စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်အတွင်းရှိ GZ လူငယ်များသည် တော်လှန်ရေးလမ်းကြောင်းတစ်ခုပေါ်တွင် ရပ်တည်ပြီး တော်လှန်နေမှတာဝန်ကျေမည်ဟုဆိုကာ Paper Strike Campaignကို ယနေ့တွင် ပြုလုပ်ခဲ့သည်။
ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးလတ်နေပြည်သူများကလည်း စစ်အာဏာရှင်ကို ဆန့်ကျင်သည့် ရွာပေါင်းစုံသပိတ်အဖြစ် နေ့စဥ်မပျက်ချီတက်ဆန္ဒပြနေသည်။
စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ သြဂုတ်၁ရက်အထိ ၉၄၅ ဦးရှိကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ယမန်နေ့တွင် ထုတ်ပြန်သည်။

အဆိုပါအရေအတွက်သည် အေအေပီပီမှ ကောက်ယူရရှိထားသည့် အရေ အတွက်ဖြစ်ပြီး အဆိုပါအရေအတွက်ထက် ပိုများနေနိုင်သည်ဟု အသိပေးထားသည်။
ထို့အပြင် ဖေဖော်ဝါရီ ၁ ရက်မှ ယနေ့ (သြဂုတ်၂ ရက်)အထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၅၄၇၄ ဦးရှိပြီး ၎င်းတို့အနက်မှ ၂၅၅ ဦး မှာထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်ဟု ထုတ်ပြန်သည်။ ထိုပြစ်ဒဏ်ကျခံရသူ များအနက်မှ အသက် ၁၈ နှစ်အောက် ကလေးနှစ်ဦး အပါအဝင်၂၆ ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်ဟု ဖော်ပြထားသည်။
ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ ၁၉၆၄ ဦးရှိပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ ၃၉ ဦး အပါအဝင် ၁၁၈ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရ၍ သေဒဏ်ချ မှတ်ခံထားရသူ စုစုပေါင်း ၆၅ဦးရှိပြီဟု ထုတ်ပြန်သည်။
