အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အနေဖြင့် နေ့စဉ်နှင့်အမျှ သတ်ဖြတ်ခံနေရသည့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန် မလွဲမသွေတိုက်ပွဲဝင်ရတော့မည်ဖြစ်၍ ကြိုတင်ပြင်ဆင်မှုများကို တာဝန်ရှိသူများက မရပ်မနား ဆောင်ရွက်နေကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။
အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ပုံမှန်အစည်းအဝေးကို ယနေ့(ဩဂုတ် ၁၇ရက်)တွင် ပြုလုပ်ရာယာယီသမ္မတက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲစတင်မည့် ရက်ညှိနှိုင်းသတ်မှတ်ပြီးသည့်အခါတွင် cabinet ကို ပြန်လည်တင်ပြကာ ဝိုင်းဝန်းဆုံးဖြတ်ကြမည်ဖြစ်သည်ဟုလည်း ယာယီသမ္မတက ပြောကြားသည်။
အစည်းအဝေးတွင် လာမည့် စက်တင်ဘာလ၌ UN သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ခန့်ထားနိုင်ရေးကိစ္စ၊ အာဆီယံမှ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် လာရောက်သည့်အချိန်တွင်လည်း NUG အနေဖြင့် တွေ့ဆုံဆွေးနွေးဖို့ရန် မူဝါဒများချမှတ်ထားရန်လိုအပ်မှု၊ Covid-19 ထိန်းချုပ်ကာကွယ်ရေးကိစ္စတို့ကိုဆွေးနွေးခဲ့ကြောင်း NUG က ထုတ်ပြန်သည်။
Covid -19 ကာကွယ်ရေးတွင် စစ်ကောင်စီ၏စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်း၊လူထုကိုကာကွယ်ရမယ့်အစား ၎င်းတို့ရဲ့အာဏာကိုသာ ကာကွယ်လိုမှုများသည် ပြည်ထောင်စု မြန်မာနိုင်ငံတော် ပျက်သုန်းစေဖို့ဖြစ်နေခြင်းကြောင့် Covid – 19 ကာကွယ်ရေးကိစ္စတွင် အစိုးရအဖွဲ့တစ်ဖွဲ့လုံးရော ပြည်သူများပါ အလေးထားဝိုင်းဝန်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။
