Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“လူထုတွေ လုံး၀အားမလျှော့ပါနဲ့။အောင်ပွဲက ကျွန်တော်တို့နဲ့ မဝေးပါဘူး”

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ် ၊လေးကေ့ကော်ဒေသသို့ စစ်ကောင်စီတပ်က လေကြောင်း၊လက်နက်ကြီး ပစ်ခတ်မှုများဖြင့် တိုက်ခိုက်ခဲ့၍ အရပ်သားပြည်သူများ ထိခိုက်မှု ရှိခဲ့သည့် အခြေအနေ အပါအဝင် လတ်တလော စစ်ရေးဆိုင်ရာများ၊စစ်ကောင်စီ၏ အကြမ်းဖက်မှုများနှင့်ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး(KNU) ပြောရေးဆိုခွင့်ရှိသူ ဗဟိုကော်မတီဝင် ပဒိုစောတောနီးအား ဆက်သွယ်မေးမြန်းဖော်ပြလိုက်ပါသည်။

စစ်​ကောင်စီကလေကြောင်းတိုက်ခိုက်မှု၊အကြမ်းဖက်မှုများအပေါ် KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးနှင့် မေးမြန်းခန်း

​မေး-စစ်ကောင်စီက လေးကေ့ကော်ဘက်မှာ လေကြောင်းကဆက်တိုက်တိုက်ခိုက်တာမှာမနေ့က တိုက်ခိုက်မှုတွေမှာတော့ ထိခိုက်မှုတွေရှိတယ်လို့ သိ့ရပါတယ်။ မနေ့က ဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြောပြလို့ရသ​လောက်ရှင်းပြပေးပါလား။

​ဖြေ-မနေ့တုန်းက ၂ခါလောက်တိုက်တယ်။မနက် တစ်ခါ ညနေ တစ်ခါ လေကြောင်းတိုက်ခိုက်မှုရှိတယ်။ ရဟတ်ယာဉ်နဲ့ တိုက်တယ် ဗုံးကြဲ လေယာဉ်နဲ့ လည်း တိုက်တယ်။ ဒါပေမဲ့ ထိခိုက်မှု ဦးရေအတိအကျ တော့ ပြောလို့မရဘူး သေချာတာက အရပ်သားတွေထိသွားတာရှိတယ်။

​မေး-အရပ်သားတွေ အပြင် KNLAနဲ့ PDF တပ်ဖွဲ့ဝင်တချို့ ထိခိုက်တာရှိတယ်လို့လည်း ကြားရတော့ ဒါကိုအတည်ပြုလို့ရပါသလား။

Public Service Announcement

Public Service Announcement

​​ဖြေ- စစ်ရေးပိုင်းဆိုင်ရာထိခိုက်မှုတွေကတော့ အဆန်းတကြယ်တော့ မဟုတ်ဘူးလေ။ ရှိရင်လည်း ရှိမှာပေါ့။ ကျွန်တော်တော့ အတည်ပြုလို့မရပါဘူး။ တစ်ခုပဲ သေချာတာက လက်နက်ကြီး တအားကို အသုံးများတယ်။ တအားကို သုံးပစ်လိုက်တာ။ ဘာဖြစ်လို့လည်းဆို သူတို့တပ်တွေရဲ့အခြေအနေက သိတဲ့ အတိုင်းပဲလေ ။ နေရာတိုင်းမှာ သူတို့ အဲဒါပဲ အားကိုးပြီး လုပ်နေတာ။

​မေး-ဒီနေ့မှာလည်း ကော့ကရိတ်ဘက်မှာလေကြောင်း တိုက်ခိုက်တာရှိတယ်ကြားပါတယ်။ စစ်ကောင်စီက အခုလို​လေ​ကြောင်းကိုအဓိကထားတိုက်ခိုက်​နေတဲ့အနေအထားပေါ် ဘယ်လိုမြင်မိပါသလဲ။

​ဖြေ-အဲဒါကတော့ လေကြောင်းတိုက်ခိုက်မှုက သူတို့မှာ အားကိုးစရာဒါပဲရှိတော့တာကိုး။ လေကြောင်းတိုက်ခိုက်မှုရယ် နောက်တစ်ခုက ဘာလဲဆိုတော့ လက်နက်ကြီးတွေနဲ့ရွာတွေကို ပစ်တာ။ ရွာတွေကို ပစ်တယ်ဆိုကတည်းက ကျေးရွာတွေမပျက်ပျက်အောင်လုပ်တဲ့သဘောပဲလေ။ သူတို့ ယူဆတဲ့ အချက်အလက်က ကျွန်တော်တို့ ကျေးရွာတွေကို အခြေခံလို့မရအောင် ဆိုပြီးတော့ ​ကောင်တာ (တန်ပြန်)သဘောလို့ ပြောလို့ရတာပေါ့။ ဒီကောင်တာ လုပ်တဲ့ဟာက ဘယ်လောက်ထိ သူတို့အတွက် မှန်မလဲဆိုတာကတော့ သူတို့အတွက် အဆန်းမဟုတ်ဘူးလေ။ အမှန်မှာက ဒီလိုလုပ်ခြင်းဟာ သူတို့ ထပ်ကာထပ်ကာ လုပ်နေတာပဲဖြစ်တယ်။ ကျွန်တော်ပြောချင်တာက အဲဒီလိုလုပ်တယ် ရွာသားတွေအပေါ် ဗုံးကြဲတယ် သက်ရောက်မှုက သူတွက်တာက ရွာသားတွေက ကျွန်တော်တို့ကို အထောက်အကူမပေးနိုင်ဘူးဆိုတာပေါ့။ ရွာသားတွေက သူတို့စိတ်ထင်နေတာ သူတို့ရတဲ့အနေအထားအရ ရွာသားတွေက သူတို့ ရန်သူပဲလေ။ ရန်သူတွေလို ဆက်ဆံတဲ့အခါ ထွက်လာတဲ့ရလဒ်တွေက ဘယ်လိုရှိလာမလဲ ဆိုတာ ဆက်ကြည့်ဖို့ပဲ ကျန်တော့တယ်။ ဒီနေ့ကလည်း လေကြောင်းနဲ့ ပြန်တိုက်ခိုက်တာပဲ။ ဒါပေမဲ့ ဘာမှ ထူးထူး ခြားခြားမဖြစ်ပါဘူး။ မနက်တုန်းက ထိတွေ့မှုလည်း ဖြစ်သေးတယ် ကျွန်တော်တို့ အဖွဲ့တွေနဲ့ အာရှလမ်းမ တောင်ပေါ်အတက်မှာ ဖြစ်လိုက်သေးတယ်။

​မေး-လက်ရှိ စစ်​ဘေးရှောင်ပြည်သူအခြေအနေက ထိုင်းနဲ့ ပြည်တွင်းမှာ ဘယ်လောက်ရှိနေပါပြီလဲ။

​ဖြေ- အကြမ်းဖျင်းပေါ့ ပြီးခဲ့တဲ့ နှစ်ရက်သုံးရက်ကတည်းက ကျွန်တော်တို့ကို လေကြောင်းတိုက်ခိုက်မှု မဖြစ်ခင် ကတည်းက လက်နက်ကြီးက တောက်လျှောက်ပစ်တာကိုး။ ပစ်တော့ ထိုင်းဘက်ကမ်းကို ဖြတ်ကျော်ပြေးရတဲ့သူနဲ့ ပြည်တွင်းထဲမှာ ကျန်နေတဲ့သူ ပေါင်းရင် ၁သောင်းလောက်ရှိပြီ။ သို့သော်ငြားလည်း လေကြောင်းတိုက်ခိုက်မှု ထပ်ဖြစ်လာတဲ့အခါကျတော့ အဲဒီမှာ ထပ်ပြေးရတာ တွေ ရောဆို တစ်သောင်းကျော်သွားပြီလို့ ယူဆလို့ရတယ်။ စာရင်းအတိအကျတော့ ကျွန်တော်မရသေးပါဘူး။

​မေး-ပြည်သူလူထုတွေ သဘောထားက စစ်ကောင်စီတပ်တွေ ဘယ်လောက်​သေ​​သေ ပြဿနာမရှိဘူး။ ဒါပေမဲ့ လူထုဘက်ကအထိအခိုက်တွေရှိတယ် ပြည်သူတွေထွက်ပြေးရတယ် ဆိုတာမျိုး မနေ့က လေးကေ့ကော်ဖြစ်စဉ်မှာမျိုးဆိုရင်စိတ်မကောင်းဖြစ်တာ၊ စိတ်ပူတာ၊အားမလိုအားမရ ဖြစ်တာတွေ ရှိလာပါတယ်။ KNU ရဲ့တော်လှန်ရေးအတွေ့အကြုံ​တွေအရ မနေ့ကလို အခြေအနေအပေါ် နိုင်ငံတစ်ဝှမ်းက လူထုတွေကို ဘာပြောလိုပါသလဲ။

​ဖြေ- အဲဒီအကြောင်းနဲ့ပတ်သက်ပြီး ကျွန်တော်တို့ နိုင်ငံထဲမှာရှိတဲ့လူထုအားလုံးကို အားပေးချင်တာက ကျွန်တော်တို့ ဖြတ်သန်းခဲ့တယ် ကျွန်တော်တို့ အပစ်အခတ်ရပ်စဲရေးမတိုင်ခင်က ကျွန်တော်တို့ KNUနယ်မြေမှာရှိတဲ့ ကရင်လူထုအခြေအနေကို နည်းနည်းထောက်ပြချင်တယ်။ ဘာဖြစ်လဲဆိုတော့ ကျွန်တော်တို့ခရိုင်ခုနစ်ခုလုံးမှာရှိတဲ့ ကရင်လူထုတွေက ဖြတ်သန်းမှုက တော်တော်ဆိုးဆိုးဝါးဝါးဖြစ်ခဲ့တယ်ဆိုတာ တော်ရုံလူ တော်တော်များများ မသိကြဘူး။ မသိကြတော့ ကျွန်တော်တို့ရဲ့ ဒီလို ထွက်ပြေးတိမ်းရှောင်ရတဲ့ အနေအထားက အပစ်အခတ်ရပ်စဲရေးမတိုင်ခင် အတွင်းမှာ ကျွန်တော်ကိုယ်တိုင် ထွက်ပြေးတိမ်းရှောင်ရတဲ့သူတွေကိုကိုယ်တိုင် ကူညီပေးတဲ့သူ တစ်ယောက်ဖြစ်တယ်။ အဲဒီတုန်းက ပြည်တွင်းထဲမှာ ထွက်ပြေးတိမ်းရှောင်ရတဲ့ ကျွန်တော်တို့ ကရင်လူထုက နှစ်သိန်းရှိတယ်ဗျ။ အဲဒါ ရွာပေါင်းကသုံးထောင်ကျော်ပျက်စီးသွားတယ်။ သုံးထောင်လုံးဖျက်ဆီးပစ်လိုက်တာ ကျွန်တော်တို့ လုံး၀ အခြေခံလို့မရအောင် သူတို့လုပ်ပစ်လိုက်တာ။ နောက်ပြီး ထိုင်းနိုင်ငံဘက် ခိုဝင်ပြေးရတဲ့ ကျွန်တော်တို့ ကရင်လူထုက တစ်သိန်းခွဲရှိတယ်။ နောက်ပိုင်းကျတော့ အဲဒီလူတွေက နေရပ်ပြန်လို့မရ ဘာညာဖြစ်လာတော့ နောက်ပိုင်း ၂၀၀၄၊ ၂၀၀၅ကစပြီး တတိယနိုင်ငံကို သွားတာ။ အဲဒီကတည်းက ကျွန်တော်တို့ကရင်လူမျိုးက သိန်းဂဏန်း နီးပါးလောက် တတိယ နိုင်ငံမှာ အခြေခံခွင့်ရသွားတယ်။ အဲဒီအခြေအနေမျိုးမှာ ကျွန်တော်တို့ KNUက ကောင်းကောင်းကြီးကို လုံး၀ ဖွဲ့စည်းပုံ မပျက်ဘူး။ ရွာတွေပျက်တယ် မှန်တယ်။ သို့သော် ကျွန်တော်တို့ ရွာတွေမှာ KNU ဖွဲ့စည်းပုံ မပျက်ဘူး။ ရွာသူကြီးတွေ ရှိတယ် ရွာသားတွေ တောထဲ ပြေးအောင်းနေပေမယ့်လို့ ဖွဲ့စည်းပုံ လုံး၀မ ပျက်ဘူးဗျ။ ကျွန်တော်တို့ တော်လှန်ရေးက ကောင်းကောင်း လုပ်နိုင်တယ်။ အဲဒီအချိန်မှာ အပစ်အခတ်ရပ်စဲရေးလုပ်သွားတဲ့ လူမျိုးစုတော်လှန်ရေးက ကုန်သလောက်ရှိတယ်။ ကျွန်တော်တို့ တစ်ဖွဲ့ထီးတည်းရှိတာ။ သို့သော်ငြားလည်း ကျွန်တော်တို့ ရပ်ခံနိုင်တယ်ဆိုတော့ ကျွန်တော်တို့က ဒီလို အင်မတန် အဖိုးတန်တဲ့ အခြေအနေမျိုးကို ရင်ဆိုင်ကျော်လွှားခဲ့ပြီးတဲ့နောက်မှာ အခုနေအခါမှာ ရန်သူကလည်း ကျွန်တော်တို့ ရွာတွေကို ဖျက်ဆီးမယ် ကျွန်တော်တို့ရွာတွေတင်မဟုတ်ဘူး အခြားရွာတွေ အခု စစ်ကိုင်းတိုင်း၊ မကွေးတိုင်းမှာလည်း ဖျက်နေတာပဲ။ သူတို့ရဲ့တွေးထင်ချက်က သူတို့ရဲ့ ယူဆချက်က ဒီရွာသားတွေလူထုတွေမရှိတော့ဘူးဆိုရင် သူတို့ကို တော်လှန်တဲ့သူတွေ ပျက်စီးသွားမှာဆိုပြီး သူတို့ တွက်ထားတယ်။ အဲဒါ ကလေးအတွေး လုံး၀ အဲဒါ အရူးအတွေးပဲ။ ဒီလိုတွေးပြီး သူတို့ လုပ်နေတဲ့ အပေါ်မှာ ကျွန်တော်အားပေးချင်တာက ကျွန်တော်တို့ ကိုယ်တိုင် ဒီလိုဟာမျိုး ဖြတ်ကျော်ခဲ့ပြီးပြီ။ ဖြတ်ကျော်ခဲ့တော့ ကျွန်တော်တို့က လုံး၀ ကျော်လွှားနိုင်ခဲ့တဲ့အပေါ်မှာ ဒီနေ့ ဒီအချိန် ဒီကာလမှာ လူထု တစ်ရပ်လုံးက သူတို့ကို ဆန့်ကျင်နေတဲ့အခါမှာ ဝန်ထမ်းတွေက သူတို့ကို ဆန့်ကျင်နေတဲ့ အခါမှာ လူငယ်တွေကလည်း အများကြီး သူတို့ကို ဆန့်ကျင်နေတဲ့အခါမှာ ဒီထက်မကဘူး နိုင်ငံတကာ မျက်နှာ စာမှာ NUG အစိုးရနဲ့ ကျွန်တော်တို့ လက်တွဲပြီးတော့ နိုင်ငံတကာ မျက်နှာစာမှာ ကုလသမဂ္ဂမှာ သူတို့ အတွက် လုံး၀ နေရာမရအောင် အထူးသဖြင့် စစ်ကောင်စီလုံး၀နေရာမရ ဖြစ်နေတဲ့အခါမှာ ကျွန်တော်တို့ ဘာမှ အားလျှော့စရာ အကြောင်းမရှိဘူး။ ဒီနေ့ ဒီအချိန်အခါလောက် အခွင့်ကောင်း သာတဲ့ အချိန်မျိုး ကျွန်တော်တို့ကရင်တွေ တစ်ခါမှ မရှိခဲ့ဖူးဘူး။ အရင်တုန်းက ရှိခဲ့ဖူးတယ် ၁၉၄၉၊ ၁၉၆၂၊ ၁၉၈၈ က ဒါ တွေက အပြောင်းအလဲ ရှိခဲ့တယ် သို့သော် ဒီအချိန် ဒီကာလ ဒီအလှည့်အပြောင်းက ဘာဖြစ်လာလဲ ဆိုတော့ မြန်မာလူထုကိုယ်တိုင် အထူးသဖြင့် ဗမာလူမျိုးကိုယ်တိုင် ကျွန်တော်တို့ KNUကို နားလည် လာတယ်။ ဒါက သိပ်မှန်တဲ့အချင်းအရာဖြစ်တယ်။ ဒီအရာလောက် ကြီးမားတဲ့ အချင်းအရာ ကျွန်တော် တို့အတွက် တစ်ခါမှ မရှိခဲ့ဘူး။ ဒီအချိန်မှာ ဗမာလူထုက ကျွန်တော်တို့ဘက်က ရပ်တည်နေတဲ့ အခါမှာ ဒီတော်လှန်ရေးက ခင်ဗျား စဉ်းစားကြည့်ပေါ့ ကရင်လူထုကြီးကိုတောင်လုံး၀အလံမလှဲနိုင်ဘူးဆိုတော့ ဗမာ လူထုက ကျွန်တော်တို့ဘက် ပါလာပြီဆိုတော့ ဒီ စစ်ကောင်စီက ကျွန်တော်တို့ ဘာစိုးရိမ်စရာ ရှိလို့တုန်း ။ အဲဒါ ရှင်းရှင်းလင်းလင်းပြောချင်တာ လူထုတွေ လုံး၀အားမလျှော့ပါနဲ့။အောင်ပွဲက ကျွန်တော်တို့နဲ့ မဝေးပါဘူး။

​မေး-ဟုတ်ကဲ့ လူထုဘက်ကတော့ ကိုယ့်ဘက်က ထိခိုက်မှုတွေရှိရင် စိုးရိမ်တက်တာမျိုးဆိုတော့ ဒီလိုအခြေအနေတွေကြုံလာရင် အခြားဘာပြောလိုပါသလဲ။

​ဖြေ-ကျွန်တော်ပြောချင်တာက ကျွန်တော်တို့ လက်ချင်းချိတ်လုပ်ရမယ့်ဟာတွေက ဒီတစ်ခါ ကျွန်တော်တို့ ကရင်လူထုနဲ့ မပြီးတော့ဘူး တခြားတိုင်းရင်းသားတွေ ကျွန်တော်တို့ ဗမာတိုင်းရင်သားတွေ လက်တွဲပြီး လုပ်ရတော့မယ့်အချိန်အခါ ရောက်လာပြီး ဆက်ပြီးစောင့်နေပါ။ကျွန်တော်တို့လက်တွဲလုပ်ဖို့ပဲ ကျန်တော့တယ်လို့ ဒါပဲ ပြောချင်တာပါ။

​​မေး- လူကြီးမင်း အနေနဲ့ စစ်ကောင်စီက လေကြောင်းကနေ မတိုက်ခင်ကတည်းက ကုလအဖွဲ့အစည်းနဲ့ နိုင်ငံတကာကို တောင်းဆိုထားတာရှိပေမယ့် အခု တိုက်ခိုက်မှုတွေလုပ်လာတယ်။ ဒီအပေါ်မှာ ဘာပြောလိုပါသလဲ။

​ဖြေ-ကျွန်တော်တို့လည်း ပြောပြီးသားပါ။ ကမ္ဘာ့အသိုင်းအ
၀ိုင်းက ဒီအချိန်ဒီအခါမှာ ရပ်ကြည့်ပြီး မနေသင့်တော့ဘူး။ လုပ်စရာရှိတာ လုပ်ရမယ်။ ဘာဖြစ်လို့လည်းဆိုတော့ တရားမမျှတမှုတွေကအင်မတန် ကြီးမားလာပါပြီ။ အထူးသဖြင့် အရပ်သား အကာအကွယ်ပေးရေးပေါ့။ အရပ်သားပစ်မှတ် လုံး၀ မထိရဘူးဆိုတာ ဥပဒေတွေမှာ ပြဌာန်းထားပြီးသား ။ဒါပေမဲ့ ဒီလူတွေက အရပ်သား ပစ်မှတ်ကို တမင်တကာ ရည်ရွယ်ချက်ရှိရှိကို ပစ်တာ။ ခုနက ကျွန်တော်ပြောသလို လူထုတွေ မရှိတော့ဘူးဆိုရင် ကျွန်တော်တို့ ရပ်တည်လို့မရတော့ဘူးလို့ သူတို့တွေးထားတာ အဲဒါဟာက နိုင်ငံတကာ အရေးထားရမယ်။ သို့သော် ကျွန်တော်ပြောချင်တာက နိုင်ငံတကာ အရေးယူတဲ့အပိုင်းမှာ သိတဲ့အတိုင်းပဲ သံခင်းတမန်ခင်းနဲ့သွားနေရတဲ့အခါကျတော့ ချက်ချင်းလက်ငင်းပေါ်လာနိုင်စရာ အကြောင်းမရှိဘူး။ တဖြေးဖြေး တဆင့်တဆင့်လာမှာ သေချာတယ်။ သို့သော်ငြားလည်း လက်ရှိမှာတော့ မလာဘူး။ အဲဒါကြောင့် လက်ရှိ ဖြစ်လာတဲ့အပေါ် ကျွန်တော်တို့ ဘာမှ စိတ်ဓာတ်ကျစရာ အကြောင်းမရှိဘူး။ ကျွန်တော်တို့ ဆက်လုပ်စရာရှိတာ ဖြစ်နိုင်တဲ့နည်းနဲ့ပေါ့။ နိုင်ငံတကာက အကူအညီတွေအထောက်အပံ့တွေ ရနိုင်သည်ဖြစ်စေ မရနိုင်သည်ဖြစ်စေ ကျွန်တော်တို့ လူထုက ကျွန်တော်တို့ အင်အားပဲ။ ဒါက
တကယ့် ကြီးမားတဲ့အင်အားပဲ အဲဒါနဲ့ရင်ဆိုင်လုပ်သွားမှာပါ။

​မေး-ကရင်နီဒေသ ဖရူဆိုမှာ ပြည်သူတွေကို ဖမ်းဆီးပြီး ကားပေါ်တင် မီးရှို့သတ်ဖြတ်တာမျိုး စစ်ကောင်စီက လုပ်ခဲ့တဲ့ ဖြစ်ပေါ်အပေါ် ဆရာတို့ အံ့ဩပါသလား။

​ဖြေ- အံ့ဩတယ် ဆိုတာထက် ကျွန်တော်တို့အတွက် သိပ်တော့ မထူးဆန်းတော့ဘူး။ ကျွန်တော်တို့ ကရင်ဒေသမှာလည်း လွန်ခဲ့တဲ့ အချိန်တွေက သူတို့ ဒီလိုပဲလုပ်ခဲ့တာပဲ။ လူအစုလိုက်အပြုံလိုက် သူတို့ လျှောက်သတ်နေတာ ကျွန်တော်တို့အတွက် မဆန်းတော့ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ၁၉၇၅ ဖြတ်လေးဖြတ် တုန်းက ဒီအရှေ့ ကော်သူးလေလို့ ကျွန်တော်တို ခေါ်တာပေါ့ အရှေ့ကရင်ပြည်ပေါ့
ဒီလိုမျိုးတွေ ခဏခဏ ဖြစ်နေတာ။ ဒါပေမဲ့ အဲဒီတုန်းက ဒီလို မီဒီယာတွေမရှိတဲ့အခါကျတော့ လုံး၀ အသံမထွက်ခဲ့ဘူး။ ကျွန်တော်တို့ မှတ်တမ်းမှတ်ရာတွေရှိတယ်။ သို့သော် အသံမထွက်ခဲ့ဘူး။ မထွက်ခဲ့တဲ့ အပေါ်မှာ အခြားတိုင်းရင်းသားလူမျိုးတွေက ကျွန်တော်တို့ကို နားလည်မှုမရှိဘူး ကျွန်တော်တို့ကို အထင်မှားအမြင်မှား ဖြစ်ခဲ့တယ်။ သို့သော်ငြားလည်း ဒီနေ့ဒီကာလမှာ မီဒီယာအပေါ်မှာ တန်းကတည်း တွေ့ရတဲ့အခါ ပြည်သူတွေတင်မကဘူး နိုင်ငံတကာအဖွဲ့အစည်းတွေကလူတွေကိုပါ သွားသတ်မိတဲ့ဟာ တွေဖြစ်လာတော့ ရုပ်ဆိုးပြီပေါ့ဗျာ။ အဲဒီလိုလုပ်တဲ့နောက် ဒီလူတွေရဲ့သွားမယ့် ဇာတ်လမ်းက ဘယ်လိုမှာ အဆုံးသတ်မလဲဆိုတာ ဒါကမေးစရာတောင်မလိုဘူး။ သို့သော်ငြားလည်း အဲဒီမှာ ဇာတ်လမ်းမဆုံးခင် ဇာတ်ထဲမှာတော့ ထွက်ပေါက်က လူးပြီး လုပ်သွားမယ့်အပိုင်းတော့ ရှိတယ် အဲဒါကို ကျွန်တော်တို့ သတိဝိရိယထားပြီး ဘယ်လိုရှောင်လွှဲနိုင်မလဲ ဘယ်လိုရင်ဆိုင်ကြမလဲ ကျွန်တော်တို့ ဗျူဟာကျကျချဖို့ပဲလိုပါတယ်။ သွားမှာကတော့ သေချာပါတယ် ဒီပုံအတိုင်း သွားရင် လုံး၀ကို လက်ခံလို့ မရဘူး။ ဒီလိုတပ်မျိုးက ကျွန်တော်တို့ဆီမှာ လုံး၀မရှိသင့်တော့ဘူး။ဘယ်လူမျိုးအတွက်မှ မကောင်းဘူးကျွန်တော်တို့ နိုင်ငံထဲမှာ။

​မေး-အခြားဘာပြောလိုပါသလဲဗျ။

ကိုယ့်ရဲ့ အသက်ရှင်ရပ်တည်ရေးအတွက် ဘယ်လိုလုပ်ရမလဲဆိုတဲ့အချက်တွေ စဉ်းစားရမယ်။ စစ်ကောင်စီကတော့
လူကို သတ်နိုင်တဲ့နည်းလမ်းမှန်သမျှ သုံးသွားမှာပဲ။ ဒါပေမဲ့ ကျွန်တော်တို့က အထူးသဖြင့် ကျွန်တော်တို့ ပြည်သူလူထု ရွာသားတွေက အဲဒါကို ဘယ်လိုရှောင်တိမ်းကြမလဲ။ ကျွန်တော်ထင်တာ ပထမဆုံးအချက် သိပ်အရေးကြီးတာက သတင်းရရင် ကြိုရှောင်လို့ရတယ် ကြိုပြေးလို့ရတယ်။ ဒါပေမဲ့ ကြိုပြေးတယ်ဆိုတာ သူ့ကို ကြောက်လို့ပြေးတာမဟုတ်ဘူး။ ကြိုပြေးတယ်ဆိုတာ ကိုယ့်အန္တရာယ်ကို ကြိုတင်ကာကွယ်ရုံတင်မကဘူး ပြေးတဲ့လွတ်သွားတဲ့သူက သူ့ကို ပြန်ချလို့ရတယ် အဲဒါအဓိက။ ကျွန်တော်တို့ရဲ့ ပြောက်ကျားတော်လှန်ရေးဆိုတာ အဲဒါပဲ။ ပြေးတိုင်းလည်း ကြောက်တာမဟုတ်ဘူး ပြေးလို့လွှတ်သွားရင် သူ့ကို ပြန်ချလို့ရတယ်။ အဲဒါက သိပ်အရေးကြီးတယ် ဒါကို လူထုတွေကို သတင်းပြန်ပါးချင်တယ်။ နိုင်ခြေရှိရင်အပြတ်သာဆော်ပစ်လိုက်။ နိုင်ခြေမရှိဘူးဆိုရင် ဘယ်လိုပြန်ချရမလဲဆိုတာ စဉ်းစား။ အဲဒါတင်မကဘူး ကျွန်တော်ပြောချင်တာက ခုခံတော်လှန်တယ်ဆိုတဲ့နေရာမှာ အခုက ရွာသားတွေကိုလည်း စစ်ကောင်စီဘက်က အကုန်လုံးရန်သူလို့ သတ်မှတ်လိုက်တဲ့အခါမှာ ကိုယ့်ကိုယ်မိရင်လည်း သူကချမ်းသာပေးမှာမဟုတ်ဘူးဆိုတဲ့အခါကျတော့ ရွာသားတွေလည်း ခုခံတော်လှန်ရေး
သမားတွေဖြစ်လာပြီဆိုတာ ကိုယ့်စိတ်ထဲမှာပဲ မှတ်ထားတော့။အဲဒါကြောင့် ဒီလို ဒီအချိန်အခါမျိုးမှာ သူကတော့ ရန်သူခွဲခြားတော့မှာ မဟုတ်ဘူး လူတိုင်းက သူရဲ့ရန်သူပဲဆိုပြီးချတော့မှာ။ အဲဒါကြောင့် ပြောချင်တာက ဒီလိုအနေအထားမျိုးမှာ ကျွန်တော်တို့ ကရင်တွေဖြတ်ကျော်ခဲ့ရတဲ့ အနေအထားမျိုးဖြစ်သလို အခြားနေရာတွေ အခြားတိုင်းရင်းသားလူမျိုးတွေမှာလည်း ဒီလိုကံကြမ္မာမျိုးက ရောက်လာပြီဆိုတော့ ဒီလိုရှောင်ဖို့ ရှားဖို့ဆိုတာသိပ်အရေးကြီးနေပါပြီလို့ ပြောချင်ပါတယ်။

ကျေးဇူးတင်ပါတယ်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။