အောက်တိုဘာ ၁၉၊၂၀၂၆။သုည/People’s Spring
စစ်ကိုင်းတိုင်း ဘုတလင်နဲ့ ဆားလင်းကြီးမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက မြန်မာနိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်လက်တာဝန်ထမ်းဆောင်နိုင်ရေးအတွက် ထောက်ခံဆန္ဒပြပွဲတွေကို ဒီကနေ့ (အောက်တိုဘာ ၁၉) ပြုလုပ်ခဲ့ပါတယ်။
ဘုတလင်မြို့နယ် နေရာ ( ၄ ) နေရာမှာ ဘုတလင်မြို့နယ်သပိတ်အင်အားစုမှ “ကျွန်ုပ်တို့၏ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီးသည် ဦးကျော်မိုးထွန်း သာဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏သံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်းအား ဆက်လက်ထားရှိရန်” ၊ “Our UN Ambassador U Kyaw Moe Tun, The True Voice of Myanmar” ဆိုတဲ့ ဆိုင်းဘုတ်ထောင်ပြီး ဆန္ဒထုတ်ဖော်ပြသခဲ့ကြပါတယ်။
ဆားလင်းကြီးမြို့နယ်မှာလည်း သပိတ်အင်အားစုဝင်တွေက သံအမတ်ကြီးဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်ရှိရေးအတွက် ထောက်ခံဆန္ဒပြပွဲ ကို ဒီနေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။

Public Service Announcement
တော်လှန်ပြည်သူတွေက “Our Ambassador. Our Voice. Our Representative” စာသားကိုင်စွဲကာ ကုလသမ္မဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်နေရာရရှိရေးအတွက် လူထုလှုပ်ရှားမှုလုပ်ဆောင်ခဲ့ကြတာပါ။
ဆားလင်းကြီးမြို့နယ်သပိတ်အင်အားစုက “ဦးကျော်မိုးထွန်းဟာ မြန်မာပြည်သူလူထုရဲ့ အသံဖြစ်ပါတယ်။ လူထုအသံအစစ်အမှန်ကို ကမ္ဘာကြီးက သိနိုင်ဖို့ ဦးကျော်မိုးထွန်း ဆက်လက်နေရာရရှိရေးဟာ အင်မတန်အရေးကြီးပါတယ်။ ဒါကြောင့် လူထုတရပ်လုံး မိမိတို့ရဲ့အသံ စစ်စစ်မှန်မှန်လွင့်ပျံနိုင်ဖို့ ဦးကျော်မိုးထွန်းနဲ့အတူ ရပ်တည်လှုပ်ရှားပေးကြဖို့ တိုက်တွန်းအပ်ပါတယ်” လို့ အသိပေး ပြောကြားထားပါတယ်။
ကုလသမဂ္ဂမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ရှိနေ စေရေးအတွက် လူထုထောက်ခံပွဲတွေကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။


















































