ငြိမ်း ရေးသားသည်။
ကင်ဆာနဲ့ပတ်သက်ရင်ကျွန်တော်တို့ဆီ ရောက်လာတတ်တာက သတင်းဆိုးချည်းဖြစ်ပါတယ်။ ဘယ်သူကတော့ ဘယ်ကင်ဆာအမျိုးအစားနဲ့ ဘာဖြစ်နေပြီဆိုတာမျိုးပေါ့။ အဲဒီထက်ဆိုးတဲ့သတင်းဆိုရင်တော့ လပိုင်းပဲခံတော့မယ်၊ ရက်ပိုင်းပဲခံတော့မယ်၊ သေသွားပြီဆိုတဲ့သတင်းမျိုးကြားကြရပါမယ်။
ဒီကနေ့ကာလမှာ ကင်ဆာနဲ့ပတ်သက်တဲ့ သတင်းတွေ၊ အကြောင်းအရာတွေဟာ နေ့စဉ်နီးပါး မကြားချင်လဲ ကြားရ၊ မသိချင်လည်း သိနေရ၊ မကြုံချင်လည်း ကြုံနေရတဲ့ အခြေအနေတစ်ရပ်အထိ ရောက်လာပါတယ်။
ကင်ဆာရောဂါ နဲ့ ဆုံးပါးသွားကြရတဲ့ ထင်ရှားကျော်ကြားသူတွေရဲ့ နာရေးသတင်းတွေဟာလည်း ဆက်တိုက်ဆိုသလိုပါပဲ။နောက်ကြောင်းပြန်ကြည့်လို့ မှတ်မိသလောက်ဆို မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်၊ ကရင်အမျိုးသားအစည်းအရုံး(KNU) ဒုတိယဥက္ကဋ္ဌဟောင်း ပဒိုနော်စီဖိုးရာစိန်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်းဦးဦးလှစော၊ စာရေးဆရာအကြည်တော်၊ စာရေးဆရာငြိမ်းအေးအိမ်၊ စာရေးဆရာမောင်သာချို၊ဒါရိုက်တာ မင်းထင်ကိုကိုကြီး စတဲ့သူတွေဟာကင်ဆာနဲ့ပဲ ဘဝကို ဇာတ်သိမ်းသွားကြရတာပါ။

Public Service Announcement
နိုင်ငံ့ခေါင်းဆောင်တွေထဲကဆိုရင် ဗြိတိန်ရဲ့တတိယမြောက်ချားလ်စ်ဘုရင်၊ အမေရိကန်သမ္မတဟောင်းဂျိုးဘိုင်ဒန်တို့ဟာလည်း ကင်ဆာရောဂါကို ခံစားနေကြရပါတယ်။ ဒီကနေ့ကာလမှာဆိုရင် ထင်မှတ်မထားတဲ့ အသက်အပိုင်းအခြား တွေဖြစ်တဲ့ ဆယ်ကျော်သက်အရွယ်တွေမှာလည်း ကင်ဆာဖြစ်ပွားမှုက အတော်လေးများလာတာကို လေ့လာချက် တွေကနေ သိရသလို ကလေးငယ်တွေကိုတောင် အဲဒီကင်ဆာကခြိမ်းခြောက်လာနေပါတယ်။
အခုဆိုမိသားစုတွေထဲမှာတောင် ကင်ဆာနဲ့ကင်းကွာတဲ့ မိသားစုရယ်လို့ခပ်ရှားရှားအခြေအနေဖြစ်လာပါပြီ။စာရေးသူတို့မိသားစုအဝန်းအဝိုင်းထဲကို ကြည့်မယ်ဆိုရင်လည်း ကင်ဆာနဲ့သေဆုံးခဲ့ရတဲ့ ဆွေမျိုးတွေ မနည်းတော့ ပါဘူး။ ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ၊ အဆုပ်ကင်ဆာစတဲ့ ကင်ဆာအမျိုးအစားလည်း စုံပါတယ်။ ကင်ဆာကြောင့်ပဲ မျက်စိအောက်တင် ပျောက်ကွယ်သွားကြရတဲ့ အသိမိတ်ဆွေ၊သူငယ်ချင်းတွေမနည်းတော့ပါဘူး။ပတ်ဝန်းကျင်မိသားစုတွေထဲမှာလည်း ကင်ဆာကြောင့် စိတ်ဒုက္ခရောက်ရသူ၊ ကင်ဆာကြောင့် ဝေဒနာခံစား နေရသူ များစွာကို တွေ့မြင်နေရပါတယ်။
ဒီကင်ဆာရဲ့ခြိမ်းခြောက်မှု၊ကင်ဆာရဲ့အန္တရာယ်တွေနဲ့ပတ်သက်ပြီးလည်းမကြာသေးခင်ကမှ သတင်းမီဒီယာတွေ ကနေ ဆောင်းပါးတွေ၊ သတင်းတွေ တွင်တွင်ကျယ်ကျယ်ထုတ်လုပ်ဖော်ပြခဲ့ကြပါသေးတယ်။ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO)နဲ့အပြည်ပြည်ဆိုင်ရာကင်ဆာသုတေသနအေဂျင်စီ(IARC)တို့က ဇူလိုင် ၈ ရက်နေ့မှာ ပူးပေါင်းထုတ် ပြန်လိုက်တဲ့ အစီရင်ခံစာနဲ့ပတ်သက်ပြီး ကင်ဆာရဲ့ ခြိမ်းခြောက်လာမှုတွေကို ရေးခဲ့ကြတာပါ။
“၂၀၂၆ ခုနှစ် ကမ္ဘာလုံးဆိုင်ရာကင်ဆာရောဂါအခြေအနေအစီရင်ခံစာ”ခေါင်းစဉ်နဲ့ထုတ်ပြန်လိုက်တဲ့ WHO နဲ့ IARC တို့ရဲ့ အစီရင်ခံစာထဲမှာ ကင်ဆာဟာ ကမ္ဘာကို ဘယ်လောက်အထိ ခြိမ်းခြောက်လာနေသလဲဆိုတာကို မြင်ရမယ့် ကိန်းဂဏန်းအချက်အလက်တွေပါဝင်ပါတယ်။ ဒီဆောင်းပါးမှာ အဓိကပြောချင်တဲ့ ကင်ဆာသတင်းကောင်းတစ်ခု ကို မပြောပြခင် သတင်းဆိုးတချို့ကို ဦးစွာအရင် ပြောပြချင်ပါတယ်။
ကမ္ဘာတစ်ဝန်းနှစ်စဉ်ကင်ဆာလူနာသစ် ၂၀ ဒသမ ၆ သန်းလောက်တွေ့ရှိရပြီးသေဆုံးသူ ၁၀ သန်းခန့်ရှိကြောင်း၊ကင်ဆာကြောင့် နေ့စဉ်လူပေါင်း ၂၆,၀၀၀ ကျော် အသက်ဆုံးရှုံးနေပြီး ကမ္ဘာတစ်ဝန်းရှိ လူသန်းပေါင်းများစွာဟာ အဲဒီရောဂါကြောင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ ငွေကြေးပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးတွေကို ရင်ဆိုင်နေကြရကြောင်း၊ မြန်မာမှာဆိုရင်လည်း နှစ်စဉ်ကင်ဆာလူနာသစ် ၈၀,၀၀၀ ကနေ ၉၀,၀၀၀ ဝန်းကျင်ကြားတွေ့ရှိနေရပြီး သေဆုံးသူက ၆၀၀၀၀ ဝန်းကျင်ရှိကြောင်းဆိုတဲ့ ကြောက်မက်ဖွယ်ကိန်းဂဏန်းအချက်အလက်တွေကို WHO နဲ့ IARC တို့ရဲ့ အစီရင်ခံစာထဲမှာ တွေ့ရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် လာမယ့်၂၀၅၀ ခုနှစ်ဆိုရင် ကင်ဆာလူနာသစ် ၃၅ သန်းနီးပါးအထိ မြင့်တက်လာမယ်၊ ကမ္ဘာ့လူဦးရေရဲ့ ၉၂ ရာခိုင်နှုန်းခန့်ဟာ မိမိကိုယ်တိုင်ကင်ဆာဖြစ်ခြင်း ဒါမှမဟုတ် မိမိနဲ့နီးစပ်တဲ့ မိသားစုဝင်တစ်ဦးဦး ကင်ဆာဖြစ်ခြင်း ကနေတစ်ဆင့် ဒီရောဂါရဲ့ သက်ရောက်မှုကို ကြုံတွေ့ခံစားရမယ်ဆိုတဲ့ အစီရင်ခံစာထဲက ကိန်းဂဏန်းတွေဟာ လည်း ဝေဒနာကို ထပ်ဆင့်တိုးစေပါတယ်။
ကင်ဆာနဲ့ပတ်သက်တဲ့ သတင်းဆိုးတွေ ပြောပြီးပြီဆိုတော့ အခုသတင်းကောင်းဘက်ကို လှည့်လိုက်ချင်ပါတယ်။ WHO နဲ့ IARC တို့ ပူးတွဲအစီရင်ခံစာထုတ်ပြန်ခဲ့ပြီး ရက်ပေါင်း ၄၂ ရက်အကြာမှာ ထုတ်ပြန်လာတဲ့သတင်းကတော့ ကင်ဆာရောဂါကာကွယ်ဆေး စမ်းသပ်မှုနောက်ဆုံးအဆင့်အောင်မြင်ပြီဆိုတဲ့ သတင်းပါပဲ။
ကင်ဆာကာကွယ်ဆေးဆိုတာကအခုမှ စမ်းသပ်အောင်မြင်တာတော့မဟုတ်ပါဘူး။ သူ့ရဲ့ ရှေ့မှာလည်းအောင်မြင်ခဲ့တဲ့ကြိုတင်ကာကွယ်ဆေးတွေ၊ ကုသကာကွယ်ဆေးတွေရှိခဲ့ပေမယ့် အခုပြောမယ့်ဆေးက ထုတ်လုပ်မှုကုန်ကျ စရိတ်ပိုင်းမှာ ရှေ့ကဆေးတွေထက် အတော်လေးသက်သာနိုင်ပြီး ထုတ်လုပ်ရေးပိုင်းမှာလည်း မြန်မြန်နဲ့ များများ ထုတ်လုပ်နိုင်မှာမို့ လူတိုင်းလက်လှမ်းမီလာနိုင်တဲ့အခြေအနေမှာရှိနေတဲ့အတွက် ဝမ်းသာစရာသတင်းကောင်း အဖြစ် ရပ်တည်လာခဲ့တာပါပဲ။
ဒီဆေးက ကင်ဆာမဖြစ်အောင် ကြိုတင်ကာကွယ်တဲ့ဆေးမဟုတ်ဘဲကင်ဆာဖြစ်ပွားပြီးနောက်ကုသတဲ့နေရာ၊ပျံ့ပွားမှုမဖြစ်အောင်၊ ပိုမိုဆိုးဝါးမလာအောင်ကာကွယ်တားဆီးတဲ့နေရာမှာ သုံးတဲ့ဆေးဖြစ်ပါတယ်။ ဒီဆေးက ကင်ဆာပြန်လည်ဖြစ်ပွားမှုကို လျှော့ချနိုင်သလို ကင်ဆာကျိတ်ပျံ့နှံ့မှုကိုလည်း တားဆီးပေးတဲ့ စွမ်းရည်တွေနဲ့ ပြည့်မီတယ်လို့ ဆိုပါတယ်။
ဒီဆေးကို Moderna နဲ့ Merck ကုမ္ပဏီတို့က mRNA နည်းပညာကိုအခြေပြုထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ mRNA နည်းပညာအသုံးပြုကင်ဆာကာကွယ်ဆေးတွေထဲ Phase 3 ကိုပထမဆုံးစမ်းသပ်အောင်မြင်သွားတဲ့ဆေး၊ လူထောင်နဲ့ချီကိုစမ်းသပ်ထားတဲ့ဆေးလို့လည်းဆိုပါတယ်။ ဒီအဆင့်ဟာစမ်းသပ်မှုနောက်ဆုံးအဆင့်ဖြစ်ပြီး ထုတ်လုပ်မှုအပိုင်းမှာ ခွင့်ပြုချက်ရဖို့ဆိုတဲ့အဆင့်သာကျန်ပါတယ်။
ဒီကာကွယ်ဆေးနဲ့ပတ်သက်ပြီးကင်ဆာကိုအောင်နိုင်တော့မယ်လို့မျှော်လင့်တာက mRNA နည်းပညာကို အသုံးပြု ပြီး ကာကွယ်ဆေးထုတ်လုပ်နိုင်တော့မယ့်ပထမဆုံး ကင်ဆာကာကွယ်ဆေးဖြစ်ပြီး မြန်မြန်ဆန်ဆန် ထုတ်လုပ် နိုင်တဲ့ အတွက်ကြောင့် ကင်ဆာကိုကာကွယ်ကုသရာမှာ လူတိုင်းလက်လှမ်းမီနိုင်မယ့် အနေအထားကိုဖြစ်လာတာ၊ အနာဂတ်မှာ လူတွေကင်ဆာကို အနိုင်ယူလာနိုင်တော့မယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲလို့ ကျန်းမာရေးဗဟုသုတတွေကို မျှဝေပေးနေတဲ့ ဒေါက်တာသူရိန်လှိုင်ဝင်းကလည်း ဒီကင်ဆာကာကွယ်ဆေးနဲ့ပတ်သက်ပြီး သူ့ရဲ့ Facebook စာမျက်နှာကနေတစ်ဆင့် ပို့စ်တင်ပြီး အသိပေးထားပါတယ်။
“mRNA နည်းပညာဆိုတာက ကိုဗစ်ကာကွယ်ဆေးထုတ်တဲ့နည်းပညာလိုမျိုးပါ။Phase 3 စမ်းသပ်မှုအတွင်း ဒီနည်းပညာကိုအသုံးပြုပြီး အရေပြားကင်ဆာဖြတ်တောက်ထားပြီးသား လူနာတွေမှာ ကာကွယ်ဆေးဖော်တယ်။ ရလာတဲ့ ကာကွယ်ဆေးကို အဲဒီကင်ဆာလူနာတွေမှာ ထိုးပေးတယ်။ ဒီလူတွေ အရေပြားကင်ဆာ ပြန်မဖြစ်လာတော့အောင် ကာကွယ်နိုင်သွားတယ်”လို့လည်း သူက ဆိုထားပါတယ်။
အဆုတ်ကင်ဆာ၊ ဆီးအိမ်ကင်ဆာနဲ့ ကျောက်ကပ်ကင်ဆာတွေမှာပါ ဒီဆေးကို ဆက်လက်စမ်းသပ်နေပြီးနောက် ၁၀ နှစ်လောက်အတွင်းမှာ လူသားတွေကင်ဆာကို အောင်နိုင်တော့မှာပါ။ လူတိုင်း လက်လှမ်းမီတဲ့အနေအထားမှာ ကင်ဆာကုသခွင့်ရနိုင်တော့မှာပါလို့လည်း ဒေါက်တာသူရိန်လှိုင်ဝင်းက သုံးသပ်ပြထားပါသေးတယ်။
ကင်ဆာနဲ့ပတ်သက်ပြီး သတင်းဆိုးတွေထွက်လာပြီးနောက် မကြာမီမှာပဲအခုလို သတင်းကောင်းတစ်ခုကလည်း ကျွန်တော်တို့ဆီ ရောက်ရှိလာတာပဲဖြစ်ပါတယ်။ဒါဟာအထက်မှာပြောခဲ့သလိုပဲ နေ့စဉ်နီးပါး ကင်ဆာကပေးတဲ့ သတင်းဆိုးတွေကြားဖြတ်သန်းနေရသူတို့အတွက်အသက်ရှူချောင်စေတဲ့ သတင်းကောင်းတစ်ခုဖြစ်ပါတယ်။ကင်ဆာနဲ့ပတ်သက်ပြီး သတင်းကောင်းလည်း မဟုတ်သလို သတင်းဆိုးလည်းမဟုတ်တဲ့ ဝမ်းနည်းစရာသတင်း တစ်ခုနဲ့ ဒီစာကို အဆုံးသတ်ချင်ပါတယ်။
အဲဒါကတော့ WHO နဲ့ IARC တို့ရဲ့ပူးတွဲထုတ်ပြန်တဲ့အစီရင်ခံစာထဲမှာကင်ဆာအတွက် သတင်းဆိုးတွေ ဘယ်လောက်ပါနေနေ။ Moderna နဲ့ Merck တို့ဆီကနေ ထုတ်ပြန်လာတဲ့ ကင်ဆာနဲ့ပတ်သက်တဲ့ သတင်းက ဘယ်လောက်ကောင်းနေနေ ဒီကိုလ်ဂျင်တို့၊ air-x တို့ကိုတောင်အလျင်မီအောင်မရနိုင်တဲ့ အာဏာရှင်လက်အောက်က ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေအတွက်တော့ ဝမ်းနည်းစရာသတင်းပဲ ဖြစ်ပါလိမ့်မယ်။


















































