ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမိုရှေးသည် COVID-19 ရောဂါကြောင့် ယနေ့ညနေပိုင်း၌ ကွယ်လွန်သွားပြီဖြစ်သည်။
မင်္ဂလာဒုံစစ်ဆေးရုံ၌ ကုသမှုခံယူနေစဉ် ယနေ့ မွန်းလွဲပိုင်း၌ ရောဂါအသည်းအသန်ဖြစ်ပွားခဲ့ပြီးနောက် ကွယ်လွန်သွားခြင်းဖြစ်သည်။
“ကိုဗစ်ကြောင့်ဆုံးတာ။ ဒီညနေ ၄နာရီကျော်လောက်မှာဆုံးတာ” ဟု ကရင်လက်နက်ကိုင်အဖွဲ့နှင့် နီးစပ်သူက ပြောသည်။
ဗိုလ်ချုပ်ကြီးစောမိုရှေး ကွယ်လွန်ပြီဆိုသည့် ပြောကြားချက်နှင့်ပတ်သက်၍ DKBA စစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးစောဟိဒိုးက “ အဲဒီလိုကြားပါတယ်” ဟု ဖြေကြားသည်။
မွန်းလွဲပိုင်းက DKBA စစ်ဦးစီးချုပ် ကွယ်လွန်ကြောင်း သတင်းများထွက်ပေါ်စဉ်က ယင်းသတင်းမမှန်ကြောင်း၊ ရောဂါ ပြန်သက်သာလာကြောင်း ဗိုလ်မှူးကြီးဟောဟိဒိုးက ပြောကြားခဲ့သော်လည်း ညနေပိုင်း၌ စစ်ဦးစီးချုပ် ကွယ်လွန်ပြီဆိုသည့် သတင်းကို ကြားကြောင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
ဗိုလ်ချုပ်ကြီးစောမိုရှေးသည် လာမည့် ဩဂုတ် ၁ရက်နေ့တွင် ၅၃နှစ်ပြည့်မည်ဖြစ်ပြီး မူလကတည်းက ရောဂါအခံရှိကြောင်း DKBA အရာရှိတစ်ဦးက ပြောသည်။
DKBA သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသည့် ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည်။
DKBA သည်စစ်တပ်က အာဏာသိမ်းမှုကို အပစ်ရပ် ၁၀ ဖွဲ့ အနေဖြင့် ကန့်ကွက်သော်လည်း အာဏာသိမ်းစစ်ကောင်စီနှင့် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းမရှိဘဲ၊ကြားတွင် စစ်ကောင်စီ နှင့်တွေ့ဆုံဆွေးနွေးခဲ့သောအဖွဲ့ဖြစ်သည်။
