၇၄ ကြိမ်မြောက် WHO နှစ်ပတ်လည် ညီလာခံကို တက်ရောက်ဖို့ အာဏာသိမ်း စစ်တပ်ကရော၊ NUG အစိုးရ အဖွဲ့ဆီကပါ ကမ်းလျမ်းမှုတွေ ရရှိထားတယ်လို့ WHO က အတည်ပြုခဲ့ပါတယ်။ မြန်မာနိုင်ငံအတွက် ဘယ်အစိုးရ အဖွဲ့ကို အသိအမှတ် ပြုရမလဲဆိုတာ ဆုံးဖြတ်လို့ မရသေးတဲ့အတွက် လာမယ့် သီတင်းပတ်မှာ စတင်ပြီး ဇွန်လ ၁ ရက်ထိ ကြာမြင့်မယ့် ညီလာခံမှာ မြန်မာကို တက်ရောက်ခွင့် မပေးတော့ဖို့ WHO အဖွဲ့ဝင် နိုင်ငံတွေ မဲမခွဲဘဲ ညှိနှိုင်း ဆုံးဖြတ်ခဲ့ကြပါတယ်။
ကပ်ရောဂါ ကူးစက်မှုတွေ မြင့်တက်နေတဲ့ လက်ရှိ ကာလမျိုးမှာတော့ WHO ရဲ့ နှစ်ပတ်လည် ညီလာခံဟာ နိုင်ငံတကာအတွက် အရေးအကြီးဆုံး အစည်းအဝေးကြီး တစ်ခုလို့ သတ်မှတ်နိုင်ပါတယ်။ မြန်မာနိုင်ငံမှာ ဘယ်အစိုးရ အဖွဲ့ကို တရားဝင် အသိအမှတ် ပြုရမလဲ ဆိုတာကို ကုလသမဂ္ဂ အထွေထွေ ညီလာခံရဲ့ စီမံဆုံးဖြတ်ချက်ကို စောင့်ပြီးမှ ရွေးချယ်သင့်တယ်လို့ ယူဆကြောင်း WHO က ပြောပါတယ်။
ဒါဟာ လက်ရှိ အခြေအနေတွေအရ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ဘယ်ကိုယ်စားလှယ်မှ မတက်ရောက်သင့်ဘူးဆိုတဲ့ အဓိပ္ပါယ် သက်ရောက်သွားပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းယူထားတာ ၄ လလောက် ကြာမြင့်ခဲ့ပြီဖြစ်ပြီး ဒီအတောအတွင်း ရက်စက်ကြမ်းကြုတ်တဲ့ ဖြိုခွင်းမှုတွေကြောင့် ပြည်သူ ၈၀၀ ကျော် သေဆုံးခဲ့ရပါတယ်။ တစ်ဖက်မှာတော့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေ ဦးဆောင် ဖွဲ့စည်းထားတဲ့ NUG အစိုးရဟာ လူထု ထောက်ခံမှုကို ပိုမို ရရှိထားပါတယ်။