Connect with us

Hi, what are you looking for?

မေးမြန်းခန်း

“ဒီလိုအခြေအနေမျိုးဟာ အဖြူအမဲက မကွဲလို့မရတဲ့ အခြေအနေမျိုးဖြစ်လာပါပြီ”

KNU ပြောရေးဆိုခွင့်ရှိသူပဒိုစောတောနီးနှင့်မေးမြန်းခန်း

​ကရင်ပြည်နယ် လေးကေ့ကော်မြို့သစ် ဒေသ၌ ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ် အကြား တိုက်ပွဲဖြစ်ပွားနေသည့်အပြင် ကရင်လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်သည့် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA) တပ်စခန်း တစ်ခုကို စစ်ကောင်စီတပ်က ဝင်ရောက်တိုက်ခိုက်မှု အခြေအနေ အပေါ် KNU ဗဟိုကော်မတီဝင် ပဒိုစောတောနီးအား ဆက်သွယ်မေးမြန်းဖော်ပြလိုက်ပါသည်။

​မေး-ဖလူးဘက်မှာ DKBA ကဗိုလ်စလုံးရဲ့ စခန်း အတိုက်ခံရတယ်လို့ ကြားလို့ အဲဒီကိစ္စ ရှင်းပြပေးပါလား။

​ဖြေ-ဟုတ်ပါတယ်။ မနေ့ညနေ ၅နာရီလောက်က DKBAက ဗိုလ်စလုံးစခန်းကို စစ်ကောင်စီတပ်နဲ့ BGF ပေါင်းပြီး ဝင်တိုက်တာ ကြားတယ်။ တိုက်ပွဲတော်တော်ပြင်းတယ်လို့ ပြောတယ်။ စခန်းကို ဝင်တိုက်တာ တော်တော်ကြာတယ် ၂နာရီလောက်ကြာတယ်။

Public Service Announcement

Public Service Announcement

​မေး-လက်ရှိ စခန်းအအနေထား ဘယ်လိုရှိပါသလဲ။

​ဖြေ-စခန်းကတော့ DKBA လက်ထဲမှာပဲ ရှိပါသေးတယ်။ သို့သော်ငြားလည်း ဒီမနက်မှာလည်း ပွဲကြီးပွဲကောင်းကို ထပ်ဖြစ်ပြန်ရော။ မနက်ပိုင်း ၈နာရီ ၄၀ လောက်က စပြီးဖြစ်တာ။ အခုတိုက်ပွဲရပ်ပြီလား မရပ်လား ကျွန်တော်လည်း မသိသေးဘူး။ တော်တော်ပြင်းတယ် ပြောတယ်။ လက်နက်ကြီး လက်နက်ငယ်နဲ့ အကြီးအကျယ်ပဲတဲ့။

​မေး-DKBA ဆိုရင် KNU လို မျိုး စစ်ကောင်စီကို ခုခံနေတဲ့ အနေအထားမျိုးမတွေ့ရဘူး အခုလို သူ့ရဲ့ စခန်းကို စစ်ကောင်စီက တိုက်တာ ဘာကြောင့်လို့ သိရပါသလဲ။

​ဖြေ-စခန်းတိုက်ခိုက်ခံရတော့ သူတို့လည်း မနေသာဘူးလေ။ နောက်ပြီးတော့ တစ်ဖက်ကနေ ကြည့်တော့ နယ်မြေချင်းက ဆက်စပ်နေတော့ KNU ကို ဝင်တိုက်လည်း သူတို့က ရောနှောပြီးရှိနေတာပဲလေ။ အဲဒါမျိုးဆက်စပ်နေတာ။

​မေး-အာဏာသိမ်းပြီးနောက်ပိုင်း DKBA စခန်းကို တိုက်တာ ပထမဆုံး လို့ ပြောလို့ရမလား။

​ဖြေ-မနေ့ညနေကဆိုရင် ပွဲက အထင်အရှားပဲလေ။ အရင်တုန်းကတော့ ကြီးကြီးမားမား ဒါမျိုးတော့ မကြားခဲ့ဘူး။

​မေး-DKBA လိုအဖွဲ့ရဲ့စခန်းကို စစ်ကောင်စီက တိုက်ခိုက်တယ်ဆိုတေ့ာ အခုအခြေအနေမှာ ကရင်အဖွဲ့အစည်းတွေ အားလုံးကို ဘာ​ပြောလိုပါသလဲ။

​ဖြေ-ကရင်အဖွဲ့အစည်းတွေသာမကဘူး ကျွန်တော်ပြောချင်တာက နိုင်ငံအတွင်းမှာ ဒီတိုင်းပြည်ထဲမှာ ရှိတဲ့ လူမျိုးအားလုံး အဖွဲ့အားလုံး ပေါ့ ဘယ်အဖွဲ့အစည်း ဘယ်လူမျိုးမဆို အခုဟာက သူတို့က ရန်သူလို သဘောထားနေတဲ့ အနေအထား ရောက်နေတဲ့အခါကျတော့ ဒါက ကိုယ့်ကိုယ်ကိုယ် သိဖို့တော့ သင့်ပြီ။ စစ်ကောင်စီက ကိုယ့်ကိုယ် ရန်သူလို့ပဲ သတ်မှတ်ပြီးတော့ လုပ်နေတဲ့ အပြုအမူက နေ့တိုင်း နေ့တိုင်း ပိုပိုပြီး ထင်ရှားလာတဲ့ အခါကျတော့ ကိုယ်ဘာလုပ်သင့်လဲဆိုတာ သေချာပိုင်းခြားထားဖို့ လိုတယ်။ ဒုတိယ အချက် အနေနဲ့ အထူးသဖြင့် စစ်ကောင်စီရဲ့ နောက်မှာ လိုက်ပါနေတဲ့ အဖွဲ့အစည်းတွေကလည်း ရှိပါသေးတယ်။ အဲဒါတွေကလည်း ဒီအချိန်ဒီအခါမှာ တော်တော်လေး စဉ်းစားသင့်တဲ့ အချိန်အခါ ရောက်နေပြီလို့ ဒါပဲပြောချင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီလိုအခြေအနေမျိုးဟာ အဖြူအမဲက မကွဲလို့မရတဲ့ အခြေအနေမျိုးဖြစ်လာပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ အချိန်ကာလ တစ်ခုအားဖြင့်တော့ အဖြူအမဲ မကွဲဘဲ အညိုရောင်သန်းနေတဲ့ အနေအထားမျိုး လိုက်ပါသင့်တယ်ဆိုတာ လက်ခံနိုင်တဲ့အနေအထား ရှိပါသေးတယ်။ ဒါပေမဲ့ ဒီလိုအနေအထားမျိုးမှာ မရှိသင့်တော့ဘူးလို့ ပြောချင်ပါတယ်။ အဲဒါကြောင့် ဒီနိုင်ငံအတွင်းမှာရှိနေတဲ့ အဖွဲ့အစည်းအားလုံး လူအားလုံးဟာ စစ်ကောင်စီက ကိုယ့်ကိုယ် ရန်သူတစ်ယောက်လို့ သတ်မှတ်နေတဲ့ အခါမှာတော့ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုဆုံးဖြတ်ရမယ်ဆိုတဲ့ အချိန်ရောက်နေပါပြီလို့ ဒါပဲပြောချင်ပါတယ်။

​မေး-မနေ့က KNU တပ်မဟာ(၅)က ထုတ်ပြန်ထားတာက ဒီ ဇန်နဝါရီ ၁၅ရက် ကစပြီး ကရင် BGF အနေနဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းမှု မလုပ်ဖို့၊ ပူးပေါင်းတယ်ဆိုရင် ကရင်အချင်းချင်း ဖြစ်ပေမယ့် တိုက်မယ်လို့ ထုတ်ပြန်ထားတော့ KNU ဗဟိုရဲ့ သဘောထားက ဘယ်လိုရှိပါသလဲ။

​ဖြေ-အဲဒီ ကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဘာမှ ပြောစရာ မရှိပါဘူး။ ကျွန်တော်တို့က ဖြစ်သင့်ဖြစ်ထိုက်တာ စဉ်းစားလာတာလည်း ကြာပါပြီ။ ဒီလိုအချိန်အခါမျိုး ရောက်လာတဲ့အခါ ကျွန်တော်တို့ကလည်း သိပ်ပြီးတော့ အတင်းတော့ မတွန်းချင်ပါဘူး။ သို့သော်ငြားလည်းပဲ ဖြစ်သင့်ဖြစ်ထိုက်တာကိုတေ့ ကိုယ်ပိုင် ဆုံးဖြတ်နိုင်ပါတယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။

​မေး-စောစောက ပြောသလို အဖြူအမဲကွဲဖို့ လိုအပ်ပြီဆိုတဲ့ အခြေအနေမျိုးလား

​ဖြေ-ဒါက ကျွန်တော်ပြောတာက ဒီလိုပါ ကျွန်တော်တို့ ကရင်တစ်ဖွဲ့တည်းမဟုတ်ပါဘူး။ တစ်တိုင်းပြည်လုံးမှရှိတဲ့ လူမျိုးအသီးသီးက ကိုယ့်ရဲ့ဘုံရန်သူက ဘယ်သူလဲဆိုတာ ဒီအချိန်မှာမှ မခွဲတက်ဘူးဆိုရင်လည်း တော်တော်လေးစဉ်းစားရကြပ်နေတဲ့ အနေအထားပါ။

​မေး-လက်ရှိ စစ်ရေးနဲ့ ပတ်သက်ပြီး KNU ရဲ့ ထိန်းချုပ်နယ်မြေထဲမှာ ဘာထူးခြားမှုတွေရှိပါသလဲ။

​ဖြေ-ထူးခြားတာကတော့ ညတုန်းက တပ်မဟာ(၅)မှာ ဖြစ်တာ ကြားပြီးမှာပေါ့။ တပ်မဟာ(၅)မှာ ညတုန်းက မနက် အစောကြီး ၁နာရီပဲ ရှိတယ်ထင်တယ် ဒွယ်လိုးမြို့နယ် ရွှေညောင်ပင်ဆိုတဲ့ အရပ်မှာ လေယာဉ်နဲ့လာပစ်ချတာ ဗုံးလေးလုံးလားမသိဘူး။အဲဒီမှာ အဆောက်အဦးတွေ လည်းထိတာပေါ့။အရပ်သား ၁ယောက်သေသွားတယ်လို့လည်းကြားတယ်။ နှစ်ညဆက်တိုက်ရှိပြီ။အရင်ညကလညး အဲဒီလိုပဲ တစ်နာရီလောက်မှာ ဖြစ်တယ်။

​မေး-အခြားဒေသတွေမှာရော ဘာတွေထူးခြားပါသေးလဲ။

​ဖြေ-ထူးခြားတာမရှိဘူးဆိုပေမယ့် တိုက်ပွဲရဲ့ သဏ္ဌန်ကတော့ လျော့သွားတယ်လို့ အမြင်ရဘူး။ နောက်ပြီးတော့ ပိုများလာဖို့ပဲရှိတော့တယ် ဒီအတိုင်းသာဆိုရင် ။ ဘာဖြစ်လို့လဲဆိုရင် ငြိမ်းချမ်းရေးမလိုချင်ဘူးဆိုရင် ဒါပဲရှိတော့တယ် လေ။

​မေး-အခြား ဘာများဖြည့်စွက်ပြောလိုပါသလဲ။

​ဖြေ-ခြုံပြီး ပြောရမယ်ဆိုရင် စောစောက ပြောထားသလိုပေါ့ ကျွန်တော်တို့ကလည်း အလုပ်လုပ်ရမယ့် အပိုင်းမှာ တခါတလေကျတော့လည်း ဒီလိုအနေအထားမျိုးကနေပြီးတေ့ာ ဘယ်လိုစဉ်းစားရမလဲ ပေါ့။ အဖြူရောင် အမဲရောင်ဆိုတဲ့ အနေအထားမျိုးကနေ အညိုရောင်လုပ်ရတဲ့ ကာလတွေရှိရင်လည်း ရှိမှာပေါ့လေ ဒါကိုလည်း ကျွန်တော်တို့ နားလည်နိုင်ပါတယ်။ ဒါပေမဲ့ ဒီအချိန်မှာတော့ ကွဲကွဲပြားပြားလုပ်ဖို့တော့လိုပြီဆိုတာတော့ လူတိုင်းကို ပြောချင်ပါတယ်။

ကျေးဇူးတင်ပါတယ်

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကမမောင်း-ဖာပွန်ကားလမ်းပိုင်းမှာစစ် ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ KNU တပ်မဟာ (၅) ဦးစီးတဲ့ပူးပေါင်းတပ်တွေကြားအခုရက်ပိုင်းတွေအတွင်းတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ ကမမောင်းအခြေစိုက်ကရင့်နယ်ခြားစောင့်တပ်( BGF) အမှတ် (၁၀၁၄)တပ်ရင်းနဲ့နီးစပ်တဲ့ကရင်သတင်းရင်းမြစ်ကပြောပါတယ်။