အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် ၂၀၂၃ ဩဂုတ်အထိ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အာဏာ သုံးရပ်လုံးကို ရယူရန်ရှိကြောင်း ယနေ့ အာဏာသိမ်းမှု ခြောက်လပြည့်နေ့တွင် ပြောဆိုခဲ့သည်။
၂၀၂၀ ရွေးကောက်ပွဲ၌ မဲစာရင်းမှားယွင်းမှုများရှိနိုင်သည်ဟုသော စွပ်စွဲချက်ဖြင့် အာဏာသိမ်းခဲ့သည့် မင်းအောင်လှိုင်ခေါင်းဆောင်သည့် အကြမ်းဖက်စစ်တပ်သည် အရေးပေါ်ကာလ တစ်နှစ် ကြေညာထားသည်။
စစ်ကောင်စီ၏ နောက်ဆုံးလုပ်ဆောင်ရမည့် အချက်မှာ လွတ်လပ်မျှတသော ရွေးကောက်ပွဲဖြစ်ကြောင်း၊ ယင်းလုပ်ငန်းများလုပ်ဆောင်နိုင်ရန် နိုင်ငံရေး၊လုံခြုံရေး၊ စီးပွားရေး တည်ငြိမ်အေးချမ်းရန်လိုအပ်ကြောင်း စစ်ကောင်စီခေါင်းဆောင်က ဆိုသည်။
၎င်းတို့အနေဖြင့် အရေးပေါ်ကာလ တစ်နှစ်အတွင်း တာဝန်များပြီးအောင် မလုပ်နိုင်ပါက ခြောက်လနှစ်ကြိမ် သက်တမ်းတိုးမြှင့်နိုင်ကြောင်းလည်း အာဏာသိမ်းစစ် ခေါင်းဆောင်က ပြောသည်။
“ဒီကာလအတွင်းမှာ ကျွန်တော်တို့အနေနဲ့ ဆောင်ရွက်သင့် လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်တာတွေကို ပြီးစီးအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ပြီးရင် ဥပဒေအရ ရွေးကောက်ပွဲအတွက် ပြင်ဆင်ချိန် ၆လပေးပြီး ဆောင်ရွက်ရပါမယ်။ ဒီကာလများကို တွက်ကြည့်ရင် လုပ်ငန်းရပ်အားလုံးဟာ ၂၀၂၃ ခုနှစ် ဩဂုတ်အတွင်း ပြီးစီးရမယ်ဆိုတာပါပဲ” ဟု ၎င်းက ဆိုသည်။
ထိုသို့ ပြောကြားအပြီးတွင် ၎င်းဦးဆောင်ဖွဲ့စည်းထားသည့် စစ်ကောင်စီကို အိမ်စောင့်အစိုးရအဖွဲ့ဟု ပြင်ဆင်ဖွဲ့စည်းကာ မင်းအောင်လှိုင်ပင် ဝန်ကြီးချုပ်ရာထူးကို ရယူထားကြောင်း ယနေ့ထုတ်ပြန်ခဲ့သည်။
အိမ်စောင့်အစိုးရ ဖွဲ့စည်းခြင်းမှာ စစ်ကောင်စီက ချမှတ်ထားသည့် ရွေးကောက်ပွဲ ကျင်းပရေးအပါအဝင် ရှေ့လုပ်ငန်းစဉ် ငါးရပ်ကို လွယ်ကူ၊ လျင်မြန်၊ ထိရောက်စွာ ဆောင်ရွက်နိုင်ရန်ဟု အကြောင်းပြထားသည်။
စစ်ကောင်စီ ခေါင်းဆောင်အနေဖြင့် ပြည်သူများ၏ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများအား နိုင်ငံတကာ ကျင့်စဉ်အတိုင်း တုံ့ပြန်ခဲ့သည်ဟု လိမ်ညာပြောကြားခဲ့သည်။ ထိုသို့ ပြောဆိုရာတွင် စစ်အာဏာရှင်ဆန့်ကျင်သည့် ပြည်သူလူထုများကို ဆူပူဆန္ဒပြသူများဟု ၎င်းက သုံးနှုန်းခဲ့သည်။
ပြည်သူလူထု၏ ထောက်ခံမှုဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ နှင့် ပါတီဝင်များကိုနိုင်ငံ တော်အာဏာအဓမ္မရယူရန် ကြိုးပမ်းသည် အကြမ်းဖက်သည် စသဖြင့် စစ်ကောင်စီခေါင်းဆောင်က မမှန်မကန် ပြောဆိုခဲ့သည်။
ကိုဗစ်ကပ်ရောဂါတတိယလှိုင်းကို မထိန်းချုပ်နိုင်သည့် စစ်ကောင်စီအနေဖြင့် ယခု ရောဂါကူးစက်မှု များပြားနေခြင်းမှာ ယခု ကပ်ရောဂါကိုးသည် ပထမလှိုင်းနှင့် ဒုတိယလှိုင်း တို့နှင့်အခြေအနေမတူ၍ဖြစ်သည်ဟု ဆင်ခြေပေးခဲ့သည်။ စစ်ကောင်စီအနေဖြင့်ရောဂါထိန်းချုပ်ကုသရေး မဆောင်ရွက်ပေးနိုင်သည့် အပြင် ပြည်သူလူထုများ အောက်ဆီဂျင်ရရှိရေး အပါအဝင် ရောဂါကာကွယ်ကသုရေးဆောင်ရွက်မှုများကိုပင်အနှောက်အယှက်ပေးခဲ့သည်။
စစ်ကောင်စီအနေဖြင့် ကပ်ရောဂါကို လက်နက်သဖွယ်အသုံးပြုပြီး ၎င်း၏ အာဏာတည်မြဲရေးကြိုးပမ်းနေသည့် အခြေအနေမှာ ထင်းရှားနေကြောင်း ထောက်ပြဝေဖန်ခံနေရသည်။
တစ်ဖက်တွင်လည်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းအချို့နှင့် ပြည်သူလူထုများအနေဖြင့် စစ်အာဏာရှင်ချုပ်ငြိမ်းရေး ကြိုးပမ်းဆောင်ရွက်မှုများကို တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်လျက်ရှိသည်။
