Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“ဒီလိုအပေးအယူလုပ်ကြတဲ့ကိစ္စဟာ နွေဦးတော်လှန်ရေးကို မထိခိုက်နိုင်တဲ့ သာမာန်ကိစ္စလေးတစ်ရပ်သာ ဖြစ်တယ်လို့ ပြည်သူလူထုက သဘောထားပြီး ကိုယ့်တာဝန်နဲ့ ကိုယ့်တိုက်ပွဲကို ဆက်လက်ပြီး မြဲမြဲမြံမြံ ဆက်လက်အကောင်အထည် သွား၊ မသွားဆိုတာကို ဆက်ပြီး စောင့်ကြည့်ရမှာပေါ့”

တရုတ်နိုင်ငံရဲ့ ကြားဝင်မှုနဲ့ ညီ​နောင်မဟာမိတ် ၃ ဖွဲ့နဲ့စစ်​ကောင်စီတို့ တရုတ်နိုင်ငံ၊ကူမင်းမြို့မှာ ဒီက​နေ့ (ဒီဇင်ဘာ ၁၁) တွင်​တွေ့ဆုံ​ဆွေး​နွေးခဲ့တယ်လို့ စစ်​ကောင်စီဘက်ကထုတ်ပြန်လာပါတယ်။ ​

(ညီ​​​​​နောင်မဟာမိတ် ၃ ဖွဲ့မှ တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-AA)
(ညီ​​​​​နောင်မဟာမိတ် ၃ ဖွဲ့မှ တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-AA)

▪︎စစ်​ရေးနိုင်ငံ​ရေး​လေ့လာသူဦးသန်းစိုးနိုင်နဲ့​မေးမြန်းခန်း

တရုတ်နိုင်ငံရဲ့ ကြားဝင်မှုနဲ့ ညီ​နောင်မဟာမိတ် ၃ ဖွဲ့နဲ့စစ်​ကောင်စီတို့ တရုတ်နိုင်ငံ၊ကူမင်းမြို့မှာ ဒီက​နေ့ (ဒီဇင်ဘာ ၁၁) တွင်​တွေ့ဆုံ​ဆွေး​နွေးခဲ့တယ်လို့ စစ်​ကောင်စီဘက်ကထုတ်ပြန်လာပါတယ်။ ​လောက်ကိုင်မြို့က စစ်​ကောင်စီတပ်နဲ့ စစ်​ကောင်စီ ဝန်ထမ်း​တွေ ဒီက​နေ့ထွက်ခွာ​ပေးရမှာဖြစ်ပြီး စစ်​ကောင်စီနဲ့ MNDAA တို့ကြား ဒီ​ဇင်ဘာလကုန်အထိအပစ်ရပ်တယ်လို့ ကနဦးစုံစမ်းသိထားရပါတယ်။ ဒီ​တွေ့ဆုံ​​ဆွေး​နွေးမှုအ​ပေါ် စစ်​ရေးနိုင်ငံ​ရေး​လေ့လာသူ ဦးသန်းစိုးနိုင်ကို ဆက်သွယ်​မေးမြန်းထားပါတယ်။

မေး – တရုတ်ရဲ့ကြားဝင်မှုနဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့နဲ့ စစ်ကောင်စီတို့ ဆွေးနွေးတယ်လို့ သတင်းကြားရပါတယ်။ ဒီအခြေအနေအပေါ် ဆရာ့အမြင်လေး သိချင်လို့ပါ။ ဘယ်လိုဆက်ဖြစ်နိုင်မလဲ။

ဖြေ – MNDAA အနေနဲ့ စစ်ကောင်စီနဲ့ တွေ့ဆုံညှိနှိုင်းတယ်ဆိုတဲ့ သတင်းကြားရတော့ ကျွန်တော့်အနေနဲ့ သိပ်တော့ မထူးခြားလှပါဘူး။ မဆန်းလှပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကြားထဲက ပွဲစားက တရုတ်ဖြစ်နေတာကိုး။ နောက်ပြီးတော့ ကိုးကန့်ဒေသဆိုတာ၊ ကိုးကန့်ဒေသထဲမှာ နေတဲ့ တရုတ်လူမျိုးတွေပေါ့ဗျာ။ တရုတ်ပြည် နဲ့ သူတို့ကတော့ အပြန်အလှန် ချိတ်ဆက်မှု၊ နားးလည်မှုတွေ ရှိပြီးသား အဖွဲ့ပါ ။ ဒီလိုဖြစ်လာတဲ့အခြေအနေက တစ်ခုက တရုတ်ပြည်ပါဝင်လို့၊ နောက်တစ်ခုကတော့စစ်ကောင်စီဘက်ကသူ့ဆီက အင်အားစုတွေပေါ့။ လောက်ကိုင်မှာ ရှိနေတဲ့ ကစထမှူးနဲ့ တပ်သားတွေပေါ့။ သူတို့တတွေရဲ့ လွတ်မြောက်ရေးအတွက် ကျွန်တော်ထင်တာတော့ တရုတ်ကို ဒူးဖက်တောင်းပန်လို့ ဒီအစီအစဥ် ဖြစ်လာတာလို့ ထင်ပါတယ်။ တစ်ခုတော့ ရှိပါတယ်။ ကျွန်တော်တို့ကလည်း စစ်မတိုက်လိုက်ရဘဲ သေကြေပျက်စီးသွားတယ်။ စစ်မတိုက်လိုက်ရဘဲ အသေအပျောက်တွေ မရှိဘူး။ သူတို့ကို တရုတ်ပြည်ထဲကနေ ထွက်ခွင့်ပေးလိုက်တယ်ဆိုရင်လည်း ကျွန်တော်တို့အနေနဲ့ နားလည်ပေးလို့ ရပါတယ်။ ဒီလိုဖြစ်လာတာလည်း မဆန်းဘူးလို့ ထင်ပါတယ်။ နောက်တစ်ဖက်ကတော့ ဒီစစ်ဆင်ရေးမှာ စခဲ့တဲ့ ညီအစ်ကိုတွေပေါ့။ TNLA နဲ့ AA တို့ မပါဘူးဆိုတော့ ဒီကွက်ဖြစ်သွားတဲ့ကိစ္စနဲ့ပတ်သက်လို့ ကျွန်တော်တို့အနေနဲ့ သိပ်ပြီးတော့လည်း နိုင်ငံရေးအရ ပြောဆို စွဲချက်တင်လိုတဲ့သဘောထားမရှိပါဘူး။ AA နဲ့ TNLA က ဆက်ပြီးတော့ သူတို့ လုပ်ငန်းစဥ်တွေအတိုင်း လုပ်လိမ့်မယ်။ နောက်တစ်ခုကတော့ ကိုးကန့်အဖွဲ့(MNDAA)အနေနဲ့ နွေဦးတော်လှန်ရေးထဲမှာ ပါဝင်ခဲ့တယ်ဆိုပေမယ့် သူ့ရဲ့နယ်မြေပြန်စိုးမိုးရေးက အဓိက ဖြစ်တဲ့အခါကျတော့ သူနယ်မြေစိုးမိုးရေးအတွက် ဒီလို အလဲအလှယ်လုပ်လိုက်တာနဲ့ပတ်သက်လို့ သိပ်ပြီးမဆန်းဘူးလို့ ယူဆပါတယ်။ ဒါပေမဲ့ သူ့ရဲ့ဘယ်လို သဘောထားနဲ့ နိုင်ငံရေးရပ်တည်ချက်ရှိလဲဆိုတာကတော့ ရှေ့လာမယ့် အရှေ့မြောက်က လားရှိုးတိုက်ပွဲတို့၊ မူဆယ်တိုက်ပွဲတို့မှာ သူဘယ်လို သဘောထားတယ်ဆိုတာ ကြည့်ပြီးတော့ သူ့ကို နိုင်ငံရေးအရ အကဲဖြတ်သင့်တယ်လို့ ယူဆပါတယ်။

Public Service Announcement

Public Service Announcement

မေး – မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် တော်လှန်ရေးရဲ့ အချိုးအကွေ့တစ်ခုကို မြင်ခဲ့ရတယ်။ စိတ်ဓာတ်လည်း တက်ကြွခဲ့ရတယ်။ တော်လှန်ရေးကို အမြင့်ဆုံးရောက်ရှိလာပြီ၊ ရောင်ခြည်မြင်ရပြီလို့ ခံစားခဲ့ကြတယ်။ ဒီလိုအချိန်မှာ အခုလို ဆွေးနွေးပွဲတွေက နိုင်ငံတဝန်းတော်လှန်ရေးအပေါ် ဘယ်လို သက်ရောက်မှု ရှိနိုင်မလဲ ဆရာ။

ဖြေ – ကျွန်တော်ခုနက ပြောသလို ကြည့်မြင်နိုင်မယ်ဆိုရင် တပြည်လုံးရဲ့ နိုင်ငံရေးအရှိန်အဟုန်ကို မထိခိုက်သင့်ဘူး။ မထိခိုက်ကောင်းဘူးလို့ ထင်ပါတယ်။ ဒါပေမဲ့ ဒီလိုလုပ်ရပ်မျိုး ဖြစ်ပေါ်လာမှုနဲ့ပတ်သက်ပြီး နှစ်မျိုးတွေးနိုင်တာပေါ့။ တစ်မျိုးက တရုတ်ရဲ့ စွက်ဖက်မှုတွေအောက်မှာ ကျွန်တော်တို့ တိုင်းပြည်တော်လှန်ရေးက ကျရောက်နေသလားဆိုတဲ့ စဥ်းစားစရာတစ်ခုပေါ့။ နောက်တစ်ခုက ကိုယ့် တော်လှန်ရေးတာဝန် ကိုယ့်ဘာကိုယ် ထမ်းဆောင်ပြီး စစ်ကောင်စီကျဆုံးရေးကို အဆုံးသတ်တိုက်ပွဲဝင်မှာလားဆိုတာ ကိုယ့်ဘာသာကိုယ် စဥ်းစားဆုံးဖြတ်ကြရမှာပါပဲ။ ကိုးကန့်က ဒီလို ညှိနှိုင်းလာတဲ့ အတွက် ကျန်တဲ့နွေဦးတော်လှန်ရေးအင်အားစုအားလုံးက အဲဒီစစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းအတိုင်း လိုက်ရမယ်ဆိုတဲ့ သဘောထားကိုတော့ ကျွန်တော်တို့က လုံးဝတွန်းလှန်ဆန့်ကျင်ပစ်ဖို့ လိုအပ်တယ်လို့ ကျွန်တော်ယူဆပါတယ်။

မေး – နောက်တစ်ခုက ဒါက စစ်ကောင်စီရဲ့ အချိန်ကိုက် သွေးခွဲမှု၊ တော်လှန်ရေးအင်အားစုတွေအကြား သွေးခွဲလုပ်ဆောင်လာမှုလို့ ရှုမြင်နိုင်မလား။ ဒီအပေါ်မှာ ဘာများ အကြံပေးလိုပါလဲ။

ဖြေ – စကစရဲ့ လုပ်ရပ်တွေနဲ့ပတ်သက်လို့ ဘာမှ လက်ခံစဥ်းစားစရာမလိုဘူး။ သူတို့နဲ့လည်း တစ်စားပွဲတည်း ထိုင်စရာမလိုဘူး။ သွေးကြွေးမှာ ဆွေးနွေးစရာမရှိပါဘူး။ တစ်ခုပါပဲ တရုတ်ရဲ့ ကိုယ်ကျိုးကြည့်ဝါဒနဲ့ ဗမာပြည်တော်လှန်ရေးမှာ စွက်ဖက်လာမှုနဲ့ပတ်သက်လို့ ကျွန်တော်တို့က ထုံးတို့မှတ်ထားရမယ့် သမိုင်းသင်ခန်းစာတစ်ခုပဲဆိုတာ ရင်ထဲမှာ ရှိထားဖို့ လိုပါတယ်။ တရုတ်ဟာ ဘယ်တုန်းကမှ ကျွန်တော်တို့ တိုင်းပြည်ရဲ့ အကျိုးစီးပွားအတွက် သဘောထားမှန်မှန်နဲ့ မလုပ်ခဲ့ဘူးဆိုတဲ့ သဘောထားကို(ရင်ထဲမှာ)စိုက်ထူထားဖို့ လိုပါတယ်။

မေး – လက်ရှိအခြေအနေနဲ့ပတ်သက်လို့ ဘာများ အကြံပြုတိုက်တွန်းချင်တာ ရှိဦးမလဲ ဆရာ။

ဖြေ – ဒီလိုအပေးအယူလုပ်ကြတဲ့ကိစ္စဟာနွေဦးတော်လှန်ရေးကို မထိခိုက်နိုင်တဲ့ သာမာန်ကိစ္စလေးတစ်ရပ်သာ ဖြစ်တယ်လို့ ပြည်သူလူထုက သဘောထားပြီး ကိုယ့်တာဝန်နဲ့ ကိုယ့်တိုက်ပွဲကို ဆက်လက်ပြီး မြဲမြဲမြံမြံ ဆက်လက်အကောင်အထည် သွား၊ မသွားဆိုတာကို ဆက်ပြီး စောင့်ကြည့်ရမှာပေါ့။ ဒါဟာ ကိုးကန့်အဖွဲ့တင်မဟုတ်ပါဘူး။ အခြားသော အဖွဲ့အစည်းအားလုံးလည်း ဒီလိုပဲ စောင့်ကြည့်ရမှာပါ။ အဲဒီလို စောင့်ကြည့်ရမယ့်အထဲ နံပတ် ၁ ကတော့ တရုတ်ရဲ့ သဘောထားနဲ့ လုပ်ဟန်ပေါ့ဗျာ။ ဒါကိုတော့ ကျွန်တော်တို့က သမိုင်းမှတ်တမ်း တင်ထားရမှာပေါ့။

ကျေးဇူးတင်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီလက်အောက်ခံလူမှုကွန်ရက်စာမျက်နှာများ၌ အမ်း၊ ဘူးသီးတောင်၊မောင်တောမြို့နယ်တို့တွင် တိုက်ပွဲများပြင်းထန်​နေကြောင်း၊စစ်ကူ​ပေးရန် ၊​လေ​ကြောင်းမှညအပြင်းအထန်တိုက်ခိုက်ရန် တိုက်တွန်း ရေးသား​နေကြသည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီသည် AA အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုများကို ဘူးသီးတောင်နှင့်မောင်တောမြို့နယ်တွင်လည်း အတင်းအကျပ် ဖိအားပေးခိုင်းစေခဲ့သည်ဟု ရိုဟင်ဂျာအရေးဆောင်ရွက်သူများကပြောသည်။

သတင်း

AA အနေဖြင့် ယခင်ရပ်တည်ချက်အတိုင်းဖြစ်ပြီး ပြည်သူများကို အကာအကွယ်ပေးကာ အပြစ်ရှိသူများကို အရေးယူမည်ဟု ပြောသည်။