ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် ယနေ့နံနက်ပိုင်းက တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီ တပ်ဖွဲ့ဝင် ငါးဦးဒဏ်ရာရရှိပြီး ဖယ်ခုံပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့(PDF-Pekhon)မှ တစ်ဦးဒဏ်ရာရရှိကြောင်း PDF-Pekhonက သတင်းထုတ်ပြန်သည်။
ယနေ့နံနက် ၁၁နာရီခွဲတွင် ဖယ်ခုံမြို့နယ် ခေါင်းမိုင်းကျေးရွာတွင် ပစ်ခတ်မှု ဖြစ်ပွားနေပြီး တိုက်ပွဲဆက် လက်ဖြစ်ပွားနေကြောင်း ဖော်ပြထားသည်။
ယမန်နေ့ကလည်း ဖယ်ခုံမြို့နယ်နှင့် ပင်လောင်းမြို့နယ်ကြားတွင် ၁၁ နာရီကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ PDF ဘက်မှ ဒဏ်ရာရသူ နှစ်ဦး ရှိပြီး စစ်ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာရ သေဆုံးမှုများပြားနိုင်ကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါတိုက်ပွဲတွင် ဖယ်ခုံ PDF နှင့်အတူ ဒီးမော့ဆို PDF၊ မိုးဗြဲ PDF၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP/KA)နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF) တို့ ပူးပေါင်း၍ စစ်ကောင်စီကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။
စစ်ကောင်စီဘက်ကလည်း ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့များ ပါဝင်ကာ ကရင်နီဒေသ၌ စစ်ရေးလှုပ်ရှား ထိုးစစ်ဆင်လျက်ရှိသည်။ ထို့ကြောင့် ဖယ်ခုံ၊ ဒီးမော့ဆို၊ ဖရူဆို ဒေသများ၌ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလာသည်။
