို ပြုစုပျိုးထောင်ရာမှာ ပိုပြီး အားစိုက်ကြိုးစားကြတယ်လို့ဆိုပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့က “ကလေးအတွက်ဒီနေ့ ငါပေးလိုက်တဲ့ အချိန်နဲ့ ကြိုးစားမှုဟာ နောင်တစ်ချိန်မှ အသီးအပွင့်ဖြစ်လာမယ် အကျိုးပြန်ပေးမယ်” လို့ ယုံကြည်ကြလို့ပါ။
ဒါပေမဲ့ကံတရားကိုသာပုံချတတ်တဲ့သူတွေကတော့”ကလေးတွေရဲ့ဘဝက ကံစီမံရာပဲ၊ ကလေးတွေကကံပါလာရင် ဘာမှလုပ်လို့ရတာမှ မဟုတ်တာ”လို့တွေးတတ်ကြပါတယ်။
ဒီလို စိတ်ဓာတ်မျိုးကလူတစ်ယောက်ချင်းစီမှာ ရှိနေတဲ့ပမာဏမတူညီကြပါဘူး။ ကော့ဘ်ကလတ် ကတော့ ကိုယ့်အားကိုယ်ကိုးစိတ် လုံးဝမရှိတဲ့သူ အနည်းငယ်အတွက် ပိုစိုးရိမ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပုံမှန်အားဖြင့်မှာတောင် လူအများစုဟာ ကိုယ့်အခြေအနေကို ကိုယ်တိုင် ပြောင်းလဲနိုင်တဲ့ စွမ်းအားရှိတယ်ဆိုတာကို လျှော့တွက်တတ်ကြလို့ပါ။
ကိတ်ဟောလ်(Cate Hall) ရေးသားတဲ့ စာအုပ်ထဲမှတေ့ာ ကိုလံဘီယာတက္ကသိုလ်ရဲ့ သုတေသန တစ်ခုကို ကိုးကားထားပါတယ်။ လူတွေဟာ တခြားသူဆီက အကူအညီတောင်းရင် ငြင်းခံရမယ်လို့ ထင်တတ်ကြပေမဲ့ လက်တွေ့မှာတော့မှန်းထားတာထက်အများကြီးပိုကူညီပေးကြပါတယ်။စမ်းသပ်ချက်ကလမ်းညွှန်မေးတာ၊ဖုန်းခဏငှားသုံးတာတွေကိုသွားအကူညီတောင်းကြည့်တဲ့အခါ တကယ်ကူညီတဲ့သူ အရေအတွက်က မှန်းထားတာထက် အများကြီး ပိုများနေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
အကြောင်းကတော့လူတွေကအရမ်း သဘောကောင်းလို့ မဟုတ်ဘဲ၊ တိုက်ရိုက်လာတောင်းတဲ့သူကို ငြင်းဖို့ အားနာကြလို့ ဖြစ်ပါတယ်။ ဒီစမ်းသပ်မှုက သက်သေပြလိုက်တာကတော့ ကိုယ်တိုင် လက်တွေ့မလုပ်ကြည့်ခင် ကိုယ့်အခွင့်အရေးကိုကိုယ်တိုင်လျှော့မတွက်ဖို့ ပါပဲ။
နောက်ထပ် စမ်းသပ်မှုတစ်ခုမှာတော့ ချီကာဂိုတက္ကသိုလ်က စီးပွားရေးပညာရှင် စတီဗင်လီဗစ် (Steven Levitt) ဟာ အပြောင်းအလဲအတွက် ဆုံးဖြတ်ရခက်နေသူတွေကို အကြွေစေ့မြှောက်ပြီး ရလဒ်အတိုင်း ဆုံးဖြတ်ကြည့်ဖို့ စမ်းသပ်ခဲ့ပါတယ်။အကြွေစေ့ကျလို့ဆုံးဖြတ်ချက်အသစ်ချဖို့ ထွက်လာတဲ့သူတွေဟာ အရင်အတိုင်း ပုံမှန်ပဲ ဆက်နေတဲ့သူတွေထက် ပိုပြီး ပျော်ရွှင်ကြတာကို တွေ့ရပါတယ်။ ဒါက လူအများစုဟာ အပြောင်းအလဲက အကျိုးရှိနိုင်တာကို သိနေပေမယ့် ကံကြမ္မာရဲ့ အချက်ပေးမှုတစ်ခုလို ခံစားရတဲ့ တွန်းအားတစ်ခု မရမချင်း မိမိကံကြမ္မာကို မိမိကိုယ်တိုင် ဖန်တီးဖို့ သတ္တိနည်းနေကြတာပါ။
ဒီလို ဘဝကို ကံတရားဆီ ပုံချလိုက်တဲ့ စိတ်ဓာတ်ဟာလူတစ်ယောက်ချင်းစီကိုတင် မဟုတ်ဘဲ အဖွဲ့အစည်းတွေကိုပါ ထိခိုက်စေပါတယ်။ တရုတ်နိုင်ငံ ရှန်ကျန်းမြို့ ကစက်ရုံတွေကို လေ့လာကြည့်တဲ့အခါ ကိုယ့်အားကိုယ်ကိုးစိတ် ရှိတဲ့ ဝန်ထမ်းတွေဟာ AI နည်းပညာကို သင်ယူရမယ့် စွမ်းရည်တစ်ခုလို မြင်ပြီး သူတို့ရဲ့ အတွေ့အကြုံတွေကို ဝေမျှဖို့ ဝံ့ရဲကြပါတယ်။ ဒါပေမဲ့ ကံတရားပုံချတဲ့သူတွေကတော့ AI ကို သူတို့အလုပ်ကို လာလုမယ့် ခြိမ်းခြောက်မှု လို့ မြင်ပြီး သတင်းအချက်အလက်တွေကို လျှို့ဝှက်ထားတတ်ကြပါတယ်။
ဒါဆို မန်နေဂျာတွေ ဘာလုပ်သင့်သလဲ။
အလုပ်ခန့်ကတည်းကဒီစိတ်ဓာတ်ရှိ၊မရှိ စစ်ဆေးလို့ ရပါတယ်။ AI သုတေသနပညာရှင် အန်ဒရေးကာပသီ (Andrej Karpathy) က “ရဲရင့်စွာ ဆုံးဖြတ်လုပ်ကိုင်နိုင်စွမ်းဟာ ဉာဏ်ရည်ထက်တောင် ပိုမိုအားကောင်းပြီး ရှားပါးသလို ပိုလည်း တန်ဖိုးလည်းရှိပါတယ်” လို့ ပြောဖူးပါတယ်။အဖွဲ့အစည်းတွေအနေနဲ့ လက်တွေ့အကောင်အထည် ဖော်နိုင်သူတွေကို ထိုက်ထိုက်တန်တန် ဆုချသင့်သလို၊ ဝန်ထမ်းတွေကိုလည်း ကိုယ်တိုင် စဉ်းစားဆုံးဖြတ်ပြီး တာဝန်ယူလုပ်ဆောင်ရဲတဲ့ ယဉ်ကျေးမှုကို ဖန်တီးပေးသင့်ပါတယ်။
ဒါပေမယ့် “ခွင့်ပြုချက်တောင်းမနေနဲ့၊ လွဲသွားမှ တောင်းပန်လိုက်”ဆိုတဲ့စိတ်ဓာတ်လို စည်းကမ်းနဲ့ တာဝန်ယူမှုမပါတဲ့ ရဲရင့်မှုမျိုးသက်သက် ဆိုရင်တော့ မကောင်းတဲ့ ရလဒ်တွေ ထွက်လာနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီအယူအဆရဲ့နောက်ကွယ်က”ကိုယ့်ကံကြမ္မာကို ကိုယ်တိုင် ဖန်တီးပါ” ဆိုတဲ့ ယုံကြည်ချက် ကတော့ လူတစ်ယောက်ရဲ့ဘဝကိုတိုးတက်ပြောင်းလဲစေနိုင်တဲ့ မှန်ကန်တဲ့ စိတ်ဓာတ်တစ်ခုပဲ ဖြစ်ပါတယ်။
“တကယ်တော့ လူတစ်ယောက်ရဲ့ အဖိုးတန်ဆုံး အရည်အသွေးဟာ အခြေအနေတွေက သတ်မှတ်ပေးတဲ့ဘဝကို ကံကြမ္မာအဖြစ်သာ လက်ခံမနေဘဲ၊ ကြုံတွေ့ရတဲ့ အခက်အခဲတွေကြားကနေ မိမိဘဝရဲ့ လမ်းကြောင်းကို ကိုယ်တိုင်ရွေးချယ် ကြိုးပမ်းမှုများဖြင့် ပုံဖော်နိုင်ခြင်း”ပဲ ဖြစ်ပါတယ်။
ကိုးကား – The Economist


















































