Connect with us

Hi, what are you looking for?

News

ထန်တလန်မြို့ကို စစ်ကောင်စီတပ် အကြိမ်ကြိမ်မီးရှို့နေခြင်းမှာ စစ်ရေး၊ ဘာသာရေးနှင့် လူမျိုးရေးအရ ဖိနှိပ်ရန်ဖြစ်ဟု CNF ပြော

“တခြား အကြောင်းအရာဆိုရင်တော့ ချင်းပြည်နယ်မှာ ဘုရားကျောင်းတွေ လက်ဝါးကပ်တိုင်တွေ သူတို့က ဖျက်ဆီးခဲ့တာ နည်းတာမဟုတ်ဘူး။ ချင်းပြည်နယ်အနှံ့မှာ ဘုရားကျောင်း ၂၂လုံးလောက်ရှိပြီ သူတို့ဖျက်တာ။ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း ဘက်မှာရောဆို ၃၀ကျော်ပြီ” ဟု ၎င်းက ဆိုသည်။

ချင်းပြည်နယ် ထန်တလန်မြို့ကို အာဏာသိမ်းစစ်ကောင်စီတပ်က အကြိမ်ကြိမ်မီးရှို့နေခြင်းမှာ စစ်ရေးအရ အသာစီးရယူရန်၊ ဘာသာရေးအရ ဖိနှိပ်ရန်နှင့် ချင်းလူမျိုးများ စီးပွားရေး လူမှုရေး နလန်မထူနိုင်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်ဟု ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော် (CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက မှတ်ချက်ပြုသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း CNA နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF)တို့က စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ခဲ့ရာ ထန်တလန်မြို့တွင်လည်း တိုက်ပွဲများဖြစ်ပွားခဲ့သည်။ စက်တင်ဘာ ၁၈ရက် တိုက်ပွဲတွင်စစ်ကောင်စီတပ်က နေအိမ်များကို ပစ်မှတ်ထားတိုက်ခိုက်မီးရှို့ခြင်းကြောင့် နေအိမ်များ မီးလောင်ခဲ့သည်။ စစ်ကောင်စီတပ်၏ လက်ချက်ကြောင့် စက်တင်ဘာ လမှ နိုဝင်ဘာ ၂၈ရက်နေ့အထိ ထန်တလန်မြို့တွင် မီးလောင်မှု အနည်းဆုံး ၉ကြိမ်ဖြစ်ခဲ့ပြီး ဘုရားကျောင်း၄ခုနှင့် ပြည်သူလူထု နေအိမ် ၃၀၀ ကျော် ပျက်စီးခဲ့ရသည်ဟု CNFက ဆိုသည်။

ထိုသို့ စစ်ကောင်စီတပ်က ထန်တလန်မြို့ကို ခဏခဏ မီးရှို့ခြင်းမှာ စစ်ကောင်စီတပ်က စစ်ကူ မလာနိုင်သေးသည့် အခြေအနေတွင် CDFနှင့် CNF တပ်များက ၎င်းတို့ တပ်စခန်းများအား တိုက်ခိုက်လာပါက မြင်ကွင်းရှင်းလင်းစေရန် ၎င်းတို့လုံခြုံရေးအတွက် မြို့ရှိ အဆောက်အအုံများကို မီးရှို့နေခြင်းဖြစ်ကြောင်း ဆလိုင်းထက်နီက ပြောသည်။

“တခြား အကြောင်းအရာဆိုရင်တော့ ချင်းပြည်နယ်မှာ ဘုရားကျောင်းတွေ လက်ဝါးကပ်တိုင်တွေ သူတို့က ဖျက်ဆီးခဲ့တာ နည်းတာမဟုတ်ဘူး။ ချင်းပြည်နယ်အနှံ့မှာ ဘုရားကျောင်း ၂၂လုံးလောက်ရှိပြီ သူတို့ဖျက်တာ။ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း ဘက်မှာရောဆို ၃၀ကျော်ပြီ” ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ထိုသို့ ခရစ်ယာန်ဘာသာရေး အဆောက်အဦ များ၊ ဘုရားကျောင်းများကို ဖျက်ဆီးခြင်းသည် ချင်းအမျိုးသား အများစု ကိုးကွယ်သည့် ခရစ်ယာန်ဘာသာကို ဘာသာရေးအရ ဖိနှိပ်ရန် စစ်ကောင်စီက လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆလိုင်းထက်နီက ပြောသည်။

ထို့ပြင် နေအိမ်များ မီးရှို့လိုက်ခြင်းအားဖြင့် ပြည်သူ လူထုများကို အကြောက်တရားသွတ်သွင်းကာ လက်နက်ကိုင် အဖွဲ့များနှင့် ချိတ်ဆက် ပံ့ပိုးမှု မလုပ်ရဲစေရန် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဆိုသည်။

“ချင်းပြည်နယ်ရဲ့ စားဝတ်နေရေး လူမှုဘ၀ မထူထောင်နိုင်အောင် သူတို့က လုပ်တာ။ စီးပွားရေး လူမှုရေးကအစ နာလန်မထနိုင်အောင်လုပ်တာ” ဟု ဆလိုင်းထက်နီက ပြောသည်။

ချင်းပြည်နယ်သည် နွေဦးတော်လှန်ရေးကာလတွင် စစ်ကောင်စီတပ်များကို ခုခံတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည့် ဒေသဖြစ်သည်။ အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်ရှိ မြို့နယ်အသီးသီး၌ ဒေသကာကွယ်ရေးတပ်များ ဖွဲ့စည်းပြီးရရာလက်နက်ဖြင့် ခုခံတိုက်ခိုက်ခဲ့ရာ ချင်းပြည်နယ် တိုက်ပွဲများ၌ စစ်ကောင်စီတပ်က အထိနာခဲ့သည်။

လက်ရှိတွင်လည်း စစ်ကောင်စီတပ်က ချင်းတောင်ပိုင်းနှင့် မြောက်ပိုင်းဒေသများသို့ စစ်အင်အားများ ဖြည့်တင်းပြီး စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်နေ၍ တိုက်ပွဲများ ပိုမိုဖြစ်လာနိုသည်ဟု ဆလိုင်းထက်နီက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်မှာ ချင်းပြည်ကောင်စီ ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေတယ်လို့ ချင်းပြည်ကောင်စီအဖွဲ့ဝင် ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

အတွေးအမြင်

(စစ်အုပ်စု၏ လတ်တလောအောင်မြင်မှုများသည် အပြီးသတ်အောင်ပွဲမဟုတ်သေး)

သတင်း

တော်လှန်ရေးအင်အားစုတွေအကြား ပဋိပက္ခတွေကို နိုင်ငံရေးနည်းနဲ့သာဖြေရှင်းဖို့ စစ်ရေးနည်းနဲ့ မဖြေရှင်းဖို့ ကျောင်းသားသမဂ္ဂ အင်အားစုတွေက ဒီကနေ့ ဇွန် ၂၇ရက်မှာ ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။