၂၀၂၁အတွင်း မြန်မာနိုင်ငံရှိ အသေးစားစီမံကိန်းများအတွက် ယူရို ၂သိန်းခွဲ ထောက်ပံ့ပေးခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံးက ယနေ့ ထုတ်ပြန် သည်။
ဂျာမနီနိုင်ငံအနေဖြင့် ယခုကဲ့သို့ ခက်ခဲသည့်အချိန်များတွင် မြန်မာပြည်သူများနှင့် တစ်သားတည်း ရှိနေပြီး ၂၀၂၂ တွင်လည်း ဆက်လက်ရပ်တည်သွားမည်ဟု သံရုံး၏ ထုတ်ပြန်ချက်တွင်ဖော်ပြထား သည်။
ထိုထောက်ပံ့ငွေများသည် ကိုဗစ်-၁၉ နှင့်ဆက်စပ်သော စီမံကိန်းများနှင့် ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းတို့ရှိ ပြည်သူများအတွက် အခြေခံအစားသောက်နှင့် ဆေးဝါးများ ပံ့ပိုးခဲ့ခြင်းဖြစ်သည်ဟု ဂျာမနီသံရုံးကဆိုသည်။
ထိုပြင် မန္တလေးတိုင်းရှိ မူကြိုကျောင်းတွင် ပရိဘောဂများ တပ်ဆင်ပေးခြင်း၊ ကစားကွင်းများ ဆောက်လုပ်ပေးခြင်း၊ မသန်စွမ်းသူများအတွက် ဘီးတပ်ကုလားထိုင်များ ထောက်ပံ့ပေးခြင်းတိုကို ဆောင်ရွက်ပေးခဲ့သည်ဟုဆိုသည်။ ယင်းတို့အပြင် ဧရာဝတီတိုင်းရှိ ကြိုးကြာခေါင်းနီများ ထိန်းသိမ်းရန် ရန်ပုံငွေ ထောက်ပံ့ပေးခြင်းတို့လည်း ဆောင်ရွက်ခဲ့သည်ဟု ဆိုထားသည်။

Public Service Announcement
ဂျာမနီနိုင်ငံ မြို့ပြနေပြည်သူများကြား စားနပ်ရိက္ခာမလုံလောက်သည့်ပြဿနာ ကြီးထွားလာမှုကို တုံ့ပြန်ရန်အတွက် မြန်မာနိုင်ငံရှိ WFP အတွက် ယူရို ၃ သန်းထပ်မံကူညီခဲ့သည်ဟု ဒီဇင်ဘာ ၁၆ ရက်ကထုတ်ပြန်ထားသည်။
WFPသည် မြန်မာနိုင်ငံရှိ မြို့ပြဒေသမှ ပြည်သူ ၂ သန်းအထိ စားနပ်ရိက္ခာထောက်ပံ့ပေးနိုင်ရန် ရည်မှန်းထားခြင်းကြောင့်ဖြစ်သည်ဟု သံရုံးက ဆိုထားသည်။
ထိုပြင် ဂျာမနီသည်မြန်မာနိုင်ငံအတွင်းရှိ ထိခိုက်အလွယ်ဆုံးသော ပြည်သူများအတွက် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းရန် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA)ကိုဒီဇင်ဘာ ၁၃ ရက်က ယူရို ၃သန်းထောက်ပံ့ခဲ့သေးသည်။ ၎င်းသည် မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမူ ရံပုံငွေအတွက်ဖြစ်သည်ဟု သံရုံးကဆိုထားသည်။


















































