ဂျာမနီ အစိုးရ အဓိပတိ ရောက်ရှိချိန်မှာတောင် ယူကရိန်းရဲ့ မြို့တော် ကိယက်ဗ်ဟာ ရုရှားရဲ့ တိုက်ခိုက်မှုတွေကို ကြုံတွေ့နေခဲ့ရကြောင်း သိရပါတယ်။
အောက်တိုဘာ ၄ ရက်နေ့က ကိယက်ဗ်မှာ ရှိနေတဲ့ မားဇ်ဟာ လေကြောင်း အန္တရာယ် အချက်ပေး ဥဩသံတွေ မြည်ဟည်းလာတဲ့ အခြေအနေကို ကိုယ်တိုင် ကြုံတွေ့ခဲ့ရပါတယ်။ မားဇ်ဟာ ကိယက်ဗ် ခရီးစဉ် အတောအတွင်း ယူကရိန်းအတွက် ဒေါ်လာ ၁.၅ ဘီလီယံတန် အကူအညီတွေ ပေးအပ်မယ့် စာချုပ်ကို လက်မှတ် ရေးထိုးခဲ့ပါတယ်။
အဲဒီ အကူအညီတွေထဲမှာတော့ တိုက်ခိုက်ရေး ဒရုန်းတွေ အပါအဝင် စစ်လက်နက်တွေအတွက် ဒေါ်လာ ၁ ဘီလီယံဖိုး၊ ရုရှားရဲ့ တိုက်ခိုက်မှုတွေကြောင့် ထိခိုက်ယိုယွင်းနေတဲ့ ယူကရိန်း စွမ်းအင်ကဏ္ဍကို ကျားကန်ပေးဖို့ ဒေါ်လာ သန်းပေါင်း ၃၅၀ တို့ ပါဝင်ပါတယ်။ ဆောင်းရာသီ နီးကပ်လာချိန်မှာ ရုရှားဟာ ယူကရိန်းရဲ့ ဓာတ်အားပေး ကွန်ရက်တွေကို ဖြတ်တောက်ဖို့ ပိုပြီး အားထုတ် ကြိုးစားလာနေပါတယ်။
လကုန်ပိုင်းကျရင် စစ်ရပ်စဲရေးကိစ္စ ကြားဝင်စေ့စပ်ပေးဖို့ အမေရိကန်က ရုရှားနဲ့ရော၊ ယူကရိန်းပါ တွေ့ဆုံဖို့ ကမ်းလှမ်းထားတဲ့အကြောင်း မားဇ်နဲ့ တွေ့ဆုံချိန်မှာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောပြခဲ့ပါတယ်။

Public Service Announcement
ကိယက်ဗ် မြို့ထဲမှာ ပြီးခဲ့တဲ့ သီတင်းပတ် အစောပိုင်းတုန်းက ရုရှား ဒရုန်း ထိမှန်ပြီး ထိခိုက် ပျက်စီးခဲ့တဲ့ အမျိုးသား သိပ္ပံ အကယ်ဒမီ နေရာမှာ မားဇ်ကို ဇီလန်စကီးက လိုက်လံ ပြသနေချိန် မြို့ထဲမှာလည်း လေကြောင်း အန္တရာယ် အချက်ပေး ဥဩသံတွေ မြည်ဟည်းနေခဲ့ပါတယ်။ အဓိပ္ပါယ်ကင်းမဲ့တဲ့ စစ်ပွဲရဲ့ ဖျက်ဆီးမှု ဒဏ်တွေကို ဒီနေရာက သက်သေပြနေတယ်လို့ ဇီလန်စကီးက အပျက်အစီးပုံကို ညွှန်ပြရင်း ပြောပါတယ်။
ယူကရိန်း အရပ်သားတွေအပေါ် ရက်ရက်စက်စက် တိုက်ခိုက်နေမှုတွေ ရပ်တန့်သွားဖို့ လိုပြီဖြစ်ကြောင်း၊ ယူကရိန်းမှာ နေ့တိုင်း စစ်ရာဇဝတ်မှုတွေ ကျူးလွန်တာကို ကြုံတွေ့ ဖြတ်သန်းနေရကြောင်း ဇီလန်စကီးက ဆိုပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ရုရှားဟာ ကိယက်ဗ်မြို့တော်ရဲ့ ကူးသန်းသွားလာရေးအတွက် အချက်အခြာ အကျဆုံး တံတားတွေ အပါအဝင် အခြေခံ အဆောက်အအုံတွေကို ပိုမို ပစ်မှတ်ထား တိုက်ခိုက်လာပါတယ်။
ကိယက်ဗ် မြို့တော် ဗီတာလီ ကလစ်ချ်ကိုက ရုရှားရဲ့ ဒရုန်းနဲ့ ဒုံးကျည်တွေဟာ လူနေအိမ်တွေ၊ ဓာတ်ဆီဆိုင်တွေ၊ ကျောင်းတွေ၊ ရထားလမ်းတွေ၊ ဆက်သွယ်ရေးဆိုင်ရာ အခြေခံ အဆောက်အအုံတွေကို ပစ်မှတ်ထားနေပြီး လေကြောင်း အန္တရာယ် အချက်ပေး ဥဩသံတွေကလည်း မြို့ထဲမှာ အဆက်မပြတ်နီးပါး မြည်ဟည်းနေကြောင်း ပြောပါတယ်။
မားဇ်ကတော့ ယူကရိန်းကို ဆက်လက် ထောက်ပံ့ ကူညီနေခြင်းဟာ ဥရောပတိုက်ရဲ့ လုံခြုံရေးအတွက် အထူးအရေးတကြီး လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ရုရှားကို မရပ်တန့်နိုင်ဘူးဆိုရင် သူတို့ရဲ့ စစ်သုံးယန္တရားတွေဟာ မကြာခင် ဥရောပဖက် ဦးလှည့်လာလိမ့်မယ်လို့ မားဇ်က ဆိုပါတယ်။
ယူကရိန်းကတော့ ရုရှားက အသစ် အသုံးပြုလာတဲ့ ဂျက်အင်ဂျင်တပ် မြန်နှုန်းမြင့် ဒရုန်းတွေ၊ ပဲ့ထိန်းဒုံးကျည်တွေကို ကြားဖြတ် ပစ်ချနိုင်မယ့် လေကြောင်းကာကွယ်ရေး ခဲယမ်းလက်နက်တွေ တိုးမြှင့် ထောက်ပံ့ပေးဖို့ အနောက် မဟာမိတ် နိုင်ငံတွေဆီ အပူတပြင်း တောင်းဆိုနေပါတယ်။ ဂျာမနီနဲ့ လက်ရှိ ရယူထားတဲ့ သဘောတူညီချက်မှာတော့ အဲဒီ ဂျက်အင်ဂျင်တပ် ဒရုန်းတွေကို ကြားဖြတ် ဟန့်တားမယ့် တန်ပြန်ဒရုန်းတွေ ပူးပေါင်း ထုတ်လုပ်ရေး အစီအမံတွေ ပါဝင်ကြောင်း သိရပါတယ်။
ကိုးကား: AFP



















































